မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ
ကျဆုံးခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်တွေကို အမှတ်ရအောက်မေ့သောအားဖြင့် အာဇာနည်နေ့ အခမ်းအနား
ကျင်းပလာခဲ့တာ ယခုနှစ်မှာ နှစ် ရ၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
နှစ် ရ၀ မြောက် အာဇာနည်နေ့မှာ မြင်တွေ့ရမယ့် ထူးခြား အစီအစဉ်အသစ်တွေကို
စုစည်းတင်ပြလိုက်ပါတယ်။
အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ရန်ကုန်မြို့လယ်က အတွင်းဝန်များရုံးကို ၂၀၁၄ ခုနှစ်မှာ
အများပြည်သူတွေကို စတင်ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့ပါတယ်။
ဒီနှစ်မှာတော့ နှစ် ရ၀ မြောက်ဖြစ်တာနဲ့အတူ အတွင်းဝန်များ ရုံးထဲမှာ အရင်က ၀င်ခွင့်မရှိတဲ့
နေရာတွေကို ၀င်ရောက်ကြည့်ရှုလေ့လာနိုင်မယ့် အစီအစဉ်အသစ်တွေ ရှိနေပါတယ်။
အတွင်းဝန်များရုံးအတွင်း ၀င်ရောက် လည်ပတ်နိုင်မယ့် နေရာတွေထဲမှာ ၁၉၃၆ ခုနှစ်ကနေ
၁၉၆၂ ခုနှစ်အထိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးဖြစ် အသုံးပြုခဲ့တဲ့ သမိုင်းဝင် ပါလီမန်
အဆောက်အအုံလည်း ပါ၀င်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ မွေးဖွားရာ နေရာလို့ ဆိုနိုင်တဲ့ ဒီအဆောက်အအုံထဲမှာ
အာဇာနည်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ ပါလီမန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့
ပိုစတာတွေ ဗီနိုင်းတွေကိုလည်း လာမယ့် အာဇာနည်နေ့မှာ ပြသသွားမှာပါ။
အာဇာနည်နေ့ နံနက် ရ နာရီခွဲအချိန်မှာ ပါလီမန်အဆောက်အအုံရှေ့က အလံတိုင်မှာ
မြန်မာနိုင်ငံအလံကို လွှင့်တင်တဲ့ အခမ်းအနားကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲဒီ အလံတိုင်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိတဲ့အချိန်မှာ အင်္ဂလိပ်ယူနီယံ ဂျက်အလံကိုချပြီး
မြန်မာနိုင်ငံတော်အလံကို ပထမဆုံးအကြိမ် လွှင့်တင်ခဲ့တဲ့ အလံတိုင်လည်း ဖြစ်ပါတယ်။
အများပြည်သူကို ၀င်ခွင့်ပေးမယ့်အချိန်က မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲ အထိဆိုတော့
အလံတင်တဲ့ အစီအစဉ်ကိုတော့ ကြည့်ရဖို့ မလွယ်ပါဘူး။
အတွင်းဝန်များရုံးရဲ့ အနောက်ဘက် အဆောင်မှာရှိတဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့
ကတ်ဘိနက် ၀န်ကြီးများ အစည်းအဝေးခန်းကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။
အရင်နှစ်တွေက ဘုရားခန်းအနေနဲ့ ပိတ်ထားတဲ့ မှန်တံခါးပေါက်တွေကြားကနေပဲ ကြည့်ခဲ့ရပေမဲ့
ဒီနှစ်မှာတော့ တံခါးတွေကို ဖွင့်ထားမှာဖြစ်သလို အမျိုးသားပြတိုက်မှာ ထိန်းသိမ်းထားတဲ့
လုပ်ကြံခံရတဲ့အချိန်က ရှိခဲ့တဲ့ မူရင်းပစ္စည်းအမျိုးအစား ၂၈ မျိုးကို ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီပစ္စည်း ၂၈ မျိုးထဲမှာ AR တံဆိပ်ပါရှိတဲ့ လက်စွပ်၊ ချက်လက်မှတ်စာအုပ်၊ အဲဒီခေတ်က
အသုံးပြုခဲ့တဲ့ ငွေစက္ကူတွေ၊ စာကြည့် မျက်မှန်တစ်လက်၊ ပါလီမန်စည်းမျဉ်း စည်းကမ်း စာရွက်စာတမ်း၊
စီးကရက်ဘူးနဲ့ လက်ကျန် ဆေးလိပ်ကိုးလိပ်၊ ြု အမှတ်အသားပါရှိတဲ့ လက်ကိုင်ပဝါ၊
ဘောပင်နှစ်ချောင်းလည်း ပါ၀င်ပါတယ်။
လာရောက်ကြည့်ရှုသူတွေအနေနဲ့ အဲဒီအခန်းကို အတိတ်ကအတိုင်း မြင်တွေ့နိုင်မှာဆိုတော့
စိတ်ဝင်စားစရာပါပဲ။
"လောလောဆယ်တော့ ပရိဘောဂတွေကို အဲဒီတစ်ရက်ပဲ ပြသွားမှာပါ။ နောက်ပိုင်း အဲဒီအခန်းထဲမှာပဲ
ထားရှိဖို့တော့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ဘယ်တော့လဲဆိုတာကတော့ မပြောနိုင်သေးပါဘူး။
မိသားစုဝင်တွေကလည်း အဲဒီလိုထားမယ့် ကိစ္စကိုသဘောတူကြပါတယ်" လို့ အတွင်းဝန်များရုံး
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (The Secretariat Conservation Group) ပြောရေးဆိုရေးရှိသူ
မမေသန္တာဝင်းက ပြောပါတယ်။
ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ အာဇာနည်နေ့ ပန်းချီအနုပညာပြပွဲကိုလည်း အတွင်းဝန်ရုံးမှာ
ပထမဆုံး အကြိမ်နဲ့ ပြုလုပ်သွားဖို့ရှိပါတယ်။
အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြပွဲမှာ ပြသမယ့် ပန်းချီကား ၄၀ က အသက် ၁၀ နှစ်ကနေ
၁၄ နှစ်ကြားက ကျောင်းသားလေးတွေ ရေးဆွဲထားတဲ့ ပန်းချီတွေပါ။
"ကလေးတွေရဲ့ ပန်းချီအနုပညာတွေကို ပေးပို့ဖို့ကို ပြီးခဲ့တဲ့ မေလလယ် လောက်ကတည်းက
ဖိတ်ခေါ်ခဲ့ပါတယ်။ စုစုပေါင်း ပန်းချီကား ၂၇၀ ကျော် လက်ခံရရှိပြီး အဲဒီထဲက ဆန်ခါတင်
ရွေးချယ်ထားတဲ့ ပန်းချီကား ၄၀ ကို အာဇာနည်နေ့ကျရင် အတွင်းဝန်ရုံးထဲက အခန်းတစ်ခုမှာ
ပြသွားမှာပါ" လို့ မမေသန္တာဝင်းက ဆိုပါတယ်။

ပန်းချီကားတွေက အာဇာနည်ကြီးတွေ စွန့်လွှတ်ပေးဆပ်မှုကို အမှတ်ရလေးစားတဲ့အနေနဲ့
ပုံဖော်ထားတဲ့ ကားတွေဖြစ်ပြီး အဲဒီနေ့မှာပဲ ပြသထားတဲ့ ပန်းချီကား ၄၀ ထဲက အကောင်းဆုံး
သုံးကားကို ရွေးချယ်ပြီး ပထမ၊ ဒုတိယနဲ့ တတိယ ဆုတွေ ချီးမြှင့်သွားမှာပါ။
"ပန်းချီကား ၄၀ စလုံးကိုတော့ အသိအမှတ်ပြုလက်မှတ်ပေးသွားမယ်။ ဆုကတော့ ပထမဆုံး
ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်းနဲ့ တတိယဆု ကျပ်တစ်သိန်းဆိုပြီး ချီးမြှင့်သွားမယ်။
အကဲဖြတ်မှာကတော့ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီဌာနတို့က တာဝန်ရှိသူတွေရယ်
ပန်ချီပညာရှင် တွေထဲကရယ် စုစုပေါင်း ငါးဦးက အကဲဖြတ် ရွေးချယ်မှာပါ။ ဆုပေးပွဲကိုတော့
မွန်းလွဲ ၂ နာရီ ပန်းချီကားတွေပြထားတဲ့ အခန်းမှာပဲ ပြုလုပ်မှာပါ" လို့ မမေသန္တာဝင်းက ဆိုပါတယ်။
အကယ်လို့ အာဇာနည်နေ့မှာ မအားလို့ အတွင်းဝန်များရုံးကို ၀င်ခွင့်မရလိုက်တဲ့ သူတွေလည်း
မစိုးရိမ်ပါနဲ့။
ဒီနှစ်မှာ နှစ် ရ၀ မြောက်ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ အတွင်းဝန်ရုံးကို ဇူလိုင် ၂၁ ရက်အထိ သုံးရက်ကြာ
အများပြည်သူတွေ ၀င်ရောက် လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးထားပြီး၊ အာဇာနည်နေ့အတိုင်း ပြသထားမှာ
ဖြစ်ပါတယ်။
အာဇာနည်နေ့ကျရင် အတွင်းဝန်များရုံးအပြင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြည်သူလူထုတွေ
သွားရောက် လည်ပတ်မှုကလည်း အရမ်းကို များလှပါတယ်။
လက်ရှိမှာ အာဇာနည်နေ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အတွက် ဗိုလ်ချုပ်ပြတိုက်က
ဇူလိုင် ၁၀ ရက်ကနေ ၁၈ ရက် အထိ ပိတ်ထားပါတယ်။
"မနှစ်ကတော့ ဂိတ်ဝကနေ အိမ်ရှေ့လှေကားအထိ လျှောက်လမ်းတစ်လျှောက်ကို ဗိုလ်ချုပ်ရဲ့
ဓာတ်ပုံတွေ ပြခဲ့တယ်။ ဒီနှစ်မှာတော့ ဗိုလ်ချုပ်ရဲ့ ရှားပါး အဆိုအမိန့်တွေကို ဘုတ်ပြားတွေထောင်ပြီး
ပြသသွားမယ်။ နောက် တခြားပြင်ဆင်တာတွေ ပြုပြင်တာတွေလည်း လုပ်ဦးမှာဖြစ်တာကြောင့်
ပြတိုက်ကို ဇူလိုင် ၁၀ ရက်ကစပြီး ၉ ရက်ကြာ ပိတ်ထားမှာပါ" လို့ ဗိုလ်ချုပ်ပြတိုက် တာဝန်ခံအရာရှိ
ဒေါ်သီသီသောင်းက ပြောပါတယ်။
ပြင်ဆင်မှုတွေထဲမှာ ခြံဝင်းထဲက မြေထိန်းနံရံ အထက် ပတ်လမ်းနဲ့ အောက်ပတ်လမ်းတွေကို
ဆေးပြန်သုတ်တာ၊ အိမ်သာကိုသွားမယ့် လျှောက်လမ်းတွေမှာ ကွန်ကရစ်ပြန်လောင်းတာ၊
ခြံစည်းရိုးကိုလည်း သွပ်ဆူးကြိုး အလိပ်တွေတင်ပြီး ဆေးပြန်သုတ်တာပဲ ဖြစ်ပါတယ်။
ဒီနှစ်မှာမှ ဗိုလ်ချုပ်ပြတိုက်ထဲမှာ အသစ်အနေနဲ့ တွေ့မြင်ရမယ့် ပြကွက်တစ်ခုက ၁၉၅၃ ခုနှစ်
ဇန်နဝါရီ ၁၆ ရက်က နေအိမ်ထဲက ရေကန်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ သားအလတ်ဖြစ်သူ
အောင်ဆန်းလင်း သေဆုံးခဲ့တဲ့နေ့က သင်ယူခဲ့တဲ့ အင်္ဂလိပ်ကျောင်းစာ၊ သူဆော့ခဲ့တဲ့ ကတ်တွေနဲ့
ကျောင်းသုံးစာအုပ်တွေ ပုံနိုပ်စာတွေကိုလည်း ပြသသွားမှာပါ။
အဲဒီထဲမှာ ထူးခြားချက်ကတော့ အောင်ဆန်းလင်း ရေနစ်သေဆုံးတဲ့နေ့က သင်ခဲ့တဲ့ အင်္ဂလိပ်စာက
ရေနစ်တာနဲ့ ပတ်သက်နေတာပါပဲ။ သူရေးခဲ့တဲ့ စာကို မြန်မာလို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်
'ရေနစ်သူ တစ်ယောက်ကို ကယ်ဆယ်မယ်ဆိုရင် ကျွန်တော်အမြဲမှတ်ထားရမှာက
နောက်ကျောဘက်ကနေ ကယ်ရမယ်၊ အားသုံးရမယ်။ ဘာလို့လဲဆိုရင် သူကဆွဲမိဆွဲရာ
လှမ်းဆွဲမှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံး ရေနစ်သေဆုံးသွားနိုင်လို့ပါပဲ' တဲ့။ အဲဒီစာကိုလည်း
သူရဲ့ လက်ရေးမူအတိုင်း တွေ့မြင်ရမှာပါ။
ပြတိုက်လုပ်ထားတဲ့ နေအိမ်မှာ ဗိုပ်ချုပ်အောင်ဆန်းက မိသားစုနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လကနေ
၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရတဲ့နေ့အထိ နေထိုင်ခဲ့ပြီး ကျန်တဲ့ မိသားစုတွေကတော့
အောင်ဆန်းလင်း သေဆုံးပြီးနောက်ပိုင်း ဘယ်သူမှ မနေထိုင်ကြတော့ပါဘူး။ ဒီလိုသမိုင်းဝင်နေရာ
ဖြစ်တဲ့ ဗိုလ်ချုပ်ပြတိုက်ကို ပုံမှန် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲထိ ဖွင့်လှစ်ပေမဲ့ အခုလာမယ့်
အာဇာနည်နေ့မှာ မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ အများပြည်သူတွေ
၀င်ရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးသွားမှာပါ။
ပြီးခဲ့တဲ့နှစ် အာဇာနည်နေ့က လူပေါင်း တစ်သိန်းတစ်သောင်းကျော်လောက် လာရောက် ဂါရဝပြုခဲ့တဲ့
ဗဟန်းမြို့နယ်က အာဇာနည်ဗိမာန် ကလည်း အခုနှစ်မှာ အများပြည်သူတွေအတွက်
အရင်နှစ်တွေကထက် ပိုအဆင်ပြေအောင် သေချာပြင်ဆင်ထားပါတယ်။
"အာဇာနည်ဗိမာန်ကို နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း ဆေးသုတ်မွမ်းမံတယ်။ ပြီးတော့ ဗိမာန်ရဲ့
ရင်ပြင်ပေါ်က စကျင်ကျောက်တွေ၊ မာဘယ်ကျောက်တွေ၊ ကြွေပြားတွေကို လဲသင့်လဲထိုက်တာကို
အစားထိုး လဲလှယ်တယ်။ ပြီးတော့ စက်နဲ့ဆေးကြော သန့်စင်တယ်။ စသဖြင့်ပေါ့။ အများပြည်သူဝင်တဲ့
၀င်ပေါက်ကနေ လျှောက်လမ်း တောက်လျှောက်မှာ ကွန်ကရစ် မကောင်းတာတွေ၊ ပလက်ဖောင်း
မကောင်းတာတွေ၊ လှေကားထားတွေကိုလည်း ပြုပြင်မွမ်းမံပြီးပါပြီ" လို့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ရဲ့ ဌာနခွဲမှူး ဦးစောနိုင်က
ရှင်းပြပါတယ်။

လူအများ လာရောက်အားပေးတာနဲ့အတူ အဝင်အထွက် အတက်အဆင်းမှာ မနှစ်ကထက်
အဆင်ပြေအောင်လည်း တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ထားပါတယ်။
"ဗိမာန်ကြီးမှာ ပြည်သူတွေအလေးပြုပြီး ဆင်းတဲ့လှေကား နှစ်စင်းရှိပါတယ်။ တစ်ခုကို
ရှစ်ပေ အကျယ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီလှေကားမှာ ဘီးတပ်ကုလားထိုင်လမ်းကို
မသန်စွမ်းသူ၊ လမ်းမလျှောက်နိုင်တဲ့ သူတွေအတွက် ထည့်သွင်းတည်ဆောက်လိုက်တာကြောင့်
လှေကားတစ်ဖက်က ကျဉ်းသွားတယ်။ အဲဒီတော့ ပြည်သူတွေ ဂါရဝပြုပြီး ပြန်ဆင်းတဲ့အခါမှာ
အခက်အခဲတွေရှိတဲ့အတွက် ဒီနှစ်မှာ ဘီးတပ် ကုလားထိုင်လမ်းကို လှေကားမှာမဟုတ်ဘဲ
ဒီဇိုင်းအသစ်ပြောင်းပြီး နေရာပြောင်းဆောက်လုပ်ခဲ့တယ်။ ပြည်သူတွေ ဆင်းမယ့်လှေကားကိုလည်း
မူလ ရှစ်ပေကနေ အခု ၁၅ ပေအထိ ကျယ်အောင် ပြန်လည်ပြုပြင်ခဲ့ပါတယ်" လို့ ဦးစောနိုင်က
ပြောပါတယ်။
မနှစ်ကမှ ထားရှိထားတဲ့ ကြယ်ပုံသဏ္ဌာန်ထုဆစ်ထားတဲ့ ကြွေလွင့်ကြယ်နားမှာ အရင်နှစ်ကဆိုရင်
ပြည်သူတွေက အမှတ်တရ လာရောက်ကြည့်ရှု ဓာတ်ပုံရိုက်ကြတာများတဲ့အတွက် ဒီနှစ်မှာလည်း
ပိုပြီးအဆင်ပြေအောင် အဲဒီကြယ်ရဲ့ ပတ်ချာလည်မှာ အကွက်ဖော်ထားတဲ့ မြက်ခင်းအလှတွေနဲ့
ပိုမိုဆန်းသစ်အောင် ပြုပြင်ဆောင်ရွက်ထားသလို မြေပြင်မှာလည်း ကျောက်ပြားတွေ၊ ပန်းကွက်တွေ
ပြန်လည်ပုံဖော်ထားပါတယ်။
နောက်ပြီးတော့ မနှစ်က လုပ်ခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ မိန့်ခွန်းတွေကို
ဘုတ်ထောင်ပြီး ပြသထားတဲ့ နေရာအရှေ့မှာလည်း အများပြည်သူတွေ အဆင်ပြေပြေ ကြည့်ရှုနိုင်ဖို့
သီးခြားလျှောက်လမ်းကို ဒီနှစ်မှာ ထပ်တိုးပြီး ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။
အာဇာနည်ဗိမာန်ကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို မေလ ၁၀ ရက်ကတည်းက
စတင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၁၀ ရက်မှာတော့ ပြုပြင်မွမ်းမံတာတွေကို သက်ဆိုင်ရာက
အပြီးသပ် လုပ်ဆောင်ခဲ့ကြပါတယ်။
"ဒီနှစ်မှာ ခြံစည်းရိုးတွေ ပြန်ပြင်တာတွေ၊ အထဲက ဗီနိုင်းတွေ အသစ်ပြန်ပြင်တဲ့အခါမှာ မြက်ခင်းတချို့
ဖယ်ပေးရတာရှိတယ်။ ဖျက်ပေးရတာရှိတယ်။ ပြန်အသစ်လုပ်ရတာရှိတယ်။ ဒါတွေကို လူအင်အား
တစ်ရာနဲ့ ခုနစ်ရက်လောက် မြက်တွေပျက်သွားတဲ့ နေရာမှာ တခြားပန်းခြံတွေထဲက မြက်တွေကို
အချပ်လိုက် ခွာကပ်တာမျိုး၊ ဖာတာမျိုးတွေ ပြန်လုပ်ရတယ်" လို့ အာဇာနည်ဗိမာန်အပြင်
ဗိုလ်ချုပ်ပြတိုက်နဲ့ အတွင်းဝန်များရုံး စိမ်းလန်းစိုပြည်ရေးအပိုင်းကိုပါ အဓိကထား ဆောင်ရွက်ရတဲ့
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနက
ဒုတိယဌာနမှူး ဦးလှဝင်းအောင်က ပြောပါတယ်။
"အာဇာနည်နေ့နီးလာရင် အာဇာနည်ဗိမာန်မှ မဟုတ်ပါဘူး ဗိုလ်ချုပ်ပြတိုက်မှာလည်း သန့်ရှင်းရေး
၀င်ရောက် လုပ်ဆောင်ပြီး ဗိုလ်ချုပ်စိုက်ခင်းထဲက ချဉ်ပေါင်၊ ငရုတ်၊ ကန်စွန်း၊ သခွား၊ ခရမ်း စသဖြင့်
အဲဒါတွေကိုလည်း စိုက်ပျိုးပြီး အများပြည်သူ လေ့လာနိုင်အောင် ဆောင်ရွက်ပါတယ်။
နောက် ၀န်ကြီးများရုံးကိုလည်း တစ်ဝင်းလုံး လူအင်အား ၄၀၀ လောက်ထည့်ပြီး သန့်ရှင်းရေး
ဆောင်ရွက်ပါတယ်။ အပင်တွေ ပုံသွင်းတယ်။ ဖြတ်ညှိတယ်။ မြက်တွေဖြတ်။ အဲဒါတွေ
သုံးရက်လောက် လုပ်လိုက်ရပါတယ်။ နှစ်တိုင်းလိုလို လုပ်ရတာပေါ့" လို့ သူက ဆက်ရှင်းပြပါတယ်။
အာဇာနည်ဗိမာန်အတွင်းကို အများပြည်သူအနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင်
နိုင်ငံတော် အကြီးအကဲတွေ ဂါရဝပြုအခမ်းအနားပြီးဆုံးတဲ့အချိန် မွန်းတည့် ၁၂ နာရီကနေ
ညနေ ၅ နာရီအထိ ဂါရဝပြု လေ့လာနိုင်မှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အနောက် ရွှေဂုံတိုင်လမ်းနဲ့ အာဇာနည်လမ်းဆုံမှာရှိတဲ့ ဂိတ်(၁) ကနေဝင်ပြီး
ဂိတ်(၂) ကနေ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရားမြောက်ဘက်မုခ် စောင်းတန်းကို
ထွက်ခွာရမှာပါ။
နှစ် ရ၀ မြောက် အာဇာနည်နေ့မှာ အာဇာနည် ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ အတွင်းဝန်များရုံးကို
လာရောက်ကြည့်ရှုရာမှာ သတိထားရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။
ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်းနဲ့
ဘူးအမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆိုင်ရာမှာ အသုံးပြုတဲ့ တုတ်နဲ့ သံပိုက်ကော်ပိုက်တွေအပြင်
လက်ကိုင်အိတ်ကို ယူဆောင်လာခွင့် မရှိပါဘူး။
















