ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးအဆိုပြုမူကြမ်း တစ်ရပ်ကို ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ပြန်ခဲ့ရာ
ပုဒ်မ ၆၆(ဃ)ကို အာမခံပေးနိုင်သော အမှုတစ်ခုအဖြစ် သတ်မှတ်ထားသည့်တိုင် အငြင်းပွားဖွယ်ရာများ
ရှိနေဆဲဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသော စီးပွားရေး
လုပ်ငန်းများကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သော်လည်း၊ ရည်ရွယ်ချက်နှင့်
မသက်ဆိုင်ဘဲ ပုဒ်မ ၆၆(ဃ)ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက် တရားစွဲဆိုနေမှုများ ရှိနေသည်။
ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ လေ့လာပြုစုချက်အရ ယခင်အစိုးရ လက်ထက်တွင်
ပုဒ်မ ၆၆(ဃ)နှင့် တရားစွဲဆိုမှု ခုနစ်မှုသာရှိပြီး၊ ယခုအစိုးရလက်ထက်တွင် ၆၆ မှုအထိ ရှိလာသည်။
ယင်းအမှုများအနက် တပ်မတော်က စွဲသည့်အမှု ခုနစ်မှုရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင်များက စွဲသည့်အမှု ခြောက်မှုရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်မှု ကြောင့်
ကြားလူကစွဲသည့်အမှု ရှစ်မှုရှိသည်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများ အချင်းချင်းစွဲဆိုသည့်အမှု တစ်ခုမှမရှိပဲ၊
လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများအပေါ် အသရေဖျက်သည်ဟုဆိုကာ စွဲဆိုသည့် အမှုများ
သာဖြစ်သည်။
အသစ်ပြင်ဆင်ရန် သမ္မတရုံးက အကြံပြုထားသည့် မူကြမ်းတွင် ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို
အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးကို''ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊
ခြိမ်းခြောက်ခြင်း'' တို့ကိုသာ ပြစ်မှုများအဖြစ် ထည့်သွင်းထားပြီး၊ ''အနိုင် အထက် ပြုခြင်း၊ မတရား
တားဆီးကန့်ကွက်ခြင်း၊ မလျော်သြဇာ သုံးခြင်း''တို့ကို ပယ်ဖျက်ထားသည်။
ပုဒ်မ ၆၆(ဃ)ပါ ပြစ်မှုများသည် ရာဇသတ်ကြီးက ပြဋ္ဌာန်းထားသည့် ပြစ်မှုများ တူညီသော်လည်း
ဆက်သွယ်ရေး ကွန်ရက်အသုံးပြုပြီး ကျူးလွန်သည့် ပြစ်မှုများကို ဆက်သွယ်ရေး ဥပဒေအရ
အရေးယူရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
အသရေဖျက်မှုအတွက် တရားစွဲဆိုခံရပါက ရာဇသတ်ကြီးပုဒ်မ ၅ဝဝ အရ ထောင်ဒဏ် နှစ်နှစ်နှင့်
အာမခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ဆက်သွယ်ရေး ဥပဒေအရထောင်ဒဏ်သုံးနှစ်နှင့်
အာမခံမရနိုင်သည့်အနေအထား ဖြစ်နေသည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင် ပြဋ္ဌာန်း
ထားသည့် ပြစ်မှုများသည် ရာဇသတ်ကြီးတွင် ပါရှိပြီးပြစ်မှုများဖြစ်သဖြင့် သီးခြားပြဋ္ဌာန်းနေစရာမလိုပဲ
ပယ်ဖျက်သင့်သည်ဟု ဆိုသည်။
''၆၆(ဃ)ပါ ပြစ်မှုတွေဟာ ရာဇသတ်ကြီးမှာလည်း ပါနေတဲ့အတွက် ပုဒ်မ ၆၆(ဃ)ကိုဖျက်ပြီး၊
အွန်လိုင်းပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေကို အရေးယူဖို့ဆိုရင် ဆိုက်ဘာဥပဒေ သီးသန့်
ပြဋ္ဌာန်းသင့်တယ်။ ဆိုက်ဘာနဲ့ ပတ်သက်တဲ့ အမှုတွေကို ဆိုက်ဘာအထူးပြုလေ့လာတဲ့
တရားသူကြီးတွေက စစ်ဆေးသင့်တယ်'' ဟု ၄င်းက ပြောသည်။
ပုဒ်မ ၆၆(ဃ)တွင် အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသည်မှာ နိုင်ငံတကာတွင်
တရားမမှုအဖြစ် ကျင့်သုံးသည်နှင့် ပြောင်းပြန်ဖြစ်နေသည်ဟုလည်း ဥပဒေပညာရှင်များက
ထောက်ပြသည်။

ရာဇဝတ်မှုဆိုသည်မှာ ပြစ်မှုတစ်ခု ကျူးလွန်ရာတွင် ကျူးလွန်ခံရသူသာမက၊ လူ့အဖွဲ့အစည်း
တစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိပြီး၊ အစိုးရက ရှေ့နေချုပ်ရုံးမှတစ်ဆင့် တရားလိုပြုကာ
တရားစွဲဆိုသည့် အမှုဖြစ်သည်။ တရားမမှုမှာမူ လူပုဂ္ဂိုလ် အချင်းချင်းကြား အကျိုးစီးပွားနစ်နာမှု
ရှိကြောင်း သက်သေထူကာ တရားစွဲဆိုပေးရန် ရုံးတော်သို့ ဦးတိုက်လျှောက်ထားသည့်
အမှုများဖြစ်သည်။
ရှေ့နေများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ အဓိကထောက်ပြသည့်အချက်မှာ ပုဒ်မ ၆၆(ဃ)ပါ
''အသရေဖျက်မှု'' ကို ရာဇဝတ်မှု၊ ရဲအရေးပိုင်သည့်အမှုအဖြစ် ဆက်လက်ပြဋ္ဌာန်းထားသည့်
အချက်ပင်ဖြစ်သည်။ ရဲအရေးပိုင်သည့်အမှုဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က တရားရုံးတစ်ရပ်ရပ်၏
ခွင့်ပြုချက်၊ ဖမ်းဝရမ်းမပါဘဲ လူပုဂ္ဂိုလ်တစ်ဦးကို ဖမ်းဆီးနိုင်သည့် အခွင့်ရှိနေခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပြင်ဆင်ချက်မူကြမ်းနှင့်ပတ်သက်၍ ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကမူ
''အာမခံပေး၊ မပေးဆိုတာက ပင်မဥပဒေမှာ ထည့်ထားစရာ မလိုဘူး။ ကျင့်ထုံးဥပဒေ၊ သို့မဟုတ်
နည်းဥပဒေမှာပဲ ပြဋ္ဌာန်းရမယ်'' ဟု ဆိုသည်။
ပြင်ဆင်ချက်မူကြမ်းက ပုဒ်မ ၆၅၊ ၆၆(က)၊ (ခ)နှင့်(ဃ) ကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ်
သတ်မှတ်ခြင်းဖြစ်သည်။ ပြစ်ဒဏ်ကို ပြင်ဆင်ထားခြင်း မရှိပဲ၊ ပုဒ်မတစ်ခုကို ကွက်၍ အာမခံပေးနိုင်
သည့် အမှုအဖြစ် သတ်မှတ်ခြင်းမှာ ဥပဒေပြုကျင့်ထုံးအရ မှားယွင်းသည်ဟု ဦးခင်မောင်မြင့်က
ဆိုသည်။
ပုဒ်မ၆၆(ဂ)၊ (ဃ)နှင့် ပုဒ်မ ၆၈(က)တို့ပါပြစ်မှုများမှတစ်ပါး ကျန်ပြစ်မှုများကို တရားစွဲဆို
ရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ယူရမည်ဟု ပြဋ္ဌာန်းရန် အကြံပြုထားချက်မှာ
လူမှုကွန်ရက် အသုံးပြုသူများအတွက် အန္တရာယ်ဖြစ်လာနိုင်သည်ဟု ဆက်သွယ်ရေး ဥပဒေပုဒ်မ
၆၆(ဃ) ဖျက်သိမ်းရေးလှုပ်ရှားသည့်အဖွဲ့က ထောက်ပြသည်။
''ဥပဒေက ချက်ချင်းဖမ်းဆီးမှုမှ အကာအကွယ်ပေးနိုင်ခြင်း မရှိခြင်း'' နှင့် ''တရားစွဲဆိုရာတွင်
ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရမည်ဆိုသည့် အချက်ကို ပယ်ဖျက်ထားခြင်းကြောင့် မတရားစွဲဆိုမှုများ
ပေါ်ပေါက်လာပါက သုံးသပ်ဆန်းစစ်နိုင်သည့် အခွင့်အာဏာကို ပယ်ဖျက် လိုက်ခြင်း''စသည့်
အားနည်းချက်များရှိကြောင်း အဆိုပါအဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။
မည်သည့်တရားရုံးမျှ ပုဒ်မ (၆၆)၊ ပုဒ်မခွဲ (ဃ)ပါ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍
ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏
ကိုယ်စားလွှဲအပ်ခြင်း ခံရသူကဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း
မပြုရဟူသော ထပ်တိုးပြင်ဆင်မှုတစ်ခုလည်း မူကြမ်းတွင်ပါရှိသည်။ ယင်းပြင်ဆင်ချက်မူကြမ်းအရ
နစ်နာသူက သိရှိခြင်း မရှိပဲ၊ ကြားလူက နစ်နာသူကိုယ်စား တရားစွဲဆိုနိုင်သည့်အခွင့်ကို
ပယ်ဖျက်ထားခြင်းဖြစ်သည်။
လွတ်လပ်စွာ ပြောဆိုရေးသားမှုဆိုင်ရာ အခွင့်အရေးများကို ကန့်သတ်သည့်သဘော ဆောင်သောကြောင့်
ပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်သင့်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
''ဥပမာ ရာဇသတ်ကြီးမှာလည်း ပါတဲ့ပြစ်ဒဏ်တွေဖြစ်နေတယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို
ကန့်သတ်ထားတယ်။ နိုင်ငံတကာစံနှုန်းတွေနဲ့လည်း မညီညွတ်တဲ့အတွက် ပုဒ်မ ၆၆(ဃ)ကို ဥပဒေကနေ
ပယ်ဖျက်သင့်ပါတယ်'' ဟု ၄င်းက ဆိုသည်။
ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးကွန်ရက်က အကြံပြုထားသည့် အချက်တော်တော်များများ ကို
လျစ်လျူရှုထားသည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကဗျာဆရာမောင်ဆောင်းခက ပြောသည်။
''အခုအခြေအနေမှာတော့ လွှတ်တော်ကိုရောက်သွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်နိုင်တာ
သိပ်မရှိဘူး။ ဒါပေမဲ့ လွှတ်တော်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး အကြံဉာဏ်
တောင်းခံသင့်တယ်။ နောက်ပြီး ပြင်ဆင်ရေးကို အလျင်စလို မလုပ်ဖို့လိုတယ်'' ဟု ၄င်းက ဆိုသည်။
















