ပျော်ရာမှာမနေ၊ တော်ရာမှာ နေရတဲ့ ဘဝများ

ပျော်ရာမှာမနေ၊ တော်ရာမှာ နေရတဲ့ ဘဝများ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့မှာ ရွှေ့ပြောင်း မြန်မာနိုင်ငံသား နှစ်သိန်းနီးပါးအထိ ရှိနေတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ကျပ် ၃,၆၀၀ ပေးရန် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာမှာ
ပြဋ္ဌာန်းခဲ့ပါတယ်။

အဆိုပါ အနိမ့်ဆုံးလုပ်ခလစာကို လုပ်ငန်းရှင်အများစုက အမြင့်ဆုံး လုပ်ခလစာအဖြစ်
ပေးချေနေကြလျက်ရှိပါတယ်။

အခြေခံလူနေမှု စားရိတ်တွေ ကြီးမြင့်လာမှုကြောင့်လည်း မြန်မာပြည်အလုပ်သမား အများစုဟာ
၀င်ငွေနဲ့ ထွက်ငွေမျှတမှု မရှိဘဲ တစ်လနဲ့တစ်လ လုံလောက်ရုံဖြင့်သာ ရှင်သန်ရုန်းကန်နေကြရတာကို
တွေ့နေရပါတယ်။

အလားတူ ကျေးလက်ဒေသတွေမှာ မိရိုုးဖလာလုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်းမှု မရှိကြတော့ဘဲ
အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတာကြောင့် မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား
အရင်းအမြစ်တွေဟာ ရေကြည်ရာ မြက်နုရာဖြစ်တဲ့ တိုင်းတစ်ပါးတွေဆီကို နေ့စဉ်ထွက်ခွာနေကြခြင်း
ဖြစ်ပါတယ်။

ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)

ဦးကျော်စိုးလွင် (မဲဆောက်)

မဲဆောက်မြို့မှာ ခြောက်နှစ်လောက်နေထိုင်လာပြီး မြန်မာပြည် ပြန်ချင်နေသူ နောက်တစ်ဦးကတော့
ဦးကျော်စိုးလွင် (၅၁ နှစ်) ဖြစ်ပြီး မန္တလေးမြို့ဇာတိဖွား ဖြစ်ပါတယ်။

မဲဆောက်မြို့မှာ အခြေကျနေတဲ့ သားဖြစ်သူရဲ့ ခေါ်ဆောင်မှုကြောင့် ရောက်ရှိလာရခြင်းဖြစ်တယ်လို့
သူက ပြောပါတယ်။

မဲဆောက်ကို ရောက်ရှိပြီးချိန်ကစပြီး တစ်လျှောက်လုံး တစ်နေ့ ဘတ် ၂၁၀ ရတဲ့ ဆောက်လုပ်ရေး
ပန်းရန်သမားအလုပ်ကို တောက်လျှောက်လုပ်ကိုင်ခဲ့ရာကနေ ယခုလမှာတော့ အလုပ်နားခဲ့ရတယ်လို့
ဆိုပါတယ်။

ဦးကျော်စိုးလွင်ရဲ့ လက်ရှိအလုပ်ကတော့ နေအိမ်မှာပဲ မြေငယ်လေးနှစ်ဦးကို ထိန်းကျောင်းနေရတာ
ဖြစ်ပါတယ်။

"အိမ်ပြန်ချင်တာပေါ့ဗျာ။ ပြန်မရောက်တာ ခြောက်နှစ်လောက်ရှိပြီ။ ကိုယ့် မြန်မာပြည်ကို လွမ်းတယ်။
အမေတို့နဲ့လည်း ပြန်တွေ့ချင်သေးတယ်" လို့ မြေးငယ်လေး ပုခက်လွှဲပေးနေရင်း ဦးကျော်စိုးလွင်က
ဆိုပါတယ်။

သားဖြစ်သူက မဲဆောက်မြို့က ၀ပ်ရှော့တစ်ခုမှာ အရေးပါတဲ့ အလုပ်သမားတစ်ဦးအဖြစ်
လုပ်ကိုင်နေသလို ချွေးမဖြစ်သူကလည်း အိမ်အကူအလုပ်သမား တစ်ဦးအဖြစ်လုပ်ကိုင်နေကြပြီး
စားဝတ်နေရေး အဆင်ပြေနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း သားဖြစ်သူနဲ့ မိသားစုက မဲဆောက်မှာပဲ အခြေချနေထိုင်ဖို့ စိတ်အား
ထက်သန်နေတယ်လို့ ဦးကျော်စိုးလွင်က ပြောပါတယ်။

ဦးကျော်စိုးလွင်တို့ နေထိုင်တဲ့ အိမ်ခန်းနံရံမှာ ထိုင်းဘုရင်ကြီးရဲ့ ပုံတူအပြင် တော်ဝင်မိသားစုရဲ့
ဓာတ်ပုံတွေကို ချိတ်ဆွဲထားပါတယ်။

မြေးအကြီးက ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့အတွက် ထိုင်းအစိုးရကျောင်းမှာ ပညာတက်ရောက်
သင်ကြားခွင့် ရရှိထားပြီး နှစ်တန်း တက်ရောက်နေပါတယ်။

ဦးကျော်စိုးလွင်ကတော့ သူ့မြေးလေးတွေ မြန်မာနိုင်ငံသား ဖြစ်ခွင့်မရမှာကို စိုးရိမ်နေရှာပါတယ်။


ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

မခိုင် (မဲဆောက်)

တစ်ချိန်က လယ်ရှင်၊ ယာရှင်ဘဝဖြင့် ပြည့်ပြည့်စုံစုံ နေလာခဲ့တဲ့ ဘဝကနေ စီးပွားပျက်ပြီး
အကြွေးရှင်တွေကို ပုန်းအောင်းနေခဲ့ရတဲ့ ဘဝကို စိတ်နာနေသူက အသက် ၄၁ နှစ် အရွယ်
မခိုင်ဖြစ်ပါတယ်။

မခိုင်ရဲ့ ဇာတိက ပဲခူးတိုင်း၊ မင်းလှမြို့နယ်ကဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တရားမဝင်
လမ်းကြောင်းကတစ်ဆင့် ရောက်ရှိလာသူပါ။

မြန်မာပြည်ကို ပြန်မနေချင်တော့ဘူးလို့လည်း မခိုင်က မျက်ရည်လည်ရွဲနဲ့ ဆိုပါတယ်။

အစပိုင်းတုန်းက အထည်ချုပ်စက်ရုံ တစ်ခုမှာ မခိုင်အလုပ်လုပ်ခဲ့ပြီး အိမ်အကူအဖြစ်
ကာလအတန်ကြာလည်း လုပ်ကိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မဲဆောက်မြို့က နာမည်ကြီး စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ အလုပ်လုပ်လာတာ
၁၀ နှစ်ကျော်ပြီလို့ ဆိုပါတယ်။

စားသောက်ဆိုင်မှာ ပန်းကန်ဆေးဝန်ထမ်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး စားပွဲထိုးဘဝမှ စာရင်းကိုင်၊
ငွေကိုင်ဝန်ထမ်းအဖြစ် အဆင့်ဆင့်လုပ်ခဲ့ပြီး လက်ရှိမှာ မခိုင်က ထိုင်းစာတွေ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့
စားဖိုမှူးကြီးတစ်ဦး ဖြစ်နေပါပြီ။

စားဖိုမှူးဖြစ်တဲ့ မခိုင်မှာ နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် တစ်လလုပ်ခ ထိုင်းဘတ် ၈,၀၀၀ (မြန်မာငွေ
သုံးသိန်းနှစ်သောင်းခန့်) ရရှိတဲ့အတွက် ငွေပို ငွေလျှံစုဆောင်းနိုင်ပြီလို့ ဆိုပါတယ်။

မခိုင်ရဲ့ ခင်ပွန်းဖြစ်သူကလည်း တစ်နေ့ ဘတ် ၃၅၀ (မြန်မာငွေ ကျပ် ၁၄,၀၀၀) ၀င်တဲ့ အလုပ်ကို
လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ညီမဖြစ်သူနဲ့ မောင်အငယ်ဆုံးကို မဲဆောက်အရောက် ခေါ်ဆောင်ပြီး အလုပ်အကိုင်ရှာဖွေပေး
နိုင်ခဲ့သလို ဇာတိမြေမှာကျန်ခဲ့တဲ့ ဖခင်ဖြစ်သူကိုလည်း လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ပြီလို့
ဆိုပါတယ်။

"မြန်မာပြည်တော့ ပြန်မနေချင်တော့ဘူး၊ စိတ်နာလို့။ ကလေးကိုလည်း ဒီမှာပဲ
ကျောင်းထားတော့မယ်" လို့ မခိုင်က ဆိုပါတယ်။

မခိုင်တို့ မိသားစု အလုပ်လုပ်ကိုင်ရာ တော့မိုင်းအမည်ရှိ စားသောက်ဆိုင်ကြီးကို မဲဆောက်မြို့
စည်ပင်ဌာနမှ အရာရှိကြီးတစ်ဦး ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသား ၁၀ ဦးခန့်ကို စရိတ်ငြိမ်းဖြင့်
အလုပ်ခန့်ထားတယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်ပိုင်ရှင် သူဌေးနဲ့ မိသားစုဝင်တွေက မခိုင်တို့မိသားစု အပါအဝင်
မြန်မာအလုပ်သမားတွေကို မိသားစုရင်းသဖွယ် ဆက်ဆံတယ်လို့လည်း မခိုင်က ပြောပြပါတယ်။

"ဆိုင်သူဌေးနဲ့ သူဌေးမက အရမ်းသဘောကောင်းတယ်။ ဖအေ၊ မအေလိုပဲ နေကြတာ။
အဲဒါကြောင့်လည်း ဒီမှာအကြာကြီးနေလို့ရတာပေါ့" လို့ မခိုင်က ဆိုပါတယ်။


ဒေါ်ခင်မာ (မဲဆောက်)

"ပျော်တယ်ဆိုတာ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ ပျော်တဲ့ဘဝမှာ နေလို့မှ မရတာ" လို့ အသက် ၄၇ နှစ်
ရှိနေပြီဖြစ်တဲ့ ဒေါ်ခင်မာက ဆိုင်ကယ်ပေါ်က ကုန်ပစ္စည်းတွေ သယ်ချနေရင်းက တိုင်းတစ်ပါးမှာ
နေထိုင်လုပ်ကိုင်နေရတဲ့ သူ့ခံစားချက်ကို လှမ်းပြောပါတယ်။

အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မာက မြန်မာနိုင်ငံ မြဝတီမြို့နဲ့ နယ်နိမိတ်ချင်း
ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လေးမှာ အခြေချနေထိုင်နေတာ ၁၀ နှစ်ကျော်
ရှိပြီဖြစ်ပါတယ်။

သူ့ရဲ့ အလုပ်အကိုင်ကတော့ မြန်မာအလုပ်သမား ၃၀၀ ကျော် အလုပ်လုပ်ကိုင်နေတဲ့
ထိုင်းနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံရှေ့မှာ ဟင်းရောင်းတာပဲ ဖြစ်ပါတယ်။

မဲဆောက်မြို့ တရားဝင်အထောက် အထားအပြည့်အစုံနဲ့ နေထိုင်နေတာဖြစ်သော်လည်း
သူ့ရဲ့ အလုပ်အကိုင်ကတော့ တရားဝင် မဟုတ်ပါဘူး။

"မြန်မာပြည်သားက ဒီမှာဈေးရောင်းခွင့် မရှိဘူးလေ။ ဖမ်းရင်လည်း ပြေးပေါ့။ ရဲဖမ်းသွားရင်လည်း
ပြန်ရွေးပေါ့" လို့ ဒေါ်ခင်မာက ဈေးရောင်းရတဲ့ အခြေအနေကို ပြောပြပါတယ်။

ထိုင်းနိုင်ငံရဲ့ စည်းမျဉ်း၊ စည်းကမ်းချက်တွေအရ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အားနည်းချက်ကို
သိရှိနေတဲ့ ထိုင်းရဲတွေကတော့ မကြာခဏ စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်လေ့ရှိပါတယ်လို့ မဲဆောက်မှာ
အခြေချနေထိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဆိုပါတယ်။

"အမှုက အပေါ်ထိတက်သွားပြီဆိုရင်တော့ ထိုင်းဘတ်တစ်သောင်းဆိုလည်း ပေးရတယ်။
ပိုလည်းပေးရတယ်။ ဈေးဆိုင် ဖမ်းမခံရအောင်တော့ တစ်လ ထိုင်းဘတ် ၃၀၀ လိုင်းကြေး
ပေးထားရတယ်" လို့ ဒေါ်ခင်မာက ပြောပါတယ်။

ဒေါ်ခင်မာက မဲဆောက်မြို့မှာ တစ်လထိုင်းဘတ်ငွေ ၂,၅၀၀ (မြန်မာငွေ တစ်သိန်းခန့်) ပေးရတဲ့
အိမ်ခန်းတစ်ခန်းကို တစ်ဦးတည်း ငှားရမ်းနေထိုင်သူပါ။

သမီးအကြီး နှစ်ဦးက ဘန်ကောက်မြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ လုပ်ကိုင်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကွဲခဲ့ပြီး သားအငယ်ကို ဇာတိဖြစ်တဲ့ ကျိုက်ထိုမြို့၊ ကော့ထင်းကျေးရွာက
မိဘတွေဆီမှာထားရှိပြီး ပညာသင်ကြားစေတယ်လို့ ဒေါ်ခင်မာက ဆိုပါတယ်။

"သားလေးနဲ့ ခွဲနေရတာ ၁၀ နှစ်ရှိနေပြီ။ မြန်မာပြည်ကို ပြန်ချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ
လုပ်စားရတာ အဆင်မပြေဘူးလေ" လို့ ဆိုပါတယ်။

၁၀ တန်းတက်နေပြီဖြစ်တဲ့ သားငယ်လေး ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်
ထောက်ပံ့ပေးနိုင်ဖို့အတွက် မြန်မာပြည်မပြန်သေးဘဲ သားအမိ သုံးယောက် တိုင်းတစ်ပါးမှာ
အလုပ်ဆက်လုပ်ဦးမယ်လို့လည်း ဆိုပါတယ်။

"ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင်တွေ ရှိနေမယ်ဆို သူတစ်ပါးတိုင်းပြည်ကို တက်လာစရာ
မလိုဘူးပေါ့။ ကိုယ့်ရပ်ရွာမှာ သာယာနေမယ်၊ လုပ်ငန်းကိုင်ငန်းတွေ ကောင်းနေမယ်ဆို သူများဆီမှာ
ဈေးရောင်းနေစရာ မလိုဘူးပေါ့" လို့ ဒေါ်ခင်မာက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး