မြန်မာ့လူ့အဖွဲ့အစည်းကြားတွင် 'လိင်' နှင့် ပတ်သက်ပြီး ထုတ်ဖော်မပြောဆိုအပ်သောအရာဟု မှတ်ယူ
ထားမှုက အရိုးစွဲ အသားကျနေပြီးဖြစ်သည်။ လိင်နှင့် ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြော
ဆိုရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းများကို အလွယ်တကူလက်ခံရန်
ခဲယဉ်းနေဆဲဖြစ်သည်။
ကျောင်းသင်ရိုးတွင် လိင်မှုဆိုင်ရာ ပညာပေးသင်ခန်းစာ ထည့်သွင်း သင်ကြားရန် ပညာရေးဝန်ကြီး
ဌာနက စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်ထိ အောင်မြင်မှုမရရှိသေးပေ။ အခြေခံပညာရေးတွင်
တွဲဖက်သင်ရိုးအဖြစ် လိင်မှုဆိုင်ရာ ပညာပေးသင်ခန်းစာများကို ဘဝတွက်တာကျွမ်းကျင်စရာ
ဘာသာရပ်တွင် ထည့်သွင်း၍ ၂ဝဝဝဝ၁ ပညာသင်နှစ်တွင် စတင် သင်ကြားစေခဲ့သည်။
အဆိုပါ လိင်မှုဆိုင်ရာပညာပေး သင်ခန်းစာများကို ယခင်အစိုးရလက်ထက်တွင် ပညာရေးဝန်ကြီးဌာန၊
ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ သင်ရိုးဌာနခွဲက ရေးဆွဲခဲ့ပြီး မူလတန်းအဆင့်မှ
အထက်တန်းအဆင့်ထိ သင်ကြားစေခဲ့ခြင်းဖြစ်သည်။
အခြေခံပညာကျောင်းများတွင် တွဲဖက်သင်ရိုးအဖြစ် သင်ကြားရန် ပြဋ္ဌာန်းထားသည့် လိင်မှုဆိုင်ရာ
ပညာပေး သင်ခန်းစာများမှာ ကျား၊ မတို့၏ သဘောသဘာဝ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ လိင်ဆက်ဆံမှုကြောင့်
ဖြစ်ပွားတတ်သည့် ရောဂါများ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်ရန်၊
ရောဂါကူးစက်နည်း၊ မကူးစက်နည်း၊ သန္ဓေတားနည်း၊ လက်မထပ်မီ အတူမနေမိရန် တစ်ဖက်သား
လက်ခံအောင် နှစ်သိမ့်စည်းရုံးနည်း စသည်တို့ကို ထည့်သွင်းရေးဆွဲထားသည်ဟု ပညာရေးသုတေသန၊
စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သင်းဖြူက ပြောသည်။
''အဲဒါတွေ အကုန်လုံး ခြံုငုံပြီးပါတာကို Sexuality Education လို့ခေါ်တာ။ လူအများစုကတော့
Sex Education လောက်ပဲ နားလည်တယ်။ သုံးနေကြတယ်။ သင်ရိုးထဲမှာပါတာက
အပေါ်ကပြောတဲ့ ဝိသေသတွေကို ခြံုငုံထားတဲ့ Sexuality Education ပါ။ နဂိုသင်ရိုး
အဟောင်းထဲမှာ သူငယ်တန်းကနေပြီး ဒသမတန်းထိ ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက်ပဲ
သင့်တော်စွာ ထည့်ထားတာပါ။ ယဉ်ကျေးမှုက လက်ခံနိုင်တဲ့ အတိုင်းအတာလောက်ကိုပဲ
ထည့်ထားတာပါ'' ဟု ဒေါ်ခင်သင်းဖြူက ပြောသည်။
မူလတန်းအဆင့် လိင်မှုဆိုင်ရာ ဘဝတွက်တာ တွဲဖက်သင်ရိုးများကို ၂ဝဝ၆ ခုနှစ်တွင် ပြန်လည်
စိစစ်ပြင်ဆင်ခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်သင်ရိုးများကို ၂ဝ၁ဝ ပြည့်နှစ်တွင် စိစစ်ပြင်ဆင်
ခဲ့သည်။
''အရင်တုန်းက ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ဟာ သတင်းအချက်အလက်ကိုပဲ အခြေပြုပြီး
လုပ်ထားတာဖြစ်တယ်။ ကျွမ်းကျင်မှုရအောင် သင်ခန်းစာတွေကို ပြင်ဆင်ရေးဆွဲခဲ့တယ်။ ဘဝတွက်တာ
သင်ရိုးအတွက် ပညာရေးဝန်ကြီးဌာနနဲ့ ယူနီဆက်ဖ်တို့ ပူးပေါင်း ရေးဆွဲခဲ့တာဖြစ်ပါတယ်''ဟု
ဒေါ်ခင်သင်းဖြူက ပြောသည်။
အခြေခံပညာကျောင်းများတွင် လိင်မှုဆိုင်ရာ ပညာပေးသင်ခန်းစာများကို တွဲဖက်သင်ကြားပေးနေခဲ့
သည်မှာ နှစ်ပေါင်း ၁၇ နှစ်ကျော် ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ထိထိရောက်ရောက်
သင်ကြားနိုင်ခြင်း မရှိသေးပေ။
''သင်တဲ့ကျောင်းရှိတယ်၊ မသင်တဲ့ကျောင်းရှိတယ်။ ဒါတွေက ဆရာ၊ ဆရာမတွေအပေါ်မှာ မူတည်တယ်။
တွဲဖက်သင်ရိုးဖြစ်တဲ့အတွက်ကြောင့်လည်း ပါတယ်''ဟု ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာ ခိုင်မြဲက ပြောသည်။
''ဘဝသက်တာ ကျွမ်းကျင်စရာသင်ရိုးအတွက် ကျောင်းတိုင်း အာလုံးကို ဆရာလက်စွဲတွေ ပေးထား
တာပါ။ ကျောင်းသားနှစ်ယောက်ကို စာအုပ်တစ်အုပ်စီပေးတယ်။ ရည်ရွယ်ချက်က ကလေးချင်း
ဆွေးနွေးစေချင်လို့ပါ။ တစ်ခုတော့ရှိတယ်။ ကျောင်းအုပ်ကြီးတွေ စစ်ဆေးရေးလာရင် အဲဒီစာအုပ်တွေ
စစ်မှာဆိုတော့ ရှိတယ်လို့ ပြချင်တဲ့အတွက် သိမ်းထားကြတယ်။ ဒီလိုလေးတွေတော့ ရှိနေပါတယ်''ဟု
အခြေခံပညာကျောင်းများတွင် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် သင်ကြားမှုအားနေသည့်
အကြောင်းကို ခေါ်ခင်သင်းဖြူက ပြောသည်။
တွဲဖက်သင်ရိုးသာဖြစ်ပြီး အတန်းကူးပြောင်းမှုအတွက် အရေးပါသော ဘာသာရပ် မဟုတ်သောကြောင့်
ထိရောက်သော သင်ကြားမှုမရှိခြင်းဖြစ်သည်ဟုလည်း ဆရာ၊ ဆရာမများက ဆိုသည်။
''မိဘတွေတင် ရှေးရိုးစွဲနေတာ မဟုတ်ဘူး။ တချို့ဆရာ၊ ဆရာမတွေကိုယ်တိုင်လည်း ဒီသင်ရိုးသင်ဖို့
အတွက် တွန့်ကြ တာတွေရှိတယ်။ အပျိုတွေဆိုရင် ပိုဆိုးတယ်။ သင်ရမှာ ရှက်ကြတယ်။
ဆိုတော့ တချို့ဆရာ၊ ဆရာမတွေက မသင်ဘဲနဲ့ ကျော်လိုက်တာတွေရှိတယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ
ဆရာ၊ ဆရာမများအဖွဲ့ချုပ် (အခြေခံပညာ) အလုပ်အမှုဆောင် ဦးမြတ်သီဟထွန်းက ပြောသည်။
လိင်မှုဆိုင်ရာပညာပေး သင်ခန်းစာကို ကျောင်းသူ၊ကျောင်းသားများရှေ့တွင် သင်ကြားရာတွင် ဆရာ
ဦးမြတ်သီဟထွန်းကိုယ်တိုင် မဝံ့မရဲနှင့် ရှက်ရွံ့စိတ်ဖြစ်မိကြောင်း ဆိုသည်။ ''ကျွန်တော်တို့နိုင်ငံရဲ့
လူနေမှုပုံစံအရ အရှက်အကြောက်ကြီးတာနဲ့ ရှေးရိုးစွဲတာတွေက မပြောင်းလဲဘဲ ခေတ်ရဲ့အရွေ့က
အရမ်းကို မြန်နေတယ်။ အဲဒီနှစ်ခုကြား ကွာဟချက်ကြီးလာတဲ့ သဘောလို့ ပြောလို့ရတယ်'' ဟု
ဦးမြတ်သီဟထွန်းက ပြောသည်။
ဘဝတွက်တာကျွမ်းကျင်စရာနှင့် ပတ်သက်၍ သင်ရိုးတွင် ပါဝင်သည့်အကြောင်းအရာအားလုံး
သင်ကြားပေးရန် အဆင်မပြေသည့်အတွက် သဘောတရားမျှသာ သင်ကြားပေးသည်ဟု ရန်ကုန်မြို့၊
ဗိုလ်တထောင်မြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောသည်။
''ကလေးတွေကို သဘောတရားလောက်ပဲ ပြောတယ်။ ကလေးတွေက တစ်ခုခုပြောရင် အကုန်
သိနေကြတယ်။ သူတို့ကိုယ့်ထက်တောင် ပိုသိနေကြတယ်။ သင်ရတာရှက်ပေမဲ့လည်း
ရှေ့မျက်နှာနောက်ထားပြီးတော့ သင်ရတာပဲ။ ကလေးတွေသိသင့်တာလောက်ကိုပဲ ဖတ်ပြတာ
လောက်ပဲရှိတယ်'' ဟု ၄င်းက ပြောသည်။
လိင်မှုပညာပေး ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်နှင့် ပတ်သက်ပြီး ကျောင်းသားမိဘများ
အကြားတွင်လည်း သဘောထား ကွဲလွဲမှုများစွာရှိနေသည်။ အရွယ်မတိုင်မီ လိင်စိတ်ကစားမှုဖြစ်ပေါ်
မည်စိုးသောကြောင့် လိင်မှုပညာပေး သင်ကြားခြင်းကို ကျောင်းသားမိဘအများစုက
လက်မခံလိုကြပေ။
''မသင်ဘဲနဲ့ သူ့အလိုလိုတတ်တဲ့ ခေတ်ကြီးဆိုတော့လေ။ ဒီလိုကိစ္စဆိုတာ သူ့ဘာသာသူ
သဘာဝကဖြစ်ပေါ်လာတာကိုပဲ ကြိုက်တယ်။ ကျောင်းမှာတော့ မသင်စေချင်ဘူး၊ သင်လည်း
မသင်သင့်ဘူး'' ဟု အသက် ၁ဝ နှစ်အရွယ် သားတစ်ယောက်မိခင်ဖြစ်သူ ဒေါ်နွေမာမြင့်သောင်းက
ပြောသည်။
ငယ်ရွယ်စဉ်၌ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမည် စိုးရိမ်သဖြင့် ဒေါ်နွေမာမြင့်သောင်းက
သူ့သားကို ယောကျ်ားလေး သီးသန့်ကျောင်းတွင်ထားသလို ဖုန်းကိုင်ခွင့်လည်း မပေးထားဟု
ဆိုသည်။
''ခေတ်ကြီးက အရမ်းကိုမြန်ဆန်လွန်းတဲ့အတွက် ကလေးတွေ စိတ်ကစားတာမျိုးတွေ ဖြစ်မှာစိုးလို့ပါ။
ကလေးတွေဆိုတာက အတတ်စမ်းချင်ကြတယ်လေ။ ဘာလေးလဲ ညာလေးလဲဆိုပြီးတော့
အချိန်မတန်သေးဘဲနဲ့ ကလေးတွေမှာ ပြောင်းလဲမှုတွေ ဖြစ်သွားမှာကို စိုးရိမ်တယ်''ဟု
ဒေါ်နွေမာမြင့်သောင်းက ပြောသည်။
လိင်မှုပညာပေး သင်ခန်းစာကို အချိန်ပိုင်းအနေဖြင့်သာ သင့်ကြားသင့်သည်ဟု အထက်တန်း
ကျောင်းသူတစ်ဦး၏မိခင်ဖြစ်သူ ဒေါ်သန္တာလင်းက ဆိုသည်။ ''ယောကျ်ားလေး၊ မိန်းကလေး
သီးသန့်ကျောင်းတွေမှာ လိင်မှုဆိုင်ရာ ပညာပေးသင်ခန်းစာတွေ သင်ကြားတာ အဆင်ပြေနိုင်ပေမဲ့
သာမန်ကျောင်းတွေမှာ ဘယ်လိုသင်ကြားမလဲ''ဟု ၄င်းကဆိုသည်။
သားနှစ်ယောက်ဖခင်ဖြစ်သူ ဦးအေးလွင်ကတော့ လိင်မှုဆိုင်ရာ ပညာပေးသင်ကြားခြင်းကို
ထောက်ခံသူတစ်ဦးဖြစ်ပြီး ကလေးများ သိသင့်သိထိုက်သည်များကို အခြေခံပညာကျောင်းများတွင်
သင်ကြားပေးသင့်သည်ဟု ဆိုသည်။

''ဘာသာရပ်တစ်ခုအနေနဲ့ဆိုရင် သတ်သတ်အပိုဖြစ်သွားလိမ့်မယ်။ ပညာပေးအနေနဲ့ပဲ ထားသင့်တယ်။
သားသမီးရှိတဲ့ လူတိုင်းကလည်း လေ့လာသင့်တယ်။ ကလေးတွေကိုလည်း ပြန်ပြောပြမယ်။ ကျောင်းမှာ
လည်း အချိန်ပိုင်းအနေနဲ့ ပညာပေးတွေလုပ်ပေးရင် ရပါပြီ''ဟု ဦးအေးလွင်က ပြောသည်။
ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ် သင်ကြားခြင်းနှင့် ပတ်သက်၍ ဆက်ကျော်သက်အရွယ်
ကျောင်းသူ ကျောင်းသားများအကြားတွင်လည်း အမြင်ကွဲပြားမှုများ ရှိနေသည်။
''ဘဝတွက်တာကိုကျတော့ မသင်ဘူးလို့ ဆရာမက ပြောတယ်။ အဲဒါက မကောင်းတာတွေပါတဲ့အတွက်
မသင်ချင်ဘူးလို့ပြောတယ်။ ကလေးတွေအတွက်လည်း မကောင်းဘူးဆိုပြီး မသင်ဘူး''ဟု အသက်
၁၅ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသူ မရွှေစင်အိဖြိုးက ပြောသည်။
လိင်ပညာပေး သင်ခန်းစာနှင့်ပတ်သက်၍ သေသေချာချာ မသိရှိသောကြောင့် သင်ကြားလိုသော်လည်း
ဘာသာရပ်တစ်ခုအနေဖြင့် မသင်ချင်ကြောင်း၊ သင်ကြားချိန်တွင်လည်း ကျောင်းသူ၊ ကျောင်းသား
သီးသန့်စီခွဲခြား သင်ကြားပါက အဆင်ပြေမည်ဟုထင်ကြောင်း အဋ္ဌမတန်းကျောင်းသား
မောင်ဟန်သစ်ထွန်းက ပြောသည်။
လိင်မှုဆိုင်ရာ ပညာပေးသင်ရိုးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများကို မြန်မာတိုင်း(မ်)က
မေးမြန်းခဲ့ရာတွင် အများစုက''လိင်ပညာပေးဆိုတာ ဘာကိုပြောတာလဲ နားမလည်ဘူး''ဟု ပြန်လည်
ဖြေကြားခဲ့ကြသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ ထောက်ပ့ံကူညီမှုဖြင့် လူငယ် လူရွယ်များနှင့် သက်ဆိုင်သည်
များကို ဖော်ထုတ်ရန် ရည်ရွည်သည့် UReport အစီအစဉ်က ယခုလဆန်းပိုင်းတွင် အွန်လိုင်း
စစ်တမ်းကောက်ယူခဲ့ရာ လိင်မှုဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍ကျောင်း၌ သင်ယူနားလည်
ခဲ့သည့် ရာခိုင်နှုန်းမှာ ၂၈ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။ လိင်မှုပညာပေးနှင့်သက်ဆိုင်သည့်
မေးခွန်းရှစ်ခုကို လူပေါင်း ၁၅,ဝဝဝ ကျော်ကို ကောက်ခံခဲ့ရာတွင် ၃,ဝဝဝ ကျော်သာ ပြန်လည်
တုံ့ပြန်ခဲ့ပြီး အများစုမှာ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နားလည်သိရှိခဲ့ခြင်းဖြစ်ကြောင်း
UReport ၏ စစ်တမ်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လိင်မူဆိုင်ရာ ပညာပေးလုပ်ငန်းများကို လွန်ခဲ့သော ၁၄ နှစ်ကတည်းက
ဆောင်ရွက်ခဲ့သော်လည်း တစ်ကမ္ဘာလုံးတွင် ချမှတ်ထားသည့် လိင်မှုဆိုင်ရာ ပညာပေးလုပ်ငန်း
အဆင့်လေးခုအတွက် ပြီးပြည့်စုံသောအဆင့် (Comprehensive Sexuality Education) ကို
မရောက်ရှိသေးကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ လူငယ်
စီမံကိန်းအရာရှိ ဒေါက်တာစည်သူဆွေက ပြောသည်။
''လူမှုကွန်ရက်က ရနေတဲ့ လိင်မှုဆိုင်ရာပညာပေးတွေက အပြည့်အဝ လုံခြံုစိတ်ချမှု မရှိဘူးလို့
ပြောလို့ရတယ်။ လိင်မှုဆိုင်ရာ ပညာပေးလို့ဆိုတိုင်းမှာ အသိပညာပေးတာတစ်ခုတည်း
မဟုတ်ဘူး။ ကျွမ်းကျင်မှုပါ လိုက်ရတယ်။ ရလာတဲ့ အချက်အလက်တွေကို ကောင်းကောင်း
အသုံးချဖို့နဲ့၊ အသုံးချသင့်၊ မချသင့်ဆိုတာက အစ စဉ်းစားနိုင်ဖို့ လိုပါတယ်''ဟု ၄င်းက
ပြောသည်။
လက်ရှိကျောင်းများတွင် သင်ကြားလျက်ရှိသည့် ဘဝတွက်တာသင်ခန်းစာသည် အိတ်ချ်အိုင်ဗီနှင့်
ခုံခံအားကျ ကူးစက်မှုရောဂါ (AIDS) မကူးစက်ရန်အတွက်သာ သင်ကြားပေးနိုင်သော အနေအထား
တွင်ရှိပြီး မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ သင်ကြားပေးနိုင်ခြင်း မရှိသေးကြောင်း
ဆူးထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းက အလယ်တန်းပြဆရာမ
ဒေါ်အေးလဲ့မော်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်က အထက်တန်းပြဆရာတစ်ဦးဖြစ်သူ ဦးရဲထွဋ်ကလည်း
''သိမှတ်စရာ တွေကိုပဲ သင်ပေးနိုင်သေးတယ်။ မျိုးဆက်ပွားကျန်းမာရေးတို့ သားဆက်ခြား
တို့ကတော့ အပြင်မှာပဲရှိတယ်။ ကျောင်းမှာတော့ မသင်နိုင်သေးဘူး'' ဟု ဆိုသည်။
လိင်မှုဆိုင်ရာပညာပေးဆိုသည်မှာ ယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အရွယ်ရောက်သည့်
အခါ ခန္ဓာကိုယ်ပြောင်းလဲ ဖွံ့ဖြိုးလာမှု၊ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများနှင့် သိသင့်သိထိုက်သည့်
အကြောင်းအရာများကို မှန်ကန်စွာ ရှင်းရှင်းလင်းလင်းသိစေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတကာ
ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ (Premiere Urgence International)
ခုခံအားကျဆင်းရောဂါ ကာကွယ်တားဆီးရေး စီမံချက်တာဝန်ခံ ဒေါက်တာဇာနည်ဝင်းက ပြောသည်။
''လူငယ်တွေမှာရော ကလေးတွေမှာပါ မုဒိမ်းကျင့်တဲ့အမှုတွေ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ
စော်ကားမှုတွေ အများကြီးဖြစ်ပေါ်နေတာဟာ လိင်မှုဆိုင်ရာပညာပေး အခန်းကဏ္ဍကို ကောင်းမွန်စွာ
သိရှိထားခြင်း မရှိတာကြောင့်ပါပဲ။ ကိုယ့်ရဲ့မထိသင့် မထိအပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို
ငယ်စဉ်ကတည်းက မသိခဲ့ကြလို့ အမြတ်ထုတ်ချင်တဲ့လူတွေက ကလေးတွေကို လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်ရာကနေ မုဒိမ်းကျင့်တဲ့ကိစ္စတွေအထိ ဖြစ်နေတာပါပဲ''ဟု ၄င်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မျိုးဆက်ပွားကျန်းမာရေး ငါးနှစ်တာ မဟာဗျူဟာစီမံချက်
၂ဝ၁၄၁၈ အရ ၂ဝ၁ဝ၁၁ နှစ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၁,ဝဝဝ တွင် ၁၇၄ ဦးက
ကိုယ်ဝန် ဖျက်ချခဲ့သည်ဟု ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုင်ငံလုံးဆိုင်ရာ မိခင်သေဆုံးနှုန်းစစ်တမ်းအရ ကိုယ်ဝန်
ပျက်ကျခြင်းနှင့် ဖျက်ချခြင်းကြောင့် ဖြစ်ပေါ်သည့် မိခင်သေဆုံးနှုန်း ၁ဝ ရာခိုင်နှုန်းခန့်ရှိသည်။
လိင်မှုဆိုင်ရာပညာပေးနှင့် မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာများကို ထိထိရောက်ရောက်
သင်ကြားနိုင်မည်ဆိုပါက လက်ရှိအဖြစ်များနေသည့် အဓမ္မမှု၊ ကလေးသူငယ်လိင်အကြမ်းဖက်မှုနှင့်
အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှုဖြစ်စဉ်များကို များစွာကာကွယ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ
ကျန်းမာရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Marie Stopes Myanmar (MSI) ၏ မြန်မာနိုင်ငံဆိုင်ရာ
ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောသည်။
''ကလေးလေးတစ်ယောက်ကို ပညာပေးလုပ်တဲ့အခါမှာ ငယ်သေးတယ်။ နေပါဦးဆိုတာမျိုးတွေ
ရှိတယ်။ ကလေးကို အကြမ်းဖက်မယ့်အရာတွေက အသက်အရွယ်ကို မစောင့်ဘူး။ အကျိုးရှိအောင်
လုပ်ပေးမယ့် ဟာတွေက စောင့်နေရတယ်။ အဲဒါက ကလေးတွေအတွက် မတရားဘူး။ လူကြီးတွေ
အနေနဲ့ စဉ်းစားသင့်တယ်''ဟု ၄င်းက ပြောသည်။
















