ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီခရိုင်၊ နာရာသီဝ ငါးဖမ်းလှေဆိပ်တွင် တရားမဝင် ဆိုက်ကပ်ထားသည့်
မလေးရှားငါးဖမ်းလှေတစ်စီးသို့ ရောင်းစားခြင်းခံထားရသော မြန်မာအလုပ်သမား ၁၆ ဦးကို
ထိုင်းအာဏာပိုင်များက ဇူလိုင် ၁၃ ရက်တွင် ကယ်တင်ပေးခဲ့ရကြောင်း ပူးပေါင်းကူညီပါဝင်ခဲ့သော
ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့ ( MAT ) တာဝန်ရှိသူများက
ပြောသည်။
''ကျွန်တော်တို့ ဇူလိုင် ၈ ရက်မှာ သတင်းရလို့ လေးရက်လောက် ကြိုတင်သွားရောက်ပြီး
သတင်းအချက်အလက် အတိအကျတွေရတော့မှ ထိုင်းအထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို
ကယ်ပေးဖို့ သတင်းပို့ပေးခဲ့ရတယ်'' ဟု MAT ဒါရိုက်တာ ဦးကျော်သောင်းက ယခုလ ၁၇ ရက်တွင်
ပြောသည်။
မြန်မာအလုပ်သမား ၁၃ ဦးခန့်မှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး
အလုပ်ဌာန ပြောင်း ရွှေ့လုပ်ကိုင်ရန် ပွဲစားထံ တစ်ဦးလျှင် ထိုင်းဘတ် ၁၇,ဝဝဝ (မြန်မာငွေ
၆၈ဝ,ဝဝဝ ကျပ်) ပေးချေပြီး အကူအညီတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ပွဲစားဖြစ်သူမှ
အလုပ်သမားများ ပို့ဆောင်ခိုင်းသည့် နေရာကို ပို့ဆောင်ပေးခြင်း မရှိဘဲ စာရွက်စာတမ်း
အတုများဖြင့် နာရာသီဝ ငါးဖမ်းလှေဆိပ်တွင် တရားမဝင်ဆိုက်ကပ်ထားသည့် မလေးရှား
ငါးဖမ်းလှေပေါ်သို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ် ကြောင်း MAT အဖွဲ့တာဝန်ရှိသူက ပြောသည်။
''သူတို့ လှေပေါ်ကနေ ကျွန်တော်တို့အဖွဲ့ကို ဖုန်းဆက်ပြီး လာကယ်ပေးဖို့ကို အကူအညီ
လှမ်းတောင်းတာ။ ကျွန်တော်တို့လည်း အချက်အလက်ရဖို့ကို လေးရက်လောက် အချိန်ယူ
လိုက်ရတယ်။ နောက်ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ ဒီအက်စ်အိုင်ကို
အကူအညီတောင်းတော့ မြန်မာသံရုံး ထောက်ခံချက်ထပ်တောင်းတယ်။ သံရုံးက
ထောက်ခံချက်ရတော့ သွားကယ်ပေးခဲ့တယ်''ဟု လှေလုပ်သမားများကယ်ဆယ်ရေးအတွက်
ကူညီပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားကွန်ရက်(ဖူးခက်) ဥက္ကဋ္ဌ ကိုရွှေထွန်းအေးက
မြန်မာတိုင်း(မ်)ကို ဇူလိုင် ၁၇ ရက်က ပြောသည်။
ရောင်းစားခံရသော မြန်မာအလုပ်သမားများကို နယ်မြေအခြေအနေအရ ထိုင်းစစ်တပ်၊
အထူးစုံုစမ်းရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ကယ်ထုတ်ပေးခဲ့ရကြောင်း၊ သတင်းပေးစဉ်က
မြန်မာအလုပ်သမား ၁၃ ဦးသာ ရှိခဲ့ပြီး ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က သွားရောက်
ကယ်တင်သည့်နေ့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာလူငယ်နှစ်ဦးနှင့် ၁၄ နှစ်အရွယ်ရှိ
မြန်မာကလေးငယ်တစ်ဦးကိုလည်း ပွဲစားကရောင်းစားထားသည့်ကို တွေ့ရှိသဖြင့်
ပူးတွဲကယ်ဆယ်ပေးခဲ့ရကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
ကယ်ဆယ်ထားသည့် မြန်မာအလုပ်သမား ၁၆ ဦးကို စောင့်ရှောက်ရေးစင်တာတစ်ခုတွင်
ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး ၄င်းတို့ကို ရောင်းစားခဲ့သည့် လူကုန်ကူးပွဲစားနှစ်ဦးကို
ဖမ်းဆီးနိုင်ရန် ထိုင်းအာဏာပိုင်များအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း ဦးကျော်သောင်းက
ပြောသည်။
ငါးဖမ်းစက်လှေသို့ ရောင်းစားခံရသည့် မြန်မာအလုပ်သမားများအနက် ၁၅ ဦးမှာ
ရခိုင်ပြည်နယ်မှဖြစ်ပြီး တစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ ဖြစ်သည်။
အဆိုပါ လူကုန်ကူးခံရမှုနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် မြန်မာသံရုံးတာဝန်ရှိသူထံသို့
ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။
အဆိုပါ မလေးရှားငါးဖမ်းစက်လှေပေါ်သို့ လူကုန်ကူးရောင်းစားခံရသော မြန်မာလုပ်သား
၁၆ ဦးကို အင်ဒိုနီးရှားရေပိုင်နက်တွင် ငါးဖမ်းလျက်ရှိသည့်ငါးဖမ်းသင်္ဘောပေါ်သို့ ပို့ဆောင်
ခိုင်းစေရန် စီစဉ်ထားခြင်းဟုကနဦး စစ်ဆေးသိရှိထားရကြောင်း MAT အဖွဲ့ဒါရိုက်တာ
ဦးကျော်သောင်းက ပြောသည်။
















