ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားများ စာရင်းကောက်ယူခြင်းနှင့်
ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်းကို စင်တာ ၉၉ ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စပတ်ချာရတ်က ယခုလ ၁၂ ရက်က
ပြုလုပ်ခဲ့သည့် ထိုင်းလုပ်ငန်းရှင် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
''ဒီစင်တာတွေက အလုပ်သမားတွေရဲ့ အချက်လက်ကို ကောက်ယူဖို့ ဖွင့်လှစ်တာပါ။ အလုပ်ရှင်တွေ
အနေနဲ့ သူတို့အလုပ်သမားတွေရဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
စာရင်းကောက် အရာရှိက အလုပ်သမားရဲ့ အချက်အလက်တွေ ရရှိပြီးရင် ပြေစာလက်မှတ်ထုတ်
ပေးမှာပါ'' ဟု မစ္စပတ်ချာရတ်၏ ပြောကြား ချက်ကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန တရားဝင်
အင်တာနက်စာမျက်နှာတွင် ဖော်ပြ ထားသည်။
အဆိုပါ စာရင်းကောက်ယူမှုနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယခုလ ၂၄ ရက်မှ သြဂုတ်လ ရ ရက်ထိ
ပိတ်ရက်မရှိ ဆောင်ရွက်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်ထားကြောင်း
ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ ဒုဥက္ကဋ္ဌ
ဦးအောင်ကျော်က ယခုလ ၁၈ ရက်တွင် ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ခံပြီးနောက် လက်ခံဘောင်ချာပေးအပ်ခြင်း
ခံထားရသည့် ရွှေ့ပြောင်းလုပ်သားများသည် ခြောက်လအတွင်း မြန်မာနိုင်သို့ပြန်၍နိုင်ငံကူး
လက်မှတ်ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံရှိ မူလအလုပ်ရှင်ထံ၌ တရားဝင်အလုပ်သမားအဖြစ် ပြန်လည်
အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
'' ဒီအစီအစဉ်က တရားမဝင်အလုပ်ရှင်နဲ့၊ တရားမဝင်အလုပ်သမားတွေက ထိုင်းအလုပ်သမား
ဝန်ကြီးဌာန လက်အောက်က ဌာနတွေကို ၁၅ ရက်အတွင်း သတင်းပို့ရမယ်။ အဲဒါပြီးရင်တော့
စီအိုင် (နိုင်ငံသားဖြစ်ကြောင်းထောက်ခံချက်) နဲ့ ပတ်စပို့ (နိုင်ငံကူးလက်မှတ်)လုပ်တာက ရက်ပေါင်း
၁၈ဝ အတွင်းပြုလုပ်ခွင့်ရှိတယ်။ သတင်းပို့ပြီးလို့ ပေးလိုက်တဲ့ ထောက်ခံချက်စာရွက်က တော့်တော့်ကို
အရေးပါတဲ့ စာရွက်ပါ။ အဲဒီစာရွက်နဲ့ မြန်မာပြည်ပြန်တာနဲ့ ထိုင်းပြန်ဝင်တာကို လုပ်လို့ရပါတယ်''
ဟု ဦးအောင်ကျော်က ပြောသည်။
အဆိုပါ အစီအစဉ်မှာ တရားမဝင် အလုပ်သမားများနှင့် ၄င်းတို့ကို ခိုင်းစေ နေသည့်အလုပ်ရှင်များ
အတွက် တရားဝင် လုပ်ငန်းများဖြစ်စေရန် ဖြေလျှော့ပေးခြင်းဖြစ်သလို အလုပ်သမားရှားပါးမှုကို
ပြန်လည်ကုစားပေးခြင်းဖြစ်ကြောင်း၊ ထိုစာရင်းကောက်ယူခြင်း လုပ်ငန်းကို အခမဲ့ဆောင်ရွက်ပေးရန်
ထိုင်းအလုပ်သမားဝန်ကြီးဌာနက စီစဉ်ထားကြောင်း ဦးအောင်ကျော်က ပြောသည်။
''စခန်းပေါင်း ၉၉ ခုဖွင့်ပေးမယ်ဆိုပေမဲ့ ပွဲစားလက်ကတော့ ဘယ်လိုမှကို မလွတ်နိုင်ပါဘူး။ သူတို့
စားရင်းကောက်မယ်ဆိုတဲ့ ရက်က အရမ်းနည်းတော့ ဘယ်လိုမှ မလောက်ဘူး''ဟု ရွှေ့ပြောင်း
အလုပ်သမား ကွန်ရက် (ဖူးခက်)ဥက္ကဋ္ဌကိုရွှေထွန်းအေးက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားပေါင်း လေးသန်းဝန်းကျင်အထိ ရှိနေပြီး
အထောက်အထားမဲ့မြန်မာနိုင်ငံ သားပေါင်း တစ်သန်းခန့်အထိ ရှိနေသည်ဟုရွှေ့ပြောင်း
အလုပ်သမားရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့များက ခန့်မှန်းထားသည်။
















