ပြည်ထောင်စုလွှတ်တော်က ယခုလ ရ ရက်က ထုတ်ပြန်ခဲ့သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေ
မူကြမ်းတွင် ပိုမိုတိကျခိုင်မာသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်ခွင့်
ဥပဒေအချက်အလက်များ အားကောင်းစွာပါ၀င်ရန် မျှော်လင့်ကြောင်း ညီမျှခြင်း မြန်မာအဖွဲ့
ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
"ဥပဒေတွေကို ကောင်းအောင် ကြိုးစားပေမဲ့ ဥပဒေ ဖော်ထားပြီး လက်တွေ့အကောင်အထည်ဖော်မှု
မရှိရင် ဥပဒေဘယ်လောက်ကောင်းကောင်း အဆင်ပြေမှာ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းတွင် ၁၉၉၃ ခုနှစ်
ကလေးသူငယ်ဥပဒေထက် ပိုမိုစုံလင်သော ကဏ္ဍများပါ၀င်သော်လည်း ကလေးသူငယ်ပါ၀င်မှု
အခွင့်အရေးနှင့် ပတ်သက်ပြီး တိတိကျကျ ဖော်ပြထားတဲ့အချက်များ မရှိကြောင်း၊ ကလေးသူငယ်
အခွင့်အရေးပေါ် လက်ခံမှု အားနည်းနေဆဲ ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
ထုတ်ပြန်ထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းတွင် ကလေးသူငယ်၏
အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ် အခွင့်အရေးများကို
ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး
တိုးတက်ရေးနှင့် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိစေရေး
အပါအဝင် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ ကလေးသူငယ်များ လျစ်လျူရှုခံရခြင်း၊
အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခံရသော ကလေးသူငယ်များအတွက်
နိုင်ငံတော်အစိုးရ၊ စေတနာ့ဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက
ကာကွယ်စောင့်ရှောက်နိုင်စေရန် ဖော်ပြထားသည်။
မသန်စွမ်းကလေးသူငယ် အပါအဝင် ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား
စီရင်ခြင်း ခံရလျှင် အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ
ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
"ကလေးသူငယ်မုဒိမ်းမှုက အတော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ကိစ္စမို့ ပြင်းပြင်းထန်ထန်
ပြစ်ဒဏ်ချမှတ်ပေးဖို့ အစောကြီးကတည်းက တောင်းဆိုထားပြီးသားပါ။ ဒါကို ထောက်ခံတယ်" ဟု
ဦးအောင်မျိုးမင်းက ပြောသည်။
အဆိုပါဥပဒေမူကြမ်းတွင် "ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသောသူကို
ဆိုလိုသည်" ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပြီး ကလေးသူငယ်ကို ရောင်းချ ခြင်းနှင့် ကိုယ်ခန္ဓာ
အစိတ်အပိုင်း ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ အခြားတစ်နည်းနည်းဖြင့်
လွှဲပြောင်းခြင်း သို့မဟုတ် သိလျက်နှင့် တပ်ဆင်ပေးခြင်းတို့ကို ကျူးလွန်ပါက ပြစ်မှုထင်ရှား
စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ
ချမှတ်ရမည့်အပြင် ငွေဒဏ်အနေဖြင့် ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ဒဏ်ငွေ ချမှတ်နိုင်ကြောင်း
ဖော်ပြထားသည်။
ထို့ပြင် ကလေးသူငယ်ကို ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ် ပြည့်တန်ဆာ
ပြုလုပ်သည်ကို သိလျက်နှင့် ခွင့်ပြုခြင်း သို့မဟုတ် တမင်လျစ်လျူရှုခြင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ၊
စားသောက်ဆိုင်တို့တွင် ကလေးသူငယ်ကို ပြည့်တန်ဆာကိစ္စအလို့ငှာ ခန့်အပ်ခိုင်းစေခြင်း၊
ကလေးသူငယ် ညစ်ညမ်းပုံကို ပြုလုပ်ဖြန့်ဖြူးခြင်း၊ ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း၊ လက်ဝယ် ပိုင်ဆိုင်ခြင်း၊
ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ ခြင်း၊ ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ
ကိုယ်ထိလက်ရောက် အတင်းအကျပ် ပြုလုပ်မှုနှင့် အတင်းအကျပ် လက်ထပ်စေမှု စသည်တို့အတွက်
တားမြစ်ထားပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ
အများဆုံး ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်အနေဖြင့် ကျပ် ၁၅ သိန်းမှ
ကျပ်သိန်း ၃၀ အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
"သတိထားဖို့ လိုအပ်တာက ကလေးသူငယ်စေခိုင်းတာနဲ့ ပတ်သက်လို့ တချို့နေရာတွေကျတော့
ကလေးသူငယ်ကို စေခိုင်းချင်တာမဟုတ်ဘဲနဲ့ အခြေအနေအရ စေခိုင်းရတာမျိုးတွေ ရှိတယ်။
အဲဒီတော့ တကယ့်ကို အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ စေခိုင်းတာမျိုးတွေ ရည်ရွယ်ချက်နဲ့
လုပ်ဆောင်တာမျိုးတွေ ကလေးရဲ့ အသက်အရွယ်နဲ့ ကျူးလွန်တဲ့ ပြစ်မှုအလိုက် အလျှော့အတင်း
ပြုလုပ်စေတာမျိုးတွေ ရှိပါတယ်" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း
၄၀ ကျော် ပါ၀င်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားရေးကော်မတီ(NGO Child Rights
Working Group - NCRWG) အဖွဲ့က လွှတ်တော်က ဖွဲ့စည်းထားသည့် အမျိုးသမီးများနှင့်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် တွေ့ဆုံကာ ပထမအကြိမ်တွေ့ဆုံ
ဆွေးနွေးထားပြီး ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်စေလျက်
သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် အစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေး ကော်မရှင်က ကိုယ်စားလှယ်များ၊ ကလေးသူငယ် အခွင့်အရေးအတွက်
ဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်
စေတနာ့ဝန်ထမ်းများပါ၀င်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို
ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။















