အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ နှင့် လုပ်ပိုင်ခွင့်ပြန်လည်ရရှိရန် ဆန္ဒပြ တောင်းဆိုသည့်
ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ ရွှေလုပ်သားများကို ကုမ္ပဏီမှ စာထုတ်၍ အသိပေးခြင်းများ
ရှိသည်ဟု ပြန်လာခွင့်ကန့်သတ်ထား ခြင်းခံရသူ ကိုဖိုးဆယ် (ခ) စိုးသူအောင် က ဒီဇင်ဘာလ ၁၅
ရက်က ပြောသည်။
"စာထုတ်ထားတယ်၊ သူတို့ထုတ်ထားတဲ့ စာကိုလည်း သေချာမှတ်ခဲ့တယ်" ဟု ၎င်းက ပြောသည်။
ယင်းထုတ်ပြန်စာကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန် ထားခြင်းဖြစ်ပြီး အင်း
ဦးစီး ကြိတ်စက်လုပ်ကိုင်ခွင့် ရပ်နားခြင်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု
အုပ်စု ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဧရိယာအတွင်း ၀င်ရောက်မှုအား တားမြစ်ခြင်းအကြောင်းအရာ
ဖြင့် ထုတ်ပြန်ထားသည်။
ထို့ပြင် အင်းဦးစီးကြိတ်စက် လုပ်ကိုင်သူများသည် အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်
လုပ်မှု ကုမ္ပဏီလီမိတက်နှင့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က သဘောတူထားသည့် ရွှေမြင်တင်
စာချုပ်တွင်လည်း အချက်ခြောက်ချက်အား ဖောက်ဖျက်ပြီး မိုးထိမိုးမိဒေသစီမံကိန်း၌ အေးချမ်း
တည်ငြိမ်စွာ လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်း အင်းလုပ်သားမိသားစု၏ အလုပ်အကိုင်များပျက်
ပြားစေရန် ရည်ရွယ်ချက်ဖြင့် အခြား တောင်းဆို ဆန္ဒပြမှုများ ဆောင်ရွက်ရာတွင် ပါ၀င်သူများဖြစ်
သည်ဟု ဖော်ပြပါရှိသည်။
နိုဝင်ဘာလ ၁၁ ရက်က ထုတ်ထားသောစာတွင် ကိုအောင်ကြီး၊ ကိုနိုင်ဝင်း၊ ကိုယောက်ကြီးနှင့်
လက်ရှိ အဖမ်းခံရပြီး ရေတာရှည်မြို့နယ် တရားရုံး၌ စစ်ဆေးခြင်းခံနေရသည့် ကိုရဲရင့်ထွန်းတို့လည်း
အဓိကပါ၀င်နေကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်ဆိုရင် ဒီလ(ဒီဇင်ဘာလ) ၁၀ ရက်နေ့က ရာသီဥတုက ပိုပြီးအေးလာတာနဲ့ မိုးထိမိုးမိ
တောင်ပေါ်ကို ပြန်ပြီး စောင်ရယ်၊ အသုံးလိုလို့ ပိုက်ဆံနည်းနည်းကို ကျန်ခဲ့တဲ့ ကျွန်တော့ဇနီးဆီမှာ
သွားယူတာကို ကုမ္ပဏီက အုပ်ချုပ်ရေးမှူးက တားမြစ်နယ်မြေထဲဝင်လာတယ်ဆိုပြီး ၃၃(က)နဲ့
တရားစွဲမယ်၊ အမှုဖွင့်မယ်ဆိုပြီး ဓာတ်ပုံရိုက်တာတွေ လုပ်တယ်။ ကျွန်တော့အခက်အခဲကို ပြောပြ
တာလည်း လက်မခံဘူး။ ဒါပေမယ့် ညနေ ၅ နာရီခွဲလောက်မှာ ရမည်းသင်းမြို့နယ်က ဆူးကုန်း
ရဲစခန်းမှာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်" ဟု ကိုဖိုးဆယ် (ခ) စိုးသူအောင်က
ကိုယ်တိုင်ကြံုတွေ့မှုကို ပြောသည်။
"ကျွန်မက ရွှေလုပ်ကွက်တွေအနီးမှာနေပြီး သင်္ဘောသီးသုပ် ရောင်းပါတယ်။ အခု ကျွန်မယောကျ်ား
ကို ဘုန်းကြီးကျောင်းမှာ သွားတွေ့ပြီး ပြန်တော့ တောင်ပေါ်ကို တက်ခွင့်မပေးတော့ဘူး၊ အဲဒါနဲ့ပဲ
ကိုယ့် ဒေသဖြစ်တဲ့ မိတ္ထီလာကို ပဲ တန်းပြန်သွားလိုက်တယ်" ဟု မိုးထိ မိုးမိဒေသတွင် ငါးနှစ်ကြာ
သင်္ဘောသီးသုပ် ရောင်းနေသည့် ကိုရဲဝင်း၏ဇနီးဖြစ်သူ မပလောင်(ခ) မနန်းနီက ပြောသည်။
အထက်ပါ ရွှေလုပ်သားအဖွဲ့နှင့် ပတ်သက်သည့် ထုတ်ထားသောစာကို ရမည်းသင်းခရိုင် အုပ်ချုပ်
ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ မိုးထိ မိုးမိဒေသတာဝန်
ခံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိုးထိမိုးမိဒေသ တာဝန်ခံနှင့် မိုးထိ မိုးမိဒေသရှိ ၀ါးဖြူတောင်ကျေးရွာ
အုပ်ချုပ်ရေးမှူးတို့ထံ မိတ္တူပေးပို့ထားသည်ဟု သိရသည်။
"မိုးထိမိုးမိ တောင်ပေါ်ကို တက်ခွင့်မပေးတဲ့ကိစ္စမှာ ကိုယ်ချင်းစာတရားနဲ့ စာနာစိတ် အရင်ဆုံးရှိသင့်
ပါတယ်။ ကုမ္ပဏီက မတက်နဲ့ဆိုရင် မတက်ပါဘူး၊ ဘာကြောင့်လဲလို့ မြို့နယ်ထွေ/အုပ်ကို
မေးကြည့်တော့ မဖြေနိုင်ဘူး" ဟု ရမည်း သင်းမြို့နယ်၊ ရန်ကြီးအောင် ဘုန်းကြီးကျောင်း၌ ခေတ္တ
တည်းခိုနေသူ ရွှေလုပ်သားအဖွဲ့ဝင် ကိုလှိုင်မြင့်ဇော်က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောသည်။















