နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့က ညွန်ကြားထားသည့် မဘသဆိုင်းဘုတ်များ
ဖြုတ်သိမ်းရေးအစီအစဉ်ကို ဆောင်ရွက်ရာတွင် သံဃာ့စည်းလုံးညီညွတ်ရေးကို ရှေးရှုအလေးထားကာ
သိမ်မွေ့ငြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက မြန်မာတိုင်း(မ်)ကို ဇူလိုင်လ ၁၈ ရက်နေ့တွင်
ပြောသည်။
သံဃမဟာနာယကအဖွဲ့က တားမြစ်ထားသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)
ဆိုင်းဘုတ်များ ဖြုတ်သိမ်းရေးကိစ္စတွင် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ကျန်ရှိမှုသည် တစ်နိုင်ငံလုံး
အတိုင်းအတာအနေဖြင့် မန္တလေးမြို့ ကင်းဝန်မင်းကျောင်းတိုက်နှင့် ဘားအံမြို့
သရက်တောကျောင်းတိုက်တို့တွင်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။
"ဒါကို ဂရုစိုက်ပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆောင်ရွက်ရမှာပါ။ ဒီကိစ္စတွေက သိမ်မွေ့တယ်။
အခြေအနေတွေကတော့ အဲသလိုတော့ ရှိတာပေါ့။ ရှိပေမယ့် သံဃာ့စည်းလုံးညီညွတ်ရေး
သံဃာ့ညီညွတ်ရေးကို ရှေးရှုပြီးတော့ သိမ်မွေ့ငြင်သာစွာနဲ့ ဆောင်ရွက်ရမှာပါ။ သာသနာရေးကတော့
ဘာမှ လုပ်ဖို့ကိုင်ဖို့ အစီအစဉ်တော့ မရှိပါဘူး။ အရင်တုန်းက ထုတ်ထားတွေကို နောက်ဆက်တွဲက
ဘာမှ မလုပ်ပါဘူး" ဟု ဦးမြင့်ဦးက ပြောသည်။
'သံဃာ့ကိစ္စ သံဃာဆောင်ရွက်' ဟူသော မူအရ သံဃာ့အဖွဲ့အစည်းက ဆုံးဖြတ်ထားသော
မဘသဆိုင်းဘုတ်ကိစ္စကို အချင်းဖြစ်နေရာ တည်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က
အကောင်အထည်ဖော်ဆောင်ရွက်ကြရခြင်းဖြစ်သည့်အတွက် သိမ်မွေ့ညင်သာသောနည်းလမ်းဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ခုနှစ်၊မေလ ၂၃ ရက်နေ့က ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
၄၇ ပါး စုံညီအစည်းအဝေးတွင် "မဘသအမည်ခံပုဂ္ဂိုလ်များသည် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ
မဘသအမည်ကို သုံးစွဲလျက် မည့်သည့်အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန်၊ မြန်မာပြည်အနှံ
စိုက်ထူထားသည့် မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အပြီးအပိုင်
ဖြုတ်သိမ်းရန်၊ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ
ဥပဒေ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲဥပဒေများဖြင့် အရေးယူရန်" ဟု
ဆုံးဖြတ်ခဲ့သည်။
သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို မဘသအဖွဲ့(ဗဟို)၏ ဥက္ကဌဆရာတော်နှင့် ဒုတိယဥက္ကဌ
ဆရာတော်တို့က 'တိကျစွာ လိုက်နာမည်ဖြစ်ကြောင်းနှင့် မဘသအဖွဲ့ဝင် ဆရာတော်များအား
အသိပေးပြောကြားမည်ဖြစ်ကြောင်း' မေလ ၂၃ ရက်နေ့တွင် ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)ကို 'ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း'
အဖြစ် ဇွန်လတွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မြန်မာပြည်တစ်ဝန်းရှိ
မဘသဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အပြီးအပိုင် ဖြုတ်သိမ်းရန်နှင့်
လိုက်နာခြင်းမရှိပါက သံဃမဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း
သာယာရေးကို ထိခိုက်စေနိုင်သဖြင့် မလွဲမရှောင်သာဘဲ အာဏာစက်ဖြင့် အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် အသိပေးကြေညာခဲ့သည်။
ကြေညာချက်တွင် တရားမဝင်သည့် သံဃာ့အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာခြင်းသည် ဘာသာရေးနှင့်
လူမျိုးရေးဆိုင်ရာ အယူအဆများကွဲပြားလာနိုင်ပြီး၊ မလိုလားအပ်သောပဋိပက္ခများ ဖြစ်ပွားနိုင်ကြောင်း၊
သံဃမဟာနာယကအဖွဲ့က မဘသအဖွဲ့သည့် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်လည်းကောင်း၊
သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတို့နှင့်လည်းကောင်း ညီညွှတ်ခြင်း မရှိသောကြောင့်
တရားဝင်အဖွဲ့အစည်း မဟုတ်ကြောင်း ဆုံးဖြတ်ထားသည်။
အဆိုပါ ကြေညာချက်အပေါ် နိုင်ငံတစ်ဝန်းမှ ဆရာတော်ကြီးများနှင့် ရဟန်းသံဃာတော်အများစု
အနေဖြင့် သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်နှင့် ညွန်ကြားလွှာများသည်
ဓမ္မစက်အဖြစ်တည်ရှိသင့်ဟု လက်ခံတော်မူကြကြောင်း၊ သံဃမဟာနာယကအဖွဲ့ ဥက္ကဌ
ဗန်းမော်ဆရာတော်ကြီးက သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူကြသော ဆရာတော်များထံ
လျှောက်ထားခဲ့ရာ ဖားအောက်တော်ရဆရာတော်နှင့် တိပိဋကယောဆရာတော်တို့က
သံဃာထုထံ သံဃာ့စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန် ပန်ကြားလွှာများ
ရေးသားထုတ်ပြန်ကာ လျှောက်ထားခဲ့ကြသည်။
ထိုသို့ ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး အထက်မြန်မာပြည်
မန်းမဘသအဖွဲ့နှင့် ကရင်ပြည်နယ် မဘသအဖွဲ့တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
အသင်းအဖွဲ့အစည်းဆိုင်ရာ ဥပဒေများအရ တရားဝင်သဖြင့် မဘသဆိုင်းဘုတ်များကို
ဖယ်ရှားပေးမည် မဟုတ်ကြောင်း မန်းမဘသအဖွဲ့နှင့် ကရင်ပြည်နယ်မဘသအဖွဲ့များက
အခိုင်အမာ ပြောကြားထားသည်။
သံဃမဟာနာယကအဖွဲ့က ဇူလိုင်လ ၁၅ရက်နောက်ဆုံးထားကာ မဘသဆိုင်းဘုတ်များကို
ဖြုတ်သိမ်းရန် ညွှန်ကြားထားသော်လည်း မဘသဆိုင်းဘုတ်များကို ဖြုတ်သိမ်းမည် မဟုတ်ကြောင်း၊
သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်တစ်ခုတည်းဖြင့် မဘသဆိုင်းဘုတ်များကို
အကြမ်းဖက်ဖြုတ်သိမ်းမှုများ ဆောင်ရွက်လာပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများသည်
အစိုးရအဖွဲ့နှင့်ဖြုတ်ချသူများနှင့်သာ သက်ဆိုင်ကြောင်း အထက်မြန်မာပြည် မန်းမဘသနှင့်
ကရင်ပြည်နယ်မဘသအဖွဲ့တို့က ဇူလိုင်လ ၁၀ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
"အဲသလို လုပ်ရကောင်းလားဆိုပြီး ဘယ်တော့ဖြုတ်ပါ ဘာညာဆိုပြီး အမာအမာချင်း
ရင်ဆိုင်တွေ့တာမျိုး မလုပ်ဘူးလေ။ လောလောဆယ် ထိုင်ကြည့်နေသေးတယ်။ ဒါကြီးက
သွားပြီး ထိမိလိုက်လို့ ဖွလိုက်သလို ဖြစ်သွားရင် မကောင်းဘူး" ကရင်ပြည်နယ်အစိုးရအဖွဲ့မှ
မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်မဘသအဖွဲ့ရုံးစိုက်ရာ သရက်တောကျောင်းတိုက်ရှေ့ရှိ
မဘသဆိုင်းဘုတ်သည် ဥပဒေအရ စည်ပင်ပိုင်မြေပေါ်တွင် စိုက်ထူထားသဖြင့် ကျောင်းမြေ
ခြံစည်းရုံးပေါ်သို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောင်းရွှေ့ကာ မဘသဆိုင်းဘုတ်သစ် စိုက်ထူထားသည်။
ကရင်တစ်ပြည်နယ်လုံး၏ ငြိမ်းချမ်းရေး သို့မဟုတ် မြန်မာတစ်နိုင်ငံလုံး၏ ငြိမ်းချမ်းတည်ငြိမ်မှုသည်
မဘသဆိုင်းဘုတ်ကိစ္စနှင့် ဆက်နွယ်ပတ်သက်နေပါက အရေးမကြီးသည့် ဆိုင်းဘုတ်အတွက်
အတင်းအကြပ် ဖြုတ်ချသွားမည်မဟုတ်သကဲ့သို့ အတင်းမကာကွယ်သင့်ကြောင်း ၎င်းက ပြောသည်။
ကရင်ပြည်နယ် မဘသဆိုင်းဘုတ်တင်ပွဲနေ့တွင် ပြည်နယ်မဘသအဖွဲ့ဝင် ဆရာတော်များနှင့်
ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ တက်ရောက်ကြပြီး၊ သံဃာအချင်းချင်းတွေ့ဆုံကာ
မဘသနှင့် မဟန ခွဲခြားမနေဘဲ သံဃာ့ညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်ရန် ဘားအံမြို့
မဲဘောင်ကျောင်းတိုက် ဇွဲကပင်တောင်ဆရာတော်ဦးကဝိဓဇ(ကရင်ပြည်နယ်မဘသအဖွဲ့ဥက္ကဌ)က
တိုက်တွန်းမိန့်ကြားထားသည်။
"ဒါကို အေးအေးချမ်းချမ်းလေးနဲ့ ဗုဒ္ဓဘာသာအရ အချိန်တစ်ခုမှာ သူတို့ဘာသာ မသင့်ဘူးလို့
ထင်တဲ့အချိန်မှာ ဖြုတ်သွားတာကို စောင့်ကြည့်နေပါတယ်။ ဂိုဏ်းတွေ ဘာတွေခွဲပြီး
ဆွမ်းတစ်ဝိုင်းတည်း မဘုန်းတာကိုတောင် ပြုပြင်ပြီးခဲ့တာပဲ၊ တို့တွေ မဘသနဲ့ မဟန မခွဲခြားဘဲ
ပြည်နယ်ကောင်းအောင် ၀ိုင်းလုပ်ကြရင် မကောင်းဘူးလားဆိုပြီး ပြောတာ အဲဒီဆရာတော်ပဲ။
အခြေအနေ နည်းနည်းပြောင်းလာပြီလို့ ယူဆတယ်၊ အဲဒီအချိန်ကို ကျွန်တော်တို့ စောင့်နေတာ"ဟု
ဦးမင်းတင်ဝင်းက ပြောသည်။
ကရင်ပြည်နယ် မဘသဆိုင်းဘုတ်ကိစ္စတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ
ပါ၀င်ပက်သက်နေသော်လည်း ၎င်းအဖွဲ့အစည်းတို့သည် ဆရာဒကာအနေဖြင့် ၀န်းရံကြခြင်းသာဖြစ်ပြီး
အချို့သော ကရင်တိုင်းရင်းလက်နက်ကိုင်များသည် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အနီးကပ်
ဆက်ဆံလျက်ရှိကြသဖြင့် အွန်လိုင်းသတင်းမီဒီစာမျက်နှာများတွင် ဖော်ပြသကဲ့သို့ စိုးရိမ်ရမည့်
အခြေအနေမဟုတ်ကြောင်း ၎င်းက ပြောသည်။
မဘသဆိုင်းဘုတ်ကိစ္စအပေါ် ကရင်ပြည်နယ် သံဃာ့နာယကအဖွဲ့နှင့် ပြည်နယ်မဘသအဖွဲ့တို့သည်
စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိကြသော်လည်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ
ကိုယ်တိုင် တစ်စုံတစ်ရာ လာရောက်လျှောက်ထားခြင်း ဆိုင်းဘုတ်ကိစ္စအပေါ် တစ်စုံတစ်ရာ
လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း၊ သို့သော် ကရင်ပြည်နယ် မဘသအဖွဲ့အနေဖြင့်
မန္တလေးမဘသအဖွဲ့နည်းတူ မဘသအမည်ဖြင့် တရားဝင် ဆက်လက်ရပ်တည်ခွင့် ရရှိရေးအပေါ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ
စာရေးသားပေးပို့သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်မဘသအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး
တာဝန်ခံဆရာတော် ဦးဂမ္ဘီသာရက ပြောသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကမူ မန်းမဘသအဖွဲ့အမည်ဖြင့်
တရားဝင်ဆက်လက် ရပ်တည်ရေးအတွက် မန္တလေးတိုင်းသံဃာ့နာယကအဖွဲ့၏ အကြံပြုချက်အတိုင်း
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ
ဇူလိုင်လ ၁၅ ရက်မတိုင်မီကတည်းကပင် စာရေးသားပေးပို့ထားပြီးဖြစ်ကြောင်း မန္တလေးမဘသအဖွဲ့၏
အတွင်းရေးမှူးဖြစ်သူ ဆရာတော် ဦးကုသလက အတည်ပြု မိန့်ကြားသည်။
















