ရခိုင်ပြည်နယ်အရေးသည် အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်ဟု အမျိုးသား လုံခြံုရေးဆိုင်ရာ
အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ယခုလ ၁၈ ရက်တွင် ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေများကို ရှင်းလင်းပြောကြားရန်
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၌
တွေ့ဆုံရာတွင် ဦးသောင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ရခိုင်ပြည်နယ်အရေးက ကိုင်တွယ်ပုံ လွဲချော်ရင် မတည်ငြိမ်မှုဖြစ်ပြီး ညီညွတ်မှုကို ပျက်ပြားစေနိုင်
တာကြောင့် ပြဿနာကို ပိုပြီးမဆိုးရွားစေဖို့ အပြုသဘောဆောင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ပိုလိုအပ်ပါတယ်''
ဟု ၄င်းက ပြောသည်။
ရှုပ်ထွေးနက်နဲသည့် ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ရေတို၊ရေရှည် စီမံကိန်းများ
ချမှတ်ဆောင်ရွက်လျက်ရှိပြီး သမာသမတ်ကျသော နည်းလမ်းများဖြင့် လူ့အသိုင်းအဝိုင်းနှစ်ခုစလုံး၏
အခြေခံ လူ့အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ရန် လိုအပ်သည်ဟုလည်း ဦးသောင်းထွန်းက
ပြောကြားသည်။

''အားလုံးအတွက် လူ့အခွင့်အရေးမြှင့်တင်ပေးနိုင်ဖို့ အစိုးရအနေနဲ့ အပြည့်အဝ အာမခံပါတယ်''ဟု
၄င်းက ပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ရခိုင်ပြည်နယ်သို့ အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ရန်
ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံကြောင်းလည်း အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေး
ပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့သည်။
''ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ပိုဆိုးရွားသွားစေနိုင်ပါတယ်'' ဟု
ဦးသောင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်အခြေအနေများ မြင့်တက်လာလျက်ရှိပြီး ယမန်နှစ်
အောက်တိုဘာလမှ ယခုနှစ်ဇွန်လအထိ အရပ်သား ၄၄ ဦး သတ်ဖြတ်ခံရပြီး ၂၇ ဦးပျောက်ဆုံးနေ
ဆဲဖြစ်ကြောင်း၊ ယခုလ ၁၅ ရက်က မောင်တောမြို့မြောက်ပိုင်းငါးစားကြူးကျေးရွာအနီး ပေါက်ကွဲမှု
ဖြစ်ပွားသဖြင့် အရပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ၄င်းက နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းကို
ပြောကြားခဲ့သည်။
မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်
အစီရင်ခံစာပါ အကြံပြုချက်များအနက် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်
ကိစ္စရပ်များကို ဦးသောင်းထွန်းက ထည့်သွင်းရှင်းလင်းခဲ့ပြီး အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်ဒေသ
အားလုံး၏ ၉၅ ရာခိုင်နှုန်းထံ လူသားချင်း စာနာထောက်ထားမှု အထောက်အပ့ံများ ပေးပို့နိုင်ခဲ့သည်ဟု
ဆိုသည်။

''UN အေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ သူတို့လုပ်ငန်းတွေကို
ပြန်လည်စတင်နေပါပြီ။ နှစ်ဖက်လူ့အဖွဲ့အစည်းလည်း ထောက်ပံ့မှုတွေ အားလုံးကို ခံစားနေရပါတယ်'' ဟု
ဦးသောင်းထွန်းက ပြောသည်။
ကိုဖီအာနန်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပေးချက်များအနက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
ကိစ္စရပ်များ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စများ၊ ဒုက္ခသည်စခန်းများပိတ်သိမ်းမှု၊ ဒေသတွင်း
ဆက်ဆံရေး၊ နှစ်နိုင်ငံချင်းဆိုင်ရာ လုံခြံုရေးကိစ္စရပ်များ စသည့် ကိစ္စရပ်များကိုအကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိသည်ဟု ၄င်းက ပြောသည်။
''ရခိုင်ပြည်နယ်ထဲက ကျောင်းပေါင်း ၃ဝဝ ကျော်ကို အဆင့်မြှင့်တင်ခဲ့တယ်။ မောင်တောဖြစ်စဉ်ကြောင့်
ယာယီ ပိတ်ထားခဲ့တဲ့ ကျောင်းတွေအားလုံးလည်း ပြန်ဖွင့်ထားပြီ။ ကျန်းမာရေးအရ၊ ပညာရေးအရ
ဘယ်သူ့ကိုမှ ခွဲခြားကန့်သတ်ထားတာ မရှိပါဘူး။ အခုဆိုစစ်တွေတက္ကသိုလ်မှာ တက်ရောက်နေတဲ့
မွတ်စလင် ငါးဦးရှိပြီး တောင်ကုတ်ဒီဂရီကောလိပ်မှာ တက်ရောက်နေတဲ့သူ ၂၇ ဦး ရှိပါတယ်'' ဟု
အမျိုးသား လုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ရာတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်သည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ဆောင်ရွက်သွားရေး၊ အဆိုပြုထားသည့်နှစ်နိုင်ငံအကြား နယ်စပ်ဆက်ဆံရေးအရာရှိရုံး
ဖွင့်လှစ်ရေးနှင့် လုံခြံုရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ
လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆွေးနွေးလျက် ရှိသည်ဟုလည်း ဆိုသည်။
ဦးသောင်းထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ဒါကာမြို့တော်သို့
ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သွားရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးအပါအဝင် တာဝန်ရှိသူများနှင့်
တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်အရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်
ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ယခုလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်သတင်းယူနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ
သတင်းမီဒီယာများကို ပထမဆုံးအကြိမ် ခွင့်ပြုခဲ့ပြီး အဖွဲ့ဝင် ၁၉ ဦးပါသော သတင်းမီဒီယာအဖွဲ့သည်
အစိုးရ၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သွားရောက်
ခဲ့သည်။
















