အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှစ် ရဝ မြောက် အာဇာနည်နေ့
ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို ဆက်လက်ကြိုးပမ်းမည်ဟု
ကတိပြုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် မကြာမီလွတ်လပ်တော့မည့်
နိုင်ငံတော်အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား မျိုးနွယ်စု၊ သွေးစည်း
ညီညွတ်ရေးကို အခြေခံသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး အနာဂတ်
စီမံကိန်းများကို ခိုင်ခိုင်မာမာအုတ်မြစ်ချရန် ကြိုးပမ်းဆောင်ရွက်နိုင်ရန် ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု
ထုတ်ပြန်ချက်ကဆိုသည်။

ယခုအခါ အမျိုးသားဒီမိုကရေစိ အဖွဲ့ချုပ်သည် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့်
ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရကို အခိုင်အမာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အတူ အာဇာနည်
ခေါင်းဆောင်ကြီးများ မျှော်လင့်ခဲ့သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံထူထောင်ရေးကို
ပြည်သူနှင့်အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်ဆဲ ဖြစ်သည်ဟု ဆိုသည်။
အာဇာနည်စိတ်ဓာတ်ဖြင့် နိုင်ငံရေး နာကျင်ခါးသီးမှုကို သမိုင်းသင်ခန်းစာအဖြစ်ခံယူရင်း
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တန်းတူညီမျှရေး၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်၊
ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်ရေး၊ ပြည်သူလူထု ယုံကြည်အားကိုးသော ဒီမိုကရေစီစံချိန်
စံညွှန်းများနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးတို့ကို ကြိုးပမ်းဆောင်
ရွက်မည်ဟု အဆိုပါထုတ်ပြန်ချက်က ဆိုသည်။
















