ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းများဖြင့် ခေါ်ဆောင်လာပြီး၊
အဆောင်ခန်းများတွင် ပိတ်လှောင်ခံထား ရသည့် မြန်မာအလုပ်သမား ၁၂၅ ဦးကို
ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့ညနေတွင်
စတင်ကယ်ထုတ်နိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့သည့်
ထိုင်းနိုင်ငံအခြေစိုက် အေအေစီအဖွဲ့က မြန်မာတိုင်း(မ်)ကို ဇူလိုင် ၁၉ ရက်က ပြောသည်။
"ပွဲစားတွေက အလုပ်ရမယ်ဆိုပြီး ပွဲစားခယူပြီး အလုပ်သမားတွေကို ဒီကိုခေါ်ထားခဲ့တာ။ ဒါပေမယ့်
ဘာအလုပ်မှ မရှာပေးနိုင်ခဲ့ဘူး။ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေ
ကိုလည်း ပွဲစားတွေက သိမ်းထားတယ်။ ထွက်ပြေးလို့မရအောင်" ဟု မြန်မာအလုပ်သမားများ
ကူညီပေးနေသည့် အေအေစီအဖွဲ့မှ ကိုရဲမင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကနဦးတွင် အလုပ်သမား ၁၁၉ ဦးကို မြန်မာပွဲစားများက ထိုင်းနိုင်ငံ၊ စမွတ်ဆခွန်စီရင်စု၊
မဟာချိုင်နယ်မြေအစွန်ရှိ အဆောင်ခန်းများတွင် ပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပိတ်လှောင်ခံထားရသူများမှ အလုပ်သမား ၅ ဦးမှာ ထွက်ပြေးခဲ့ပြီးနောက် ကျန်ရှိသူများအား
ကယ်ထုတ်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် အေအေစီအဖွဲ့ထံသို့ အကူညီတောင်းခံခဲ့ခြင်း ဖြစ်သည်ဟု
အေအေစီထံမှ သိရသည်။
ထို့နောက် အေအေစီအဖွဲ့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဌာနသို့ သတင်းပို့
တိုင်တန်းခဲ့ပြီးနောက် ဇူလိုင်လ ၁၈ ရက်နေ့ ညနေတွင် ပိတ်လှောင်ခံထားရသည့် မြန်မာအလုပ်သမား
၁၁၉ ဦးကို ကယ်ထုတ်ပေးခဲ့ပြီး မြန်မာပွဲစားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု
အေအေစီအဖွဲ့မှ ကိုရဲမင်းက ပြောသည်။
အလုပ်သမားများကို ထိုင်းနို်င်ငံတွင် နှစ်နိုင်ငံ နားလည်မှုစာချုပ် (အမ်အိုယူ) စနစ်ဖြင့် အလုပ်အကိုင်များ
ရရှိမည်ဟု ပြောဆိုခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပွဲစားခအနေဖြင့် တစ်ဦးလျှင် ၄ သိန်းမှ၊ ၆ သိန်းကျပ်အထိ
ပေးဆောင်ခဲ့ရခြင်းဖြစ်သည်ဟုလည်း အလုပ်သမားများနှင့် အေအေစီအဖွဲ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။
"ကျွန်တော်တို့ ဒီရောက်နေတာ နှစ်လလောက်ရှိနေပြီ။ ဘာအလုပ်မှ မလုပ်ရဘဲ ဒုက္ခရောက်နေတာ။
ကျွန်တော်တို့ နိုင်ငံကူးလက်မှတ်တွေကိုလည်း အကုန်လုံးသိမ်းထားခံရတယ်။ သူတို့က မိတ္တူပဲ
ပေးထားတယ်။ ဒီနားကနေ ဘယ်မှ သွားလို့မရဘူး" ဟု ပဲခူးတိုင်းမှ လိုက်ပါလာခဲ့သည့်
အလုပ်သမားဖြစ်သူ ကိုဇေယျာမင်းက မြန်မာတိုင်း(မ်)ကို ဇူလိုင် ၁၉ ရက်က ပြောသည်။
၄င်းနှင့် အခြားကျေးရွာသား စုစုပေါင်း ၁၅ ဦးကို တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူက
ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု စည်းရုံးခဲ့ခြင်းဖြစ်ပြီး၊ ကနဦးအနေဖြင့် ပွဲစားခကို ၄ သိန်း
ပေးသွင်းထားရသည်ဟု ကိုဇေယျာမင်းက ပြောသည်။
ထို့နောက် ရန်ကုန်တွင် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပြီးနောက် တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံ၊ မဟာချိုင်နယ်မြေအတွင်းသို့ တရားမဝင်
လမ်းကြောင်းများဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။
"ကျွန်တော်တို့က အပြီးအစီး ၆ သိန်းနဲ့ အလုပ်သွင်းပေးမယ် ပြောထားတာ။ မြန်မာပြည်မှာ ကနဦး
၄ သိန်းပေးခဲ့ရတယ်။ ထိုင်းမှာ အလုပ်ရရင် နှစ်သိန်းနဲ့ စာရွက်စာတမ်းကြေး ထိုင်းဘတ် နှစ်ထောင်
ထပ်ပေးရမယ်လို့ သဘောတူထားတာ။ ဒီရောက်တော့ ဘာအလုပ်မှ မရခဲ့ဘူး။ ကျွန်တော်တို့လိုဘဲ
အလုပ်မရတဲ့သူတွေ ဒီမှာရှိနေတာ။ အဆင်ပြေမယ်ဆိုရင်တော့ ဒီမှာ အလုပ်လုပ်ချင်သေးတယ်။
ကိုယ့်အရပ်မှာ အလုပ်လုံးဝမရှိလို့ လိုက်လာကြတာ။ နောက် ဒီလာဖို့လည်း ငွေကို အတိုးနဲ့
ချေးယူထားရတာ" ဟု ကိုဇေယျာမင်းက ထိုင်းရဲတပ်ဖွဲ့များ ကယ်ထုတ်ခံရပြီးနောက် မြန်မာတိုင်း(မ်)ကို
ပြောခဲ့သည်။
အဆိုပါ အမှုနှင့် ပက်သက်ပြီး မြန်မာပွဲစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး၊
အခြားဆက်နွယ်နေသည့် ပွဲစားများကိုလည်း လူကုန်ကူးမှုဥပဒေဖြင့် ဖမ်းဆီးအရေးယူရန်
လုပ်ဆောင်နေသည်ဟုလည်း အေအေစီအဖွဲ့ဝင် ကိုရဲမင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အယောက် တစ်ရာကျော်မှာ ၅၀ လောက်ပဲ အလုပ်ရသေးတယ်။ အလုပ်သမားတွေက အုပ်စုခွဲပြီး
ဟိုအလုပ်ပို့ပေးလိုက်၊ ဒီအလုပ်ပို့ပေးလိုက်နဲ့ အလုပ်မရှာပေးနိုင်ခဲ့ဘူး။ ပြီးတော့ ဒီလိုလုပ်တာဟာ
တရာမဝင်ပါဘူး။ လူကုန်ကူးမှုပါ။ အဓိက ပွဲစားကြီးကတော့ လွတ်နေတယ်။ ထိုင်းရဲတပ်ဖွဲ့က
ကာကွယ်ပေးနေလို့" ဟု ကိုရဲမင်းက ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း အသစ်ပြဌာန်းထားသည့် အလုပ်သမားဥပဒေအား ရက်ပေါင်း ၁၈၀
ဆိုင်းငံ့ပေးထားပြီး အဖမ်းအဆီးများ ရပ်တန့်ထားခြင်းနှင့် အေအေစီအဖွဲ့ တောင်းဆိုခြင်းတို့ကြောင့်
တရားမဝင် ခေါ်ဆောင်ခြင်းခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးခြင်းမပြုရန်
ထိုင်းရဲတပ်ဖွဲ့က သဘောတူညီပေးထားသည်ဟု ကိုရဲမင်းက ပြောသည်။
ထို့အပြင် ထိုင်းရဲတပ်ဖွဲ့များ၊ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက မြန်မာပွဲစားများ
နေထိုင်သည့် နေအိမ်သို့ သွားရောက် စစ်ဆေးဖမ်းဆီးမှုများကို ဇူလိုင်လ ၁၉ ရက်က ပြုလုပ်ခဲ့ပြီး
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်တုများ၊ နိုင်ငံကူး လက်မှတ်တုများနှင့် အတုပြုလုပ်ရာတွင် အသုံးပြုသည့်
ပစ္စည်းကိရိယာများကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပြီး၊ ပွဲစားများ၏ အတူနေဆွေမျိုးတော်စပ်သူအချို့ကို
ဖမ်းဆီးနိုင်ခဲ့သည်ဟု အေအေစီအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် အခြားအဆောင်ခန်းတစ်ခုတွင် သော့ခတ်ပိတ်လှောင်ခံထားရသည့် မြန်မာအလုပ်သမား
၆ ဦးကိုလည်း ဆက်လက် ကယ်ထုတ်နိုင်ခဲ့ပြီး၊ မြန်မာပွဲစားတစ်ဦးမှာ ကားဖြင့် ထွက်ပြေးလွတ်မြောက်
သွားခဲ့သည်ဟုလည်း အေအေစီအဖွဲဲ့က ဆိုသည်။
"ဒီအလုပ်သမားတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ပီဂျေပတ်စပို့ (အလုပ်အကိုင်နိုင်ငံကူးလက်မှတ်)
ကိုင်ထားကြတယ်။ ဒါဟာ တရားဝင်အေဂျင်စီတွေကိုယ်တိုင် ဒီလူကုန်ကူးမှုမှာ
ပါ၀င်ပတ်သက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပီဂျေပတ်စပို့က အေဂျင်စီတွေရဲ့ တရားဝင်စာနဲ့မှ
ဒီပတ်စပို့ကို လျှောက်ထားထုတ်ယူခွင့်ရှိတယ်လို့ မြန်မာအစိုးရက သတ်မှတ်ထားတာ။ ဒီအမှုအတွက်
မြန်မာအစိုးရအနေနဲ့ ပူးပေါင်းစစ်ဆေးဖော်ထုတ်ပေးဖို့ လိုပါတယ်" ဟု ပိတ်လှောင်ခြင်းခံထားရသည့်
အလုပ်သမားများအား ကူညီမှုပေးနေသည့် အေအေစီအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဦးခိုင်ကြီးက
မြန်မာတိုင်း(မ်)ကို ဇူလိုင် ၂၀ ရက်က ပြောသည်။
အဆိုပါ လူကုန်ကူးမှုဖြစ်စဉ်တွင် ထိုင်းနိုင်ငံမှ ပွဲစား (၃)နှင့် မြန်မာနိုင်ငံဘက်မှ ပွဲစား (၃)ဦးတို့မှာ
အဓိက ပါ၀င်နေသည်ဟုလည်း ၄င်းက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံမှ အဓိက ပွဲစားကြီးဖြစ်သည့် မြန်မာနိုင်ငံသား ထွက်ပြေး လွတ်မြောက်
သွားပြီးကြောင်းနှင့် ၎င်းမှာ နယ်မြေခံရဲတပ်ဖွဲ့၏ ကျောထောက်နောက်ခံပြုထားသူဖြစ်သဖြင့်
ဖမ်းဆီးရမိရန် ခက်ခဲလျက်ရှိ သည်ဟုလည်း အေအေစီအဖွဲ့က ဆိုသည်။
ယင်းအပြင် အဆိုပါ ပွဲစားအဖွဲ့ချိတ်ဆက်ပို့ဆောင်မှုဖြင့် စက်ရုံများတွင် လုပ်ခလစာအပြည့်မရဘဲ
အလုပ်လုပ်ကိုင်နေရပြီး၊ ကူညီပေးကယ်ထုတ်ပေးရန် ဆက်သွယ်အကူညီတောင်းနေသည့်
အလုပ်သမားမှာ ရာဂဏန်းကျော်ထိ ရှိနေသည်ဟု အေအေစီဒါရိုက်တာ ဦးခိုင်ကြီးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်ပြီး မြန်မာတိုင်းမ်က အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့်
ထိုင်းနို်င်ငံအခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူများကို ဇူလိုင် ၂၀ ရက်က ဆက်သွယ်မေးမြန်းသော်လည်း
ဖုန်းဖြေဆိုမည့်သူ မရှိခဲ့ပေ။
တရားမဝင် အလုပ်ရှင်များနှင့် အလုပ်သမားများအတွင် ပြင်းထန်သည့် ပြစ်မှု၊ ပြစ်ဒဏ်နှင့် ဒဏ်ကြေးများ
ပါ၀င်သည့် အလုပ်သမားဥပဒေပြင်ဆင်ချက် ဥပဒေတစ်ခုကို ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က
ပြဌာန်းခဲ့သည့်။
ထို့နောက် တရားမဝင်အလုပ်သမားများအား ပိုက်စိပ်တိုက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင့်
မြန်မာအလုပ်သမား ထောင်ချီမှာ နေ့စဉ် မြန်မာနိုင်ငံသို့ ပြန်လာလျက်ရှိနေသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာများ
ကြံုတွေ့ခဲ့ရပြီးနောက် ထိုင်းအစိုးရက အဆိုပါဥပဒေကို ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ထားသည်။
















