တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်များ ဖွဲ့စည်းကာ
လူငယ်အင်အားများကို အင်န်အယ်ဒီပါတီမှ စုဆောင်းသွားမည်ဖြစ်ကြောင်း ယင်းပါတီ ဒုတိယအကြိမ်
လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဌ ဦးမောင်မောင်ဦးက ဇူလိုင်လ ၂၄ ရက်နေ့တွင်
မြန်မာတိုင်း(မ်) ကိုပြောသည်။
"လူငယ်ပါတီဝင်ကို အသက် ၃၀ လို့ သတ်မှတ်တာကိုး။ သုံးဆယ်အောက်ဖြစ်ရမယ်ဆိုတော့
လူငယ်တွေ အများကြီးစုဆောင်းရအုံးမယ်" ဟု ဦးမောင်မောင်ဦးက ပြောသည်။
ယခုတပတ်အတွင်း ဒုတိယအကြီမ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင် အဖွဲ့ဝင်များကို
အစည်းအဝေး ခေါ်ယူကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည်ဖြစ်ပြီး၊ ညီလာခံကျင်းပမည့် ရက်ကို
ခန့်မှန်း၍ မရသေးကြောင်း ၎င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်ကို
ဇူလိုင်လ ၂၄ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး၊ နာယက၊ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးအပါအဝင်
အဖွဲ့ဝင် ၈ ဦး ပါ၀င်ခဲ့သည်။
"အဓိကကတော့ တနိုင်ငံလုံးလူငယ်တွေ ပြန်စုဖို့ပါ" ဟု အင်န်အယ်ဒီပါတီ ဒုတိယအကြိမ်
လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဌေး က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် တိုင်းနှင့် ပြည်နယ်အလိုက် လူငယ်ညီလာခံကျင်းပရေး
ကော်မရှင်များ ဖွဲ့စည်းကာ လူငယ်အင်အား စုဆောင်းမည်ဖြစ်ပြီး၊ ပါတီအပေါ် သက်ဝင်ယုံကြည်ကာ
မူဝါဒများကို လေးစားလိုက်နာသူကို လူငယ်ခေါင်းဆောင်အဖြစ် တင်မြှောက်မည်ဟု သိရသည်။















