ယခုလဆန်းပိုင်းမှစတင်ကာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်များတွင်
ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကာ ဇူလိုင် ၂၅ ရက်အထိ နေအိမ်ပြောင်းရွှေ့ရသည့် လူဦးရေ
၁၃ဝ,ဝဝဝ ကျော်အထိရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူဦးရေ ၂ဝ,ဝဝဝ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် ၉ဝ,ဝဝဝ ကျော်၊
ပဲခူးတိုင်းဒေသကြီးတွင် ၁ဝ,ဝဝဝ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅,ဝဝဝ ကျော်၊ ရခိုင်ပြည်နယ်
တွင် လူဦးရေ ၁,ဝဝဝ ကျော်၊ မွန်ပြည်နယ်တွင် ၅,ဝဝဝ ကျော်၊ နေပြည်တော်တွင် လူဦးရေ ၃ဝဝ ကျော်၊
ကရင်ပြည်နယ်တွင် လူဦးရေ ၂၅ဝ နီးပါး ရေးဘေးကြောင့် ရွှေ့ပြောင်းခဲ့ရသည်ဟု ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
''ဒီနှစ်ရေကြီးရေလျှံမှုက အရင်နှစ်တွေကထက် ပိုစောနေတယ်။ ၁၅ ရက်လောက်ပိုစောတယ်လို့
ပြောလို့ရတယ်။ ရေကြီးရေလျှံမှုက အခုမှစတာဖြစ်တဲ့အတွက် အရင်နှစ်ထက် ပိုများနိုင်မလား
ဆိုတာတော့ ခန့်မှန်းလို့ မရနိုင်သေးဘူး။ စက်တင်ဘာ၊အောက်တိုဘာအထိ ဆက်ဖြစ်နိုင်မယ့်
အနေအထားရှိတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) မှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ရေဘေးဒဏ်ခံစားနေရသည့် တိုင်းနှင့်ပြည်နယ်အများစုအနက် မကွေးတိုင်းဒေသကြီးတွင်
ရေဘေးကြောင့် နေအိမ်ပြောင်းရွေ့ရသည့် လူဦးရေအများဆုံးဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင်
ရေကြီးရေလျှံမှုများပါခံစားနေရရုံမက မြစ်ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုမှုများပါ
ဆက်လက်ဖြစ်ပွားနေပြီး ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့် အနေအထားရှိနေသည်ဟု ဒေသခံများက
ပြောသည်။
''ကံမမှာက ရေဘေးတင် မကဘူး။ကမ်းပါးတွေပြိုလို့ ကျွန်တော်တို့ တစ်ရွာလုံးပြောင်းရမယ့်
အခြေအနေမှာ ရှိနေတယ်။ ရွာထဲမှာ ဘယ်လိုမှ နေမရဘူး။ လူတွေက ကိစ္စမရှိပေမဲ့ ကျွဲနွားတွေ
အတွက် အခက်အခဲ ရှိနေတယ်'' ဟု မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ဓမ္မသော်ကျေးရွာအုပ်စု၊
ရေလယ်ကျွန်းရွာမှ ကိုဝေဖြိုးက ပြောသည်။
ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေကြီးမှုများကြောင့် မကွေးတိုင်းဒေသကြီးတွင် ကမ်းပါးပြိုမှုများ၊
ရေကြီးရေလျှံမှုများ ခံစားခဲ့ရခြင်းဖြစ်သည်။ မြစ်ရေမြင့်တက်လာမှုများကြောင့် စာသင်ကျောင်းပေါင်း
၁၃ဝ ခန့် ကိုလည်း ယာယီပိတ်ထားရဆဲဖြစ်ပြီး အဆိုပါ ကျောင်းများတွင် ပညာသင်ကြားနေသော
ကျောင်းသားကျောင်းသူ စုစုပေါင်းနှစ်သောင်းနီးပါး (၁၇,၂ဝ၉) ရှိသည်ဟု တာဝန်ရှိသူများက
ပြောသည်။
ရေကြီးရေလျှံမူ ဖြစ်ပေါ်နေသည့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း ယာယီ
ပိတ်ထားရသည့် စာသင် ကျောင်းများ ရှိ၊ မရှိကိုမူ မသိရှိရသေးပေ။

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နယ် တွင် နှစ်ပေခန့်နှင့် ဇလွန်မြို့တွင် တစ်ပေခွဲခန့်ယင်းမြို့များ၏
စိုးရိမ်ရေမှတ် အထက်သို့လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် နှစ်ပေခွဲခန့်၊
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် သုံးပေခန့်၊ သာပေါင်းမြို့နယ်တွင် တစ်ပေခွဲခန့်၊ တိုးမြစ်ရေ
သည် မအူပင်မြို့တွင် ပေဝက်ခန့် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေကာ လာမည့်နှစ်ရက်မှ
ငါးရက်အတွင်း အဆိုပါမြို့များ၏ စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း
မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် ရေကြီးရေလျှံမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လိုအပ်သည့် ထောက်ပံ့မှုများပြုလုပ်ပေးနေပြီး၊
ဇူလိုင် ၂၄ ရက်အထိ ထောက်ပံ့မှုတန်ဖိုး စုစုပေါင်းကျပ်သန်းပေါင်း ၁၈ဝ ကျော်ရှိကြောင်း သတင်း
ထုတ်ပြန်ထားသည်။
ရေကြီး၊ ရေလျှံမှု စတင်ဖြစ်ပေါ်စဉ်ကတည်းက လိုအပ်သည့် ထောက်ပ့ံမှုများ ပြုလုပ်ပေးနေသည်နှင့်
အညီ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနထားရှိကာ အဓိက မြစ်ရေကြီးဖြစ်စဉ်အားလုံးကို
အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကြိုတင်ပြင်ဆင်ရေးနှင့် အချိန်မီရွှေ့ပြောင်းနိုင်ရေး
လုပ်ငန်းများဆောင်ရွက်နိုင်ရန် စီစဉ်ပေးနေသည်ဟု တာဝန်ရှိသူများက ပြောသည်။
ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အရင်းအနှီးအကုန်အကျ
များသည့်အတွက် အစိုးရနှင့် နိုင်ငံတကာပူးပေါင်းမှုဖြင့် မလုံလောက်ဘဲ လူထုပါဝင်ရန်လည်း
ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဒေါ်မြတ်မိုးသွယ်က ပြောသည်။
''နှစ်စဉ်ကြံုတွေ့နေကျဘေး ဖြစ်ပေမဲ့ပြည်သူတွေကလည်း သွေးအေး၊ လူမှုရေးအဖွဲ့အစည်းတွေက
သွေးအေးသွားတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ နှစ်အလိုက်ဖြစ်လာတော့ လူတွေကလည်း
အာရုံထားမှုနည်းလာတယ်။ အရမ်းစိုးရိမ်ပူပင်တာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ကြိုတင်ပြင်
ဆင်မှုတွေက အစဉ်တစိုက် လုပ်ရမယ့်အရာပါ'' ဟု ၄င်းက ပြောသည်။
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းအရှိန်ကြောင့်ဇူလိုင်လကုန်အထိ
မြစ်ဝကျွန်းပေါ်ဒေသအပါအဝင် မွန်၊ ကရင်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်ခြင်း၊
နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

''လက်ရှိကာလက မိုးလယ်ကာလ ပထမလကုန်တော့မယ့် အချိန်ဖြစ်ပြီး မုတ်သုံလေအားအကောင်းဆုံး
တိုက်ခတ် ချိန်က တစ်လကျန်နေပါသေးတယ်။ မုတ်သုံမိုးတွေ သည်းထန်နေပါဦးမယ်။ ပင်လယ်ပြင်၊
ရေကြောင်း၊ လေကြောင်း၊ ယာဉ်၊ ရထား၊လှေ၊ သင်္ဘောတွေအနေနဲ့ မိုးလေဝသအခြေအနေ
ဆိုးဝါးနိုင်မှု ထုတ်ပြန် သတိပေးချက်တွေကို သတိပြုသင့်ပါတယ်''ဟု ၄င်းက ပြောသည်။
လက်ရှိအချိန်တွင် ပင်လယ်ပြင်နှင့် နီးစပ်သည့် ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကို ခံစားနေရ
ဆဲဖြစ်သည်။ ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကုတ်၊
သံတွဲ၊ ဂွ နှင့် အမ်းမြို့နယ်များရှိ ကျေးရွာ ရပ်ကွက်အချို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
''မနေ့က ညနေပိုင်းလောက်မှာပဲ ရေပြန်ကျသွားပါတယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။
အမ်းမှာတော့ ဒီနေ့အထိ ရေနည်းနည်းကျန်နေသေးတယ်။ ပြည်နယ်အတွင်းရှိ ခရိုင်မြို့များတွင်
အရေးပေါ်သဘာဝဘေး ကျရောက်လာရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့
စီစဉ်ထားတယ်။ ရေကြီးနေတဲ့ ဒေသတွေကိုလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေ
တယ်''ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ဂွမြို့နယ်ရှိကျေးရွာ ခြောက်ရွာမှ အိမ်ထောင်စု ၃ဝ၊
သံတွဲမြို့နယ်ရှိ ရပ်ကွက်၄ ရပ်ကွက် အိမ်ထောင်စု ၅၅ စု၊ အမ်းမြို့နယ်ရှိကျေးရွာလေးရွာမှ
အိမ်ထောင်စု ၃၂ စုကိုယာယီပြောင်းရွှေ့ခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက
ပြောသည်။
ရေကြီးရေလျှံမှုကြောင့် ဂွမြို့နယ်တွင် ခန့်မှန်းတန်ဖိုး ၂၇ သိန်းခန့်နှင့် အမ်းမြို့နယ်တွင် ခန့်မှန်း
တန်ဖိုး ၈၄ သိန်းခန့် ဆုံးရှုံးခဲ့ပြီး တောင်ကုတ်မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော်လည်း
ဒေသသခံများကို ရွှေ့ပြောင်းခဲ့ရခြင်း မရှိဟု ဆိုသည်။
လတ်တလောတွင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း 'ဆွန်ကာ'
အရှိန်ကြောင့် မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသ၊ ကမ်းရိုးတန်းဒေသနှင့်
ဒေသအများစုတွင် မိုးသည်းထန်ခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း
မိုး/ဇလက ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်းတိုင်းတာချက်များအရ
ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်များ၏ မြစ်ရေအခြေအနေမှာ မြို့နယ်အချို့တွင်
စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေသည့်အတွက် အဆိုပါမြစ်ဘေးတစ်လျှောက်
နေထိုင်သူများအနေဖြင့် မြစ်ရေအခြေအနေကို သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံအနေဖြင့်
မိုးနှောင်းကာလဖြစ် သည့်စက်တင်ဘာ၊ အောက်တိုဘာလအထိ မိုးသည်းထန်မှုများ
ဆက်လက်ဖြစ်ပေါ်နိုင်သည့်အတွက် နောက်ဆက်တွဲ ရေကြီးရေလျှံမှု အန္တရာယ်ကိုလည်း
ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။
ပြီးခဲ့သည့်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ရေဘေးရင်ဆိုင်ခဲ့ရပြီး ရေဘေးဒုက္ခသည်
ဦးရေ ၄၇၇,၃၆ဝ နှင့် သေဆုံးသူ ရှစ်ဦးရှိခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် သီးနှံစိုက်ခင်း ပျက်စီး
ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်မြေစိုက်ပျိုးဧကပေါင်း ၅ဝဝ,ဝဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
















