အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား စမ်းသပ် ကောက်ယူမှု ရခိုင်ပြည်နယ်သာ ကျန်ရှိနေ

အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား စမ်းသပ် ကောက်ယူမှု ရခိုင်ပြည်နယ်သာ ကျန်ရှိနေ

 

တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ဆောင်ရွက်လျက်ရှိသော အီလက်ထရွန်းနစ် နိုင်ငံသား
စစ်ဆေးရေး ကတ်ပြား (National Electronic ID card) ရှေ့ပြေးစမ်းသပ်ကောက်ယူမှု စီမံချက်တွင်
ရခိုင်ပြည်နယ်သာ ကျန်ရှိနေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား ရှေ့ပြေးစမ်းသပ်ကောက်ယူခြင်းလုပ်ငန်းများကို ၂ဝ၁၆
ခုနှစ်၊ ဒီဇင်ဘာက စတင်၍ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊
ရခိုင်ပြည်နယ်တွင် စာရင်းကောက်ယူမှု ကျန်ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါစာရင်း ကောက်ယူမှုကို
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေသည်ဟု ၄င်းက ပြောသည်။

''ရခိုင်မှာ စမ်းသပ်နေတုန်းဗျ။ လောလောဆယ်တော့ သုတေသန လုပ်နေတုန်းပဲ ရှိသေးတယ်။
အချို့နေရာ တွေကျတော့ မေးမရတဲ့ နေရာတွေ၊ ရာသီဥတုဆိုးရွားတဲ့ နေရာတွေ နောက်တချို့
ကျတော့လည်း အကြောင်း အမျိုးမျိုးနဲ့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ နေရာတွေကျရင် ဘယ်လိုပြဿနာတွေ
ရှိနိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ'' ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

နိုင်ငံသားများ ကိုင်ဆောင်သုံးစွဲလျက်ရှိသည့် အမျိုးသားမှတ်ပုံတင်ကတ်ပြား(ခ) နိုင်ငံသားစိစစ်ရေး
ကတ်အစား အီလက်ထရွန်းနစ်စနစ်သုံး နိုင်ငံသားစစ်ဆေးကတ်ပြား (Smart Card) အဖြစ်
ပြောင်းလဲကျင့်သုံးရန် ရှေ့ပြေး စမ်းသပ်ကောက်ယူခြင်းကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ဆောင်ရွက်နေသည်ဟု
ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား ရှေးပြေးစမ်းသပ်ချက်နှင့် လေ့လာတွေ့ရှိချက်များ
ကို သုတေသနစာတမ်းပြုစုပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ အစီရင်ခံစာ
တင်သွင်းမည်ဖြစ်ကြောင်း၊ အသေးစိတ် တွေ့ရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ
တင်ပြရမည်ဖြစ်သဖြင့် ကြိုတင်မပြောနိုင် သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူး ဦးသိန်းရွှေဝင်းက ပြောသည်။

''ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကတော့ စမ်းသပ်ပြီးသွားပြီ။ သူတို့ဘက်က ပြီးရင်တော့
တင်လိုက်တော့မှာပါ။ ဒီဘက်ကပြီးတာ ကြာပြီ။ ရခိုင်က ရာသီဥတု ကြမ်းတမ်းတာရယ်
ဒေသသွားလာရေး ခက်ခဲတာရယ်နဲ့ ဟိုဘက်က ပူးပေါင်းဆောင်ရွက်ရအောင် မနည်းကို စည်းရုံးပြီး
လုပ်နေရတယ်''ဟု ဦးမြင့်ကြိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အီလက်ထရွန်းနစ်နိုင်ငံသားစစ်ဆေးရေး ကတ်ပြားရှေ့ပြေးစီမံချက်
ဆောင်ရွက်လျက်ရှိ သော်လည်း အသေးစိပ်လုပ်ငန်းစဉ်ကို မသိရှိကြောင်း၊ ရခိုင်ပြည်နယ်
လူမှုရေးဝန်ကြီးဌာနမှ ထိုလုပ်ငန်းစဉ် အသေးစိတ်ကို ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား ရှေးပြေးစမ်းသပ်စစ်ဆေးမှုကို ဝန်ကြီးဌာနနှင့်
အတူ ကမ္ဘာ့ဘဏ်နှင့် International Organisation for Migration National Electional ID card
တို့က ငွေကြေးနှင့် နည်းပညာများကို အဓိက ပ့ံပိုးကူညီထားပြီး ကောက်ယူပြီးစီးခဲ့သည့် စမ်းသပ်
စစ်ဆေးမှုတွင် မျက်လုံးသူငယ်အိမ်ဖတ်ခြင်း၊ လက်ဗွေစနစ် ကောက်ယူခြင်းနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ
မှတ်တမ်းအချက်အလက်များ ကောက်ယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ရှေ့ပြေးစမ်းသပ်ကောက်ယူမှု
အစီရင်ခံစာပေါ် ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်ပြီးနောက် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ
နည်းပညာကုမ္ပဏီများကို တင်ဒါများ ခေါ်ယူကာ အီလက်ထရွန်းနစ် နိုင်ငံသားကတ်ပြားများ
ထုတ်ပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြားစနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်မည်ဆိုပါက
ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိရောက်စွာ ဆောင်ရွက်နိုင်
မည်ဖြစ်ကြောင်း National Electional ID card စနစ်သည် လက်ဗွေစိစစ်ခြင်းစနစ်လုပ်ငန်းကို
အချိန်တိုအတွင်း ဆောင်ရွက်နိုင်သဖြင့် မဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်းများတွင် အသုံးပြုမည်
ဖြစ်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး