အလုပ်ရှင်အလုပ်သမား နှစ်ဦးသဘောတူစာချုပ်ပါ အချက်အလက်များ ဖောက်ဖျက်ခြင်းနှင့်
လစာပေးချေရန် ပျက်ကွက်သည့် ဘာရိန်းနိုင်ငံပိုင် လောင်စာဆီတင် ပင်လယ်ကူးသင်္ဘောကုမ္ပဏီကို
တရားစွဲတင်ထားသည်ဟု ယခုလ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
မြန်မာသင်္ဘောသားများက ပြောသည်။
စာချုပ်အရ သင်္ဘောသားသေဆုံးမှုဖြစ်ပေါ်ပါက ကျန်ရစ်သူမိသားစုအတွက် လျော်ကြေးခံစားခွင့်
ရှိမည်ဟု ဆိုထားသော်လည်း သင်္ဘောတွင် အလုပ်လုပ်ကိုင်ရင်း သေဆုံးခဲ့သည့်
အလုပ်သမားအတွက် လျော်ကြေးပေး လျော်မှု မရှိခြင်းနှင့် အခြားမြန်မာအလုပ်သမားခြောက်ဦးကို
နှစ်နှစ်ကျော် လစာပေးချေရန် ပျက်ကွက်ခြင်းတို့ကြောင့် အဆိုပါ ဘာရိန်းသင်္ဘောကုမ္ပဏီကို
တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းသွားလာမှုတရားရုံးတွင် တရားစွဲတင်ထားကြောင်း
သင်္ဘောသားများက ပြောသည်။
"အမျိုးသားက သင်္ဘောပေါ်မှာ ဆုံးသွားတာ သုံးနှစ် ရှိသွားပြီ။ သူ့လစာကို လေးလလောက်နေတော့
ရတယ်။ နောက် သေဆုံးမှုလျော်ကြေးကို ရမယ်ရမယ်နဲ့ ခုနစ်လ လောက်ထိစောင့်နေတာ
မရတဲ့အတွက် အခုတိုင်တန်းထားပါတယ်" ဟု အဆိုပါ သင်္ဘောတွင် ဒုတိယအရာရှိ ရာထူးဖြင့်
လုပ်ကိုင်ခဲ့ရင်း သေဆုံးခဲ့သည့် သင်္ဘောသား ဦးအေးမြတ်မင်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းဆွေက
ပြောသည်။
၎င်း၏ အမျိုးသားမှာ အဆိုပါသင်္ဘောသို့ ၂၀၁၄ ခုနှစ်တွင် စတင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့
ပြီးနောက် နှစ်လခန့်အကြာတွင် ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောကုမ္ပဏီနှင့်
ချုပ်ဆိုခဲ့သည့်စာချုပ်တွင် သေဆုံးမှု ဖြစ်ပေါ်ပါက ကျန်ရစ်သူဇနီးအတွက် အမေရိကန်
ဒေါ်လာ ၉၀,၀၀၀ နှင့် ကလေးနှစ်ဦးအတွက် အမေရိကန် ဒေါ်လာ ၄၀,၀၀၀ လျော်ကြေးခံစားခွင့်
ရရှိမည်ဟု သဘောတူထားခဲ့သော်လည်း ယနေ့တိုင် မည်သည့်နစ်နာကြေးမျှ မရရှိသေးကြောင်း
ဒေါ်သင်းသင်းဆွေက ပြောသည်။
Bramco 1 အမည်ရှိ ဘာရိန်းနိုင်ငံပိုင် လောင်စာဆီတင် ပင်လယ်ကူးသင်္ဘော၌ အလုပ်လုပ်ကိုင်ရန်
Zenith Future အမည်ရှိ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် ချိတ်ဆက်
စာချုပ်ချုပ်ဆိုပြီးနောက် ၂၀၁၅ ခုနှစ်တွင် သွားရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်္ဘောသည်
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ရှိ သင်္ဘောကျင်းတစ်ခုတွင် ဆိုက်ကပ်ထားပြီး ပင်လယ်ပြင်သို့ ထွက်ခွာခြင်း
မရှိခဲ့ကြောင်း၊ သင်္ဘောတွင် ၁၆ လကျော် အလုပ်လုပ်ခဲ့သော်လည်း တစ်လအတွက်သာ
လုပ်ခရရှိခဲ့ကြောင်း အဆိုပါသင်္ဘောတွင် တတိယအင်ဂျင်နီယာ ရာထူးဖြင့် လုပ်ကိုင်ခဲ့သူ
ကိုရဲလင်းထွန်းက ပြောသည်။
"ကျွန်တော်တို့ အလုပ်လုပ်မယ်ဆိုပြီးသွားတာ။ ဟိုမှာ အလုပ်သာလုပ်ရတယ်၊ ပိုက်ဆံမရခဲ့ဘူး။
အဆက်အသွယ်လည်း လုပ်လို့ မရခဲ့ဘူး။ နောက်ပိုင်း အစားအသောက်ကလည်း
တော်တော်ဆိုးလာတယ်။ တရုတ်မှာက ရာသီဥတုကလည်းဆိုး၊ ရေထဲမှာ ဘယ်မှလည်း သွားမရနဲ့၊
ထောင်ကျ နေသလိုဖြစ်ခဲ့ပြီး စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်ခဲ့ရတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ သင်္ဘောတွင် ဆီလောင်းရာထူးဖြင့် လုပ်ကိုင်ခဲ့သည့် ကိုအောင်ပြည့်ဖြိုးကလည်း
New Asia World Wide အမည်ရှိ သင်္ဘောသားအလုပ်အကိုင်ရှာဖွေ အေဂျင်စီမှတစ်ဆင့်
ချိတ်ဆက်စာချုပ်ချုပ်ဆိုပြီး သင်္ဘောတွင် ၂၁ လကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ရသော်လည်း
လစာနှစ်လစာသာ ရရှိခဲ့သည်ဟု ဆိုသည်။
"ကျွန်တော် သင်္ဘောမှာ ၂၁ လ နေခဲ့ရတယ်။ လစာကတော့ နှစ်လနီးပါးစာပဲ ရခဲ့တယ်။
အစားအသောက် လုံလောက်အောင် မရခဲ့လို့ ငါးဖမ်းစားရတဲ့ အဖြစ်မျိုးတောင်
ကြံုတွေ့ခဲ့ကြရတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသား သင်္ဘောသားခြောက်ဦးက သင်္ဘောကုမ္ပဏီကို တရားစွဲဆိုထားမှုအပေါ်
အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများ အဖွဲ့ချုပ်က ပူးပေါင်းကူညီဆောင်ရွက်ပေးနေပြီး
လစာမရသည့် သင်္ဘောသား ခြောက်ဦးနှင့် သေဆုံးသူ သင်္ဘောသား၏ ဇနီးသည်ကို တစ်ဦးလျှင်
အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ ထောက်ပံ့ကူညီပေးထားကြောင်း မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ်
(အိုင်အပ်ဖ်အိုအမ်) အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်လင်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများအဖွဲ့ချုပ် ညီလာခံဆုံးဖြတ်ချက်အရ သင်္ဘောသားများ၏ လစာကို
နှစ်လထက်နောက်ကျ ပေးချေခွင့်မရှိကြောင်း၊ လစာပေးချေရန် နှစ်လကျော်အထိ ပျက်ကွက်သည့်
သင်္ဘောများကို စွန့်ပစ်ထားသည့် သင်္ဘောအဖြစ် သတ်မှတ်ပြီး သင်္ဘောပိုင်ရှင်များ
အပေါင်တင်ထားသည့် ငွေဖြင့် သင်္ဘောသားများကို လစာပြန်လည်ပေးချေရသည့် ဥပဒေကို
ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် စားဝတ်နေရေးအတွက် လုံလောက်စွာ ထောက်ပံ့မှု
မရရှိခဲ့သဖြင့် မြန်မာသင်္ဘောသား သုံးဦးမှာ ကျန်းမာရေးထိခိုက်မှုများ ကြံုတွေ့နေရကြောင်း
၎င်းက ပြောသည်။
"နှစ်လထက်ကျော်ပြီး လစာမရဘူးဆိုရင် သတင်းပို့ တိုင်ကြားကြပါ။ ကျွန်တော်တို့ ကူညီဖို့အသင့်ပါ။
ကမ္ဘာ့သင်္ဘောသား အဖွဲ့ချုပ်ကလည်း ပြောထားပါတယ်။ သင်္ဘောသား လစာကို နှစ်လထက်ပိုပြီး
နောက်ကျခွင့် မရှိပါဘူး။ ဒါကြောင့် လစာနှစ်လကျော်တဲ့အထိမှာ မရရင် အောင့်အည်းသည်းခံမနေပါနဲ့၊
သတင်းပို့ တိုင်ကြားဖို့ လိုပါတယ်" ဟု ဦးအောင်ကျော်လင်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သင်္ဘောသားများ စေလွှတ်ခဲ့သည့် New Asia World Wide နှင့်
Zenith Future အမည်ရှိ သင်္ဘောသား အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ကုမ္ပဏီများကို
လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းထားကြောင်း မြန်မာနိုင်ငံ ရေကြောင်းညွှန်ကြားမှုဦးစီးဌာနက
ထုတ်ပြန်ထားသည်။
















