မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်အပေါ် အစိုးရသစ်နှင့်လွှတ်တော်၏ တုံ့ပြန်မှုများကြောင့် မြန်မာနိုင်ငံ
ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ ဆက်လက်ထားရှိရေးနှင့် ပတ်သက်၍
စဉ်းစားနေသော ကုလသမဂ္ဂအတွက် မြန်မာနိုင်ငံကို ပိုပြီးအာရုံစိုက်ရန် တွန်းအားဖြစ်စေကြောင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးမှူး
ဦးအောင်ဇော်ဦးက ပြောသည်။
''တုံ့ပြန်မှုက အပြုသဘော မဆောင်တဲ့ အခါကျတော့ အရင်အစိုးရလက်ထက်က တုံ့ပြန်မှုနဲ့
ဘာမှမကွာခြားဘူးဖြစ်နေတယ်။ ဒါက ကုလသမဂ္ဂအတွက် မြန်မာနိုင်ငံက လူ့အခွင့်အရေး
အခြေအနေကို ပိုပြီး အာရုံစိုက်ဖို့ ဖြစ်စေတယ်။ အထူးကိုယ်စားလှယ်ဆက်ထားဖို့ ဆုံးဖြတ်တဲ့
အဆင့်ကို ရောက်စေနိုင်တယ်'' ဟု ၄င်းက ပြောသည်။
ယခင်အစိုးရများလက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များ ရှိခဲ့သော်လည်း
ဒီမိုကရေစီ အစိုးရ လက်ထက်တွင် လူ့အခွင့်အရေး အခြေအနေတိုးတက်လာနိုင်သည်ဟု ကုလသမဂ္ဂ
အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက မျှော်လင့်ခဲ့ကြောင်း၊ မစ္စယန်ဟီးလီ၏
ထုတ်ပြန်ချက်အပေါ် အစိုးရနှင့်လွှတ်တော်၏ တုံ့ပြန်မှုအရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး
အခြေအနေအပေါ် အစိုးရ၏ အာရုံစိုက် ကိုင်တွယ်ဖြေရှင်းမှုသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ မြန်မာ
အစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပိုမိုပူးပေါင်းဆောင်
ရွက်သင့်သည်ဟု ဦးအောင်ဇော်ဦးက ပြောသည်။
''ဘာပဲပြောပြော ကုလက သူ့အလုပ်သူဆက်လုပ်မှာပဲ။ မြန်မာအစိုးရက လွှတ်တော်ထဲထိ
တုံ့ပြန်မှုက ကုလအတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုပြီး စောင့်ကြည့်ဖို့
ဖြစ်စေတာပဲ'' ဟု ၄င်းက ပြောသည်။
စာမျက်နှာ ၁၃ မျက်နှာပါဝင်သော မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်သည် ယေဘုယျဆန်သော
စွပ်စွဲချက် များနှင့် မှားယွင်းသောအချက်အလက်များစွာ ပါဝင်နေကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ
ရုံးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
''အထူးအစီရင်ခံစာ တင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် မိမိတို့အနေဖြင့်
စိတ်ပျက်ရပါသည်'' ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အဆိုကို ယခုလ ၂၅ ရက်က
ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက
ထောက်ခံဆွေးနွေးပြီး အတည်ပြုခဲ့သည်။
မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်သည် အမှန်တရားကင်းမဲ့ပြီး ဘက်လိုက်မှုရှိသော ထုတ်ပြန်ချက်
ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြည်သူ့လွှတ်တော်တွင်
ပြောကြားခဲ့သည်။
''လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထုတ်ဖော်ပြောကြားတဲ့အခါ
သက်ဆိုင်ရာ နိုင်ငံရဲ့ တုံ့ပြန်ချက်သဘောထားတွေကိုလည်း မျှမျှတတ ဖော်ပြရမယ်ဖြစ်ပေမဲ့
ယန်ဟီးလီရဲ့ထုတ်ပြန်ချက် အများစုက မျှတမှုကင်းမဲ့တာတွေ့ရတယ်'' ဟု ဦးကျော်တင်က
ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်လက်ထက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ်
အခြေခံပြီး ကုလသမဂ္ဂက မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံတင်ပြသူ
ဆက်လက်မထားရှိရန် စဉ်းစားခဲ့သော်လည်း ရခိုင်ပြည်နယ်တွင်းက ဖြစ်ရပ်များနှင့် ရှမ်းပြည်နယ်
တွင်းက စစ်ပွဲအချို့တွေကြောင့် ပြီးခဲ့သည့် မတ်လက မစ္စယန်ဟီးလီကို တစ်နှစ်သက်တမ်းတိုး
ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မစ္စယန်ဟီးလီသည် အစိုးရသစ်လက်ထက် တတိယမြောက်ခရီးစဉ်အဖြစ် ယခုလ ၁ဝ ရက်မှ၂၁
ရက်အထိ ၁၂ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇူလိုင် ၂၁ ရက်တွင် ခရီးစဉ်ဆိုင်ရာ
ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ အစိုးရသစ်သည် ယခင်အစိုးရလက်ထက် အသုံးပြုခဲ့သော
နည်းဗျူဟာများကို အသုံးပြုနေသည့်အတွက် စိတ်ပျက်မိကြောင်း၊ ခရီးစဉ်အချို့သွားရောက်ရန်
အစိုးရက ခွင့်မပြုခဲ့ကြောင်း မစ္စယန်ဟီးလီ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရှမ်းပြည်အတွင်း ပဋိပက္ခများပိုမိုဖြစ်ပွားနေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း
စွပ်စွဲပြောဆိုမှု ပိုမိုများပြားလာသည်ကိုတွေ့ရကြောင်း၊ ရခိုင်ပြည်နယ်တွင်း ပြန်လည်နေရာချထားရေး
ဆောင်ရွက်ရာတွင် တစ်ပြေးညီမဟုတ်ဘဲ ကွဲပြားခြားထားသည့် လုပ်နည်းလုပ်ဟန်များကြောင့်
ကာလရှည် ပြည်တွင်း နေရပ်စွန့်ခွာနေရသူ (အိုင်ဒီပီ) ခန့်မှန်း ၁၂ဝ,ဝဝဝ အတွက် ရေရှည်
တည်တံ့နိုင်မည့် ဖြေရှင်းမှု အလားအလာ နည်းပါးနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။
''အစိုးရသစ်အနေနဲ့ ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် အထူးအစီအစဉ်တွေ မထားရှိတော့ဖို့
အပါအဝင် ကုလသမဂ္ဂနဲ့ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေလိုတယ်လို့ ကျွန်မ နားလည်ထားပါတယ်။
အဲဒီ 'အထူးအစီအစဉ်' တွေကို မဖျက်သိမ်းနိုင်မီ ပထမဆုံး မြန်မာနိုင်ငံအနေနဲ့ အာရုံစူးစိုက် စိစစ်မှု
မလိုအပ်တော့တဲ့ နိုင်ငံအဖြစ် ကူးပြောင်းသွားရမှာ ဖြစ်ပါတယ်'' ဟု မစ္စယန်ဟီးလီ၏ထုတ်ပြန်ချက်က
ဆိုသည်။
















