ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးညီလာခံ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေနိုင်

ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးညီလာခံ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေနိုင်

ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲသည် ဗုဒ္ဓယဉ်ကျေးမှု
အမွေအနှစ်များ ထိန်းသိမ်းမှုသာမက ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေးအတွက် အထောက်အကူပြု
ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဆိုပါ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်
ပြောသည်။

"ဗုဒ္ဓဘာသာဟာ လူတို့ရဲ့ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းကျောင်းပေးလို့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး
တို့အတွက်များစွာ အထောက်အကူပြုခဲ့တယ်။ ဗုဒ္ဓ အဆုံးအမတွေမှာ သည်းခံခြင်း၊ မေတ္တာတရား၊
စာနာစိတ်နဲ့ အနတ္တတရား ဖော်ဆောင်တယ်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သိပ္ပံနည်းပညာ
တို့က ဖြည့်ဆည်းပေးနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဗုဒ္ဓအဆုံံးအမတွေကသာ ဖြည့်
ဆည်းပေးနိုင်မှာပါ။ ဗုဒ္ဓ ဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး တရားတွေဟာ အနှိုင်းမဲ့ဗုဒ္ဓရဲ့
ယဉ်ကျေးမှုအမွေအနှစ်တွေပါပဲ" ဟု ၎င်းက ပြောကြားသည်။

ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာလ ၁၅
ရက်မှ ၁၇ ရက် နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့
သည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် ဓမ္မနှင့်ဆိုင်သော အကျင့်ပိုင်း(စိတ်ပိုင်းဆိုင်ရာ) ဗုဒ္ဓယဉ်ကျေးမှု အမွေ
အနှစ်များနှင့် ရုပ်ပိုင်းဆိုင်ရာ ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ
စာတမ်းများကို စာတမ်းရှင် အသီးသီးက ဖတ်ကြားဆွေးနွေးခဲ့သည်။

ညီလာခံသည် ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ နိုင်ငံ၏ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ် တည်
တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက အခမ်းအနားတွင် မိန့်ကြားသည်။

ဆရာတော်က ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အကျင့်ပိုင်းဆိုင်
ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူ၍နှစ်ပိုင်းရှိရာ စိတ်ပိုင်းဆိုင်ရာ၊ အကျင့်ပိုင်းဆိုင်
ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ ဗုဒ္ဓယဉ်ကျေးအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ ပိဋ
ကတ်သုံးပုံ အကြောင်းအရာများကို စနစ်တကျ သင်ကြားခြင်း၊ ပို့ချခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်
ခြင်းဖြစ်ကြောင်း မိန့်သည်။

အလားတူ ရုပ်ပိုင်းဆိုင်ရာ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ဗုဒ္ဓတရားတော်၏အရိပ်အောက်
ရှိ ခေတ်အဆက်ဆက်၊ နိုင်ငံအသီးသီး ဗုဒ္ဓဘာသာဝင်အမျိုးမျိုးတို့ တည်ဆောက်ခဲ့ကြသည့် စေတီ
ပုထိုး၊ တန်ဆောင်း၊ ဇရပ်၊ ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီများ စသည့် အကြောင်းများက
လည်း ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သော အပိုင်းများတွင် ပါ၀င်
ကြောင်း ဆရာတော်ကမိန့်သည်။

ညီလာခံတွင် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်နှင့် ပတ်သက်သည်များကို အရှည်တည်တံ့စေရန် ထိန်း
သိမ်းစောင့်ရှောက် ခြင်းဆိုင်ရာစာတမ်းများကို နိုင်ငံပေါင်း ၁၀ နိုင်ငံမှ စာတမ်းရှင် ၂၆ ဦးတို့က ဖတ်
ကြားခဲ့ကြသည်။

စာတမ်းဖတ်ပွဲသည် ဗုဒ္ဓအဆုံးအမ တရားတော်များ၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ဗုဒ္ဓဘာ
သာနှင့်ပတ်သက်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုး၊ အဆောက်အအုံများ ထိန်း
သိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လာရန် နှင့် ဗုဒ္ဓဘာသာနိုင်ငံအချင်းချင်း
ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရန် အထောက်အကူပြုကြောင်း စာတမ်းရှင်များက
ပြောသည်။

"မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓတရားတော်နဲ့ အမွေအနှစ်တွေကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်
ရှောက်ထားတဲ့ နိုင်ငံပါ။ ဒီလိုမျိုး စာတမ်းဖတ်ပွဲတွေကို နိုင်ငံ့ကိုယ်စားပြု ဦးဆောင်သင့်တယ်။
များများလုပ်သင့်တယ်။ ဆွေးနွေးကြတဲ့ နိုင်ငံအသီးသီးက ပညာရှင်တွေရဲ့ အမြင်တွေ၊ အယူအဆ
နဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ နောင်လာနောက်သားတွေနဲ့ အနာဂတ် သာသနာရေး ထိန်းသိမ်းစောင့်
ရှောက်မှုအတွက် အထောက်အကူဖြစ်စေမှာပါ။ အရင်က ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်း
သိမ်းစောင့်ရှောက်ဖို့ကို သူ့အဖွဲ့အစည်းနဲ့သူ လုပ်နေကြတယ်ဆိုပေမယ် ကျယ်ပြန့်မှုမရှိသေးသလို
လူတွေက သိပ်အာရုံစိုက်မှုလည်း နည်းတယ်။ အခုတော့ အာရုံစိုက်လာတယ်။ နောင်ကိုလည်း
အစိုးရ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်းတွေ၊ ယူနက်စ်ကိုလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပိုပြီး
ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်"ဟု စာတမ်းရှင်တစ်ဦးဖြစ်သော ပရိယတ္တိ သာသနာ့တက္ကသိုလ်
ပါဠိဌာနမှ ပါမောက္ခ ဒေါက်တာလှထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အိန္ဒိယနိုင်ငံသို့ ချစ်
ကြည်ရေးခရီးစဉ် သွားရောက်ခဲ့စဉ်က အဆိုပါညီလာခံကို ကျင်းပရန် နှစ်နိုင်ငံအကြား သဘော
တူညီမှု ပြုလုပ်ခဲ့သည်။

ဗုဒ္ဓဘာသာဆိုင်ရာ ဓာတ်ပုံပြပွဲ၊ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များအပြင် တေးဂီတဖျော်ဖြေပွဲကို
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များက ဒီဇင်ဘာလ ၁၅ ရက်ညနေတွင် အမျိုးသားဇာတ်ရုံ
၌ ဖျော်ဖြေတင်ဆက်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး