ပြီးခဲ့သော ရက်ပိုင်းမှစ၍ဖြစ်ပွားခဲ့သည့် H1N1 ရာသီတုပ်ကွေးရောဂါကြောင့် ယမန်နေ့အထိ
သေဆုံးသူ လေးဦးရှိပြီး ဓာတ်ခွဲအတည်ပြုချက်အရ ရောဂါပိုးရှိသူ ၁၇ ဦးအထိရှိလာပြီ ဖြစ်သည်။
လက်ရှိတွင် H1N1 ရာသီတုပ်ကွေးရောဂါ စစ်ဆေးတွေ့ရှိရသူများမှာ ရန်ကုန်၊ ချင်း ပြည်နယ်၊ ပဲခူးနှင့်
ဧရာဝတီတိုင်းဒေသကြီးများက ဖြစ်ပြီး လက်ရှိအချိန်အထိ ချင်းပြည်နယ်က ၁၀ ဦး အပါအဝင်
တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် H1N1 ရှိ/မရှိ ဓာတ်ခွဲစစ်ဆေး ထားသည့် လူနာ ၃၅ ဦးရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ခွဲစစ်ဆေးထားသည့် လူနာများအနက် ရန်ကင်းကလေးဆေးရုံကြီးတွင် တက်ရောက်
ကုသနေသည့် ကလေးငယ် နှစ်ဦးပါ၀င်ပြီး တစ်ဦးမှာရာသီတုပ်ကွေး Seasonal Influenza A H1N1၊
နောက်တစ်ဦးတွင် တုပ်ကွေးအမျိုးအစားတစ်ခုဖြစ်သည့် H3N2 စစ်ဆေးတွေ့ရှိကြောင်း
အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောသည်။
"သံသယလက္ခဏာတွေ တွေ့ရတဲ့အတွက် စမ်းသပ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ယောက်
ဖြစ်တာကလည်း ရာသီတုပ်ကွေး အမျိုးအစား တစ်ခုပါပဲ။ ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်
ကိုလည်း ပြင်ဆင်ထားပါတယ်"ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။
ယခုအခါ H1N1 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကုသရေးလုပ်ငန်းနှင့် စောင့်ကြပ်ကြည့်ရှုရေး
လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းကြားပြီးကြောင်း
သက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။
"ဌာနအနေနဲ့ ဒါနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့
တိုင်ပင်ပြီး ဘာတွေဆက်လုပ်သွားမလဲဆိုတာကို လမ်းညွှန်တွေလုပ်နေပါတယ်။ မကြာခင်မှာ
ထုတ်ပြန်သွားဖို့ လည်းရှိပါတယ်" ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာသန်းထွန်းအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီပိုးက အရင်ကထဲက မြန်မာနိုင်ငံမှာ ရှိနေပြီးသားပါ။ ဒီနှစ်မှာ ဗိုင်းရပ်စ်က နည်းနည်းပြင်းလာတဲ့
သဘောရှိတယ်။ ဒါကြောင့် သေဆုံးနိုင်မှုက ရာခိုင်နှုန်းနည်းပါတယ်။ ကိုယ်ခံအားနည်းမှ
စိုးရိမ်ရတာမျိုးပါ။ ဒါကြောင့် အရမ်းကြီးစိတ်မပူကြဘဲ ကိုယ်တိုင်ဆောင်ရွက်လို့ရတဲ့ ကာကွယ်ရေး
နည်းလမ်းတွေကို လိုက်နာကြပါ"ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်က လူနာ ၁၀ ဦးနှင့် ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည့်
ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ကုုသနေသည့်
လူနာသုံးဦးမှာ ကျန်းမာရေးအခြေအနေ တိုးတက်လာကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရာသီတုပ်ကွေးကြောင့်
(Seasonal Influenza A(H1N1) pdm ၂၀၀၉ ကြောင့် သေဆုံးမှုနှုန်းမှာ သုည ဒသမ ၀၂ ရာခိုင်နှုန်း
ရှိပြီး ရောဂါပြင်းထန်၍ သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၅၅ ရာခိုင်နှုန်းရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါသည်
Influenza Type A, Type B, Type C ဗိုင်းရပ်စ် ရောဂါပိုးများကြောင့် ဖြစ်ပွားပြီး Type A နှင့်
Type B သည် ပိုမိုကူးစက်ပျံ့နှံ့လေ့ရှိသည်။
ရာသီတုပ်ကွေးရောဂါ ကပ်အသွင်ဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးအနေဖြင့် တစ်နှစ်လျှင် လူဦးရေ
သုံးသန်းမှ ငါးသန်းအထိ ရောဂါပြင်းထန်စွာ ဖြစ်ပွားပြီး လူဦးရေ ၂၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ
နှစ်စဉ် သေဆုံးလျက်ရှိသည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



H1N1 ရောဂါမှာ ကူးစက်မြန်သောရောဂါတစ်မျိုးဖြစ်ပြီး လေမှတစ်ဆင့်ကူးစက်ဖြစ်ပွားနိုင်သည့်အတွက်
လက်ရှိတွင် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်နေပြီး ရန်ကုန်မြို့တွင် H1N1 ရောဂါ
စစ်ဆေးတွေ့ရှိကြောင်း စတင်သိရှိသည့်နေ့မှစ၍ ရောဂါပိုးကူးစက်ခံရမှု ကာကွယ်ရန် ရန်ကုန်မြို့နေ
လူထုအတွင်း အများစုမှာ နှာခေါင်းစည်းတပ် သွားလာခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။
လူထုအတွင်း ထိတ်လန့်မှုကြောင့် နှာခေါင်းစည်းဝယ်ယူခြင်းများ မြင့်တက်လာကာ ဈေးကွက်အတွင်း
ပစ္စည်းပြတ်ခြင်း၊ ဈေးတက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
နှာခေါင်းစည်း တပ်သူအချို့သည် မိမိ၀တ်သည့် နှာခေါင်းစည်းအမျိုးအစားမှာ H1N1 ရောဂါပိုး
ကာကွယ်နိုင်ခြင်းရှိ၊ မရှိကို အတိအကျ သိရှိခြင်းမရှိဘဲ နှာခေါင်းစည်းမျိုးစုံ အသုံးပြုတပ်ဆင်
နေကြသည်ကို တွေ့ရသည်။
"သတင်းတွေကြားကတည်းက လေကတစ်ဆင့် ကူးတယ်ဆိုတော့ စိတ်ပူလာတဲ့အတွက်
နှာခေါင်းစည်းသွားဝယ်တော့ အနားကဆိုင်တွေမှာ မရတော့ဘူး။ သတင်းတွေစကြားတော့
သူတို့ ပြောတဲ့ N95 mask ဆိုတာကိုလည်း မသိဘူးလေ။ ဒီရိုးရိုးနှာခေါင်းစည်းက
ရောဂါ မကာကွယ်နိုင်ဘူးဆိုပေမဲ့လည်း လူတောထဲသွားတဲ့အခါ အကာအကွယ်တော့ ဖြစ်မယ်လို့
ထင်မိတာပေါ့" ဟု အသက် ၂၉ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း မမေသန္တာက ပြောသည်။
လက်ရှိ လူအများအသုံးပြုနေသော နှာခေါင်းစည်းများသည် H1N1 ရောဂါပိုးကို ကာကွယ်ပေးနိုင်ခြင်း
မရှိဘဲ N95 နှာခေါင်းစည်းကသာ ရောဂါပိုးကာကွယ်နိုင်ပြီး ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်
ဟု ရန်ကုန်တိုင်း ကုသရေးဦးစီးဌာန ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောသည်။
"N95 နှာခေါင်းစည်းက ဆေးရုံတွေမှာ လူနာတွေနဲ့ ၀န်ထမ်းတွေအတွက် အသုံးပြု ပါတယ်။
ဆေးရုံတွေမှာ သုံးနေပါတယ်။ အဲဒါကို အဓိကအားဖြင့် ရောဂါပိုးရှိတဲ့သူဆီက ပိုးတွေ တခြားကို
မပျံ့နှ့ံနိုင်အောင် သုံးတာဖြစ်တယ်။ အခုအတော်များများသုံးနေတဲ့ ရိုးရိုးနှာခေါင်းစည်းက
အပေါက်ကလေးတွေက ကျယ်တဲ့အတွက် ရောဂါကိုတော့ မကာကွယ် နိုင်ဘူး။ ဒါပေမဲ့ ကိုယ်က
ချောင်းဆိုး၊ နှာစေးတဲ့အခါ အဲဒါလေးတပ်ထားရင်တော့ သူများဆီကို မကူးနိုင်ဘူးပေါ့" ဟု
၎င်းက ပြောသည်။


H1N1 ရောဂါပိုး ပြန့်ပွားမှုကို ကာကွယ်ပေးနိုင်သည့် N95 နှာခေါင်းစည်းမှာ ယခင်ကတည်းက
ဆေးရုံ၊ ဆေးခန်းများသာ သုံးစွဲလေ့ရှိခြင်းကြောင့် ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်ရန်
မလွယ်ကူကြောင်း သိရသည်။
"City Mart ကဆေးဆိုင် မှာ N95 mask သွားဝယ်တော့ သုံးရက်လောက်နေမှ ရမယ်။ ရရင်လည်း
အများကြီးတော့ မရနိုင်ဘူးလို့ ပြောတယ်။ အွန်လိုင်းမှာ ရောင်းနေတာတွေတော့ ရှိတယ်။ တစ်ခုကို
ကျပ် ၁,၀၀၀ အနိမ့်ဆုံး။ အဲဒါတွေက ကြိုမှာရမယ့်အပြင် တစ်ဘူး ဒါမှမဟုတ်ရင် အရေအတွက်များများ
၀ယ်မှရမှာဆိုတော့ တစ်ယောက်တည်းအတွက်ဆိုရင် အဆင်မပြေဘူး။ ဒါပေမဲ့လည်း
ရောဂါကာကွယ်ဖို့ဆိုတော့ ၀ယ်ရမှာပေါ့"ဟု ကိုနေသူက ပြောသည်။
ရာသီတုပ်ကွေးရောဂါပိုးသည် မိုးရာသီနှင့် မိုးအကုန်ဆောင်းအကူး ကာလများတွင် ဖြစ်ပွားလေ့ရှိပြီး
ရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ဖြစ်ပွားကာ ရောဂါပျိုးရက်မှာ တစ်ရက်မှ
သုံးရက် ကြာမြင့်သည်။
ရောဂါ၀င်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြမည့် အချိန်သည် တစ်ရက်မှ ငါးရက်အတွင်းဖြစ်ပြီး
အခြားသူသို့ ကူးစက်နိုင်သည့် အချိန်ကာလမှာ ရောဂါလက္ခဏာ မခံစားမီ တစ်ရက်သို့ နှစ်ရက်မှ
ရောဂါလက္ခဏာပြပြီး လေးရက်မှ ငါးရက်အတွင်းဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းများ စသည်တို့ ဖြစ်ပွားနိုင်ပြီး
ရောဂါပြင်းထန်လာပါက အဖျားကြီးခြင်း၊ အသက်ရှုကျပ်ခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း ဂနာမငြိမ်ဖြစ်ခြင်း၊
သတိလစ်ခြင်းများ ဖြစ်ပေါ်ကာ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
"ရောဂါကူးစက်မှုမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လိုပါတယ်။ အိပ်ရေးဝ အောင်အိပ်ဖို့၊
တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ဖို့၊ အာဟာရပြည့်အောင် စားဖို့လိုပါတယ်" ဟု ရန်ကုန်တိုင်း
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောသည်။
ရာသီတုပ်ကွေး ရောဂါများသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယမန်နှစ်က H1N1 ဖြစ်ပွားသူ ကိုးဦးရှိခဲ့ပြီး
ကိုယ်ခံအားစနစ် ကောင်းမွန်မှသာ ရောဂါကို ခုခံနိုင်သည်ဟု ၎င်းက ပြောသည်။

















