ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး အဆိုပြုမူကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင်
ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ရာ ပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်သင့်ကြောင်း ကိုယ်စားလှယ်
ခုနစ်ဦးက ဆွေးနွေးခဲ့ပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များကမူ ဥပဒေကြမ်းပါ ပြင်ဆင်ချက်အတိုင်း
အတည်ပြုကြောင်း တင်ပြခဲ့သည်။
ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသော စီးပွားရေး
လုပ်ငန်းများကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သော်လည်း ဆက်သွယ်ရေး
ကွန်ရက်ကို အသုံးပြုသည့် စီးပွားရေး လုပ်ငန်းများ အချင်းချင်း စွဲဆိုသည့်အမှု တစ်ခုမျှမရှိဘဲ
ရည်ရွယ်ချက်နှင့် မသက်ဆိုင်သည့် ပုဒ်မ ၆၆(ဃ) ကို တွင်ကျယ်စွာ အသုံးပြုတရားစွဲဆိုမှု
များသည့်အတွက် အဆိုပါဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အဆင့်တွင် ဆွေးနွေးကြခြင်း
ဖြစ်သည်။
အသစ်ပြင်ဆင်ရန် သမ္မတရုံးက အကြံပြုထားသည့် မူကြမ်းအရ ပုဒ်မ ၆၆(ဃ) ကို အာမခံပေးနိုင်သည့်
အမှုအဖြစ် သတ်မှတ်ထားသည့်တိုင် အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်သည်။
ပြစ်မှုဆိုင်ရာဥပဒေအရ ပြဋ္ဌာန်းထားသည့် အကြောင်းအချက်များကို အထူးဥပဒေဖြစ်သည့်
ဆက်သွယ်ရေးဥပဒေတွင် ထည့်သွင်းထားခြင်းမှာ မလိုအပ်သည့် ပြဋ္ဌာန်းချက်ဖြစ်ရုံသာမက
ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည်ဟု
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးတင်ထွန်းအောင် က ထောက်ပြခဲ့သည်။
"ဥပဒေနဲ့အညီ အကာအကွယ်ပေးရုံသာမကဘဲ ကျူးလွန်ရင် အရေးယူအပြစ်ပေးဖို့ ပြစ်မှုဆိုင်ရာဥပဒေ
ရှိပြီးဖြစ်တာကို ထပ်ပြီး အရေးယူအပြစ်ပေးနိုင်အောင် ထည့်သွင်းထားတဲ့ ပြဋ္ဌာန်းချက်သက်သက်
ဖြစ်နေပါတယ်" ဟု ၎င်းက လွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆၊ ပုဒ်မခွဲ(က)နှင့် (ခ) တွင် ဆက်သွယ်ရေးကွန်ရက်ကို
၀င်ရောက်နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ကာ ဗိုင်းရပ်စ်
၀င်ရောက်စေသော ပြစ်မှုမျိုးကို ကျူးလွန်လျှင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထိုအချက်သည် အထူးဥပဒေတစ်ရပ် လိုအပ်ချက်နှင့် ကိုက်ညီသော်လည်း ပုဒ်မ ၆၆(ဂ)နှင့် (ဃ)တို့က
ပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးတွင် ကျူးလွန်ပါက အပြစ်ပေးရန် ပြဋ္ဌာန်းပြီးဖြစ်သည့် ပြဋ္ဌာန်းချက်များ
ဖြစ်နေကြောင်း၊ ပုဒ်မခွဲ(ဂ)တွင်ပါရှိသည့် ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း၊
အကျိုးပျက်စီးစေခြင်းများကို ကျူးလွန်လျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၈၊ ၃၇၉၊ ၄၁၅ မှ ၄၂၀၊ ၄၀၅၊ ၄၀၆၊
၄၂၅ မှ ၄၂၇ များဖြင့် အရေးယူနိုင်ပြီး ပုဒ်မခွဲ(ဃ)တွင် ပါရှိသည့် ခြောက်လှန့်တောင်းယူခြင်း၊
အနိုင်ထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာ
သုံးခြင်း၊ ခြိမ်းခြောက်ခြင်းများကို ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၃၊ ၃၈၉၊ ၃၅၀၊ ၃၃၉၊ ၃၄၁၊
၄၉၉၊ ၅၀၀၊ ၂၆၈၊ ၂၈၉၊ ၃၈၈၊ ၅၀၃ တို့အရ အရေးယူအပြစ် ပေးနိုင်သည်ကို တွေ့ရှိရကြောင်း
ဦးတင်ထွန်းအောင်က ဆိုသည်။
၆၆(ဃ)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အမုန်းစကား ပြောဆိုချက်များ မပါသည့်အပြင် ယနေ့ကာလအထိ
တရားရုံးများ၌ ထိုပုဒ်မကြောင့် တရားစွဲဆိုခံရသော အမှုပေါင်း ရ၄ မှု တွင် အမုန်းစကား
ပြောဆိုခြင်းကြောင့် တရားစွဲခံရမှု တစ်မှုမျှ မပါရှိသည်ကို တွေ့ရှိနေရကြောင်း ၎င်းက ပြောသည်။
"နိုင်ငံ့ခေါင်းဆောင်တွေ၊ တပ်မတော်နဲ့ တပ်မတော် ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ
တိုက်ခိုက်မှုတွေ၊ အသရေဖျက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ ပြည်သူလူထုနဲ့
သတင်းမီဒီယာသမားတွေကို တရားစွဲဆို ပြစ်ဒဏ်ကျခံစေတာတွေဟာ နိုင်ငံတကာမှာ
လက်ခံကျင့်သုံးနေတဲ့ ဒီမို ကရေစီအလေ့အကျင့်ကောင်းတွေနဲ့ လွဲချော်နေပါတယ်" ဟု
ဦးတင်ထွန်းအောင်က ပြောသည်။
ပုဒ်မ ၆၆(ဃ)သည် ဒီမိုကရေစီစံချိန်စံညွှန်းနှင့် မကိုက်ညီခြင်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့်
မကိုက်ညီခြင်းနှင့် ပြည်သူလူထုကို ခြိမ်းခြောက်နေသည့် ဥပဒေဖြစ်နေသောကြောင့်
ပယ်ဖျက်သင့်သည်ဟု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက အကြံပြုဆွေးနွေးသည်။

"ပုဒ်မ ၆၆(ဃ)ကို မဖျက်ခဲ့လို့ရှိရင် အဲဒီပုဒ်မကို အသုံးချ ပြီး ပြည်သူတွေကို ဖိနှိပ်လိုသူတွေကြောင့်
ဒီမိုကရေစီအစိုးရ ရဲ့ ပုံရိပ်ကိုပင် ထိခိုက်လာနိုင်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှု ဥပဒေအားလုံးကို
ချက်ချင်းမဖျက်ဘဲ အသက်ဆက်ပေးထားမယ်ဆိုရင် ဒီမိုကရေစီခရီးဟာ နောက်ပြန်ဆုတ်
သွားနိုင်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅) ၏ လွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွဋ်က ဆွေးနွေးသည်။
၆၆(ဃ) ပယ်ဖျက်ရေးအတွက် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူ့ဆန္ဒခံယူ ဆုံးဖြတ်သင့်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ လွှတ်တော်ကိုယ်စား လှယ် ဦးသန်းစိုး(ခ)သန်းစိုး
(ဘောဂဗေဒ)က ဆိုသည်။
ထိုသို့ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအနက် အာဏာရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (အင်န်အယ်လ်ဒီ) က ၁၂ ဦးဆွေးနွေးခဲ့ရာ ငါးဦးက
ပယ်ဖျက်သင့်ကြောင်းနှင့် ကျန်သည့် ခုနစ်ဦးက ၆၆(ဃ) ကို ဆက်လက်ထားရှိသင့်ကြောင်း
အကြံပြုကြသည်။
"ပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်လိုက်မယ်ဆိုရင် ကျူးလွန်သူတွေက ပိုမိုများပြားလာပြီးတော့
လူ့အခွင့်အရေးလို့ အော်နေတဲ့ သူတွေဟာလည်း မိမိရဲ့ ဥပဒေမဲ့ကျူးလွန်သူတွေကို
အားပေးရာရောက်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်က ဆွေးနွေးခဲ့သည်။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ လည်းဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၆) ၏ လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်းက အွန်လိုင်းပေါ်တွင်
တစ်စုံတစ်ယောက်က ရေးသားထားသည့် ရေးသားချက်သည် တမင်လုပ်ကြံဖန်တီးမှုဖြစ်ပါက
နစ်နာသူဘက်က အလွန်နစ်နာသောကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ(ဃ)သည်
ဆက်လက်လိုအပ်သည်ဟု ဆိုသည်။
"၆၆(ဃ)မှာပါတဲ့ အသရေဖျက်မှုဆိုတဲ့ စကားရပ်ကို တော့ ပြင်ဆင်ဖို့လိုအပ်မှာဖြစ်တဲ့အပြင်
အာမခံကိစ္စကိုတော့ အာမခံပေးသင့်တဲ့ဘက်က အကြံပြုဆွေးနွေး လိုပါတယ်" ဟု
၎င်းက ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားပြုမှုအားလုံး၏ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် တပ်မတော်အစုအဖွဲ့
ကိုယ်စားပြု ဆွေးနွေးခဲ့သည့် ဗိုလ်မှူးသက်မင်းဦးကမူ ဥပဒေကို ပြင်ဆင်မှုတွင် လူ့အခွင့်အရေး
တစ်ခုကိုသာ မထောက်ရှုဘဲ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင်များဖြင့် သုံးသပ်သင့်သည်ဟု
ဆိုသည်။
"ပုဒ်မ ၆၆(ဃ)မှာ ပုဂ္ဂိုလ်တစ်ဦးဦးကိုလို့သာ ပြဋ္ဌာန်းပါရှိတဲ့ စကားရပ်နဲ့ စပ်လျဉ်းပြီး
ဆက်သွယ်ရေးဥပဒေမှာ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြဋ္ဌာန်းထားခြင်း မရှိတာကို တွေ့ရှိရပါတယ်။
ပုဂ္ဂိုလ်တစ်ဦးဦးဆိုသည့် စကားရပ်ဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသာ ရည်ညွှန်းတာကြောင့်
အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ လူတစ်စု၊ ကုမ္ပဏီတို့ကိုပါ အကျုံးဝင်စေရေးအတွက်
လူပုဂ္ဂိုလ်တစ်ဦးဦးဆိုတဲ့ စကားရပ်ကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။
ဆက်သွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့၏ လေ့လာပြုစုချက်အရ လက်ရှိအစိုးရလက်ထက်တွင်
ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှု ၆၆ ခုရှိပြီး ယင်းအမှုများအနက် တပ်မတော်က စွဲသည့်အမှု ခုနစ်မှု၊
အင်န်အယ်လ်ဒီ ပါတီဝင်များက စွဲသည့်အမှု ခြောက်မှုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို အသရေ ဖျက်မှုကြောင့် ကြားလူကစွဲသည့်အမှု ရှစ်မှုရှိသည်။
တရားစွဲဆိုမှုများကြောင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက
ဥပဒေပါ ၆၆(ဃ)ကို ပယ်ဖျက်ရန် တောင်းဆိုမှုများ ရှိနေပြီး ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရန်
မူကြမ်းထွက်ပေါ်လာသည်ကို ကြိုဆိုသော်လည်း လွှတ်တော်က အလျင်စလို အတည်ပြုခြင်း
မပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၂ ဖွဲ့က ဇူလိုင် ၁၃ ရက်တွင် ကြေညာချက်ထုတ်ကာ
တောင်းဆိုခဲ့သည်။
အစိုးရ၏ ပြင်ဆင်ရေး ဥပဒေကြမ်းပါ အချက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်
အခြား လူ့ အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိဘဲ
အဓိပ္ပာယ်ပြည့်ဝသည့်၊ အများပြည်သူ ပါ၀င်သည့် အကြံပြု ဆွေးနွေးမှုများ လုံလောက်စွာ
ခေါ်ယူ ကျင်းပပြီးမှသာ အတည်ပြုပြဋ္ဌာန်းပေးရန် တောင်းဆိုထားသည်။
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး အဆိုပြုမူကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်း
ကော်မတီက ပြန်လည်ဆွေးနွေးမည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက
အဆိုပါနေ့တွင် ကြေညာခဲ့သည်။
ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင်
အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပြီး ဥပဒေပါ ပုဒ်မ ၆၆(ဃ)ကြောင့် တရားစွဲဆို ခြင်းခံရမှု အခြေအနေမှာ
၂၀၁၃ ခုနှစ်မှ ယခုနှစ် ဇူလိုင်လအထိ ရ၆ ဦးအထိ ရှိပြီဖြစ်သည်။
















