ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရန်
ပူးပေါင်းခဲ့သော ရခိုင်ပါတီနှစ်ပါတီသည် ပါတီတွင်းပြဿနာများကြောင့် သုံးနှစ်ကျော်အကြာတွင်
တရားဝင် ပြိုကွဲခဲ့ပြီဖြစ်သည်။
ဦးအေးသာအောင် ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ဒေါက်တာအေးမောင်
ဦးဆောင်သည့်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်းကာ ရခိုင်အမျိုးသား
ပါတီ (ANP) ကို ၂ဝ၁၄ ဇန်နဝါရီလတွင် တည်ထောင်ခဲ့ကြသည်။
မတူညီသည့် ပါတီသမိုင်းကြောင်းနှင့် မူဝါဒများက ၄င်းတို့၏ မြင့်မားသည့် မျှော်လင့်ချက်များကို
အောင်မြင်အောင် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
နောက်ဆုံးတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များက ANP မှ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး
၄င်းတို့မူလပါတီကို ပြန်လည်အသက်သွင်းရန် နိုင်ငံရေးပါတီမှတ်ပုံတင်ခဲ့သည်။ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးပါတီအဖြစ် ယခုလ ၁၈
ရက်တွင် တရားဝင် ခွင့်ပြုခဲ့သည်။
''အခုအချိန်ကစပြီး ကျွန်တော်တို့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့မူဝါဒကို ဆက်ပြီးတော့
အကောင်အထည်ဖော်မယ်'' ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးကျော်မြင့်က ဇူလိုင်
၂၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ANP နှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်းလည်း
ကြေညာခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မဟာမိတ်ပါတီအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၉ဝ ပြည့်
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်
အသိအမှတ်ပြုခြင်း မခံခဲ့ရဘဲ ပါတီလည်းဖျက်သိမ်းခံခဲ့ရသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံရေး
ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့သည်။
RNDP သည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်
ခဲ့သည်။ ထိုမှတစ်ဆင့် လွှတ်တော်တွင် တတိယအင်အားအကြီးဆုံး ပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထိုပါတီနှစ်ခုသည် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်ပါတီတည်းအဖြစ် ပူးပေါင်းဆောင်ရွက်ရန်
သဘောတူဆုံးဖြတ်ခဲ့ကြပြီး ရခိုင်အမျိုးသားပါတီ ANP ကို ဖွဲ့စည်းခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ အဖွဲ့ဝင်များအားလုံး ANP အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ညီလာခံဆုံးဖြတ်ချက်အရ ANP ၏
ဦးဆောင်မှုကို RNDP က ရယူခဲ့သည်။
''ကျွန်တော်တို့ သာမန်ပေါင်းခဲ့တာ မဟုတ်ဘူး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သမိုင်းကို ပြည်ဖုံး
ကားချပြီး ပေါင်းခဲ့တာ။ ပူးပေါင်းဆောင်ရွက်ရင်း ယုံကြည်မှုရလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့
ဆက်သွားဖို့ မျှော်လင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်မလာခဲ့ဘူး'' ဟု ဦးကျော်မြင့်က ပြောသည်။
ANP ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ခုနစ်ဦးသာ
ပါဝင်ခွင့်ရခဲ့ရာ ပါတီ၏ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် RNDP ပါတီဝင်များ၏ သဘောထား
မှတ်ချက်ကသာ အရာထင်ခဲ့သည်။ ANP က ထုတ်ပြန်ခဲ့သည့် ၁/ ၂ဝ၁၆ နှင့် ၂/ ၂ဝ၁၆
သဘောထားကြေညာချက်များကလည်း သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ANP ပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အတွက် ၂၃ နေရာ အနိုင်
ရရှိခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်နေရာနှင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်အတွက် အနိုင်ရပါတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ထံ တောင်းဆိုခဲ့သည်။ အကယ်၍ ဦးဆောင်ဖွဲ့စည်း
ခွင့်မရပါက မည်သည့်အစိုးရ အဖွဲ့အစည်းတွင်မဆို လုံးဝပါဝင်ခြင်းမပြုဘဲ အတိုက်အခံပါတီအဖြစ်
ရပ်တည်မည်ဟု ကြေညာခဲ့သည်။

ANP ပါတီက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ မဟာမိတ်ဖြစ်သည့် စည်းလုံးညီညွတ်သော
တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မဟာမိတ်ဆက်ဆံမှုကို ရပ်စဲကာ RNDP ၏
မဟာမိတ်ဖြစ်သည့် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) နှင့်သာ အခိုင်အမာ လက်တွဲ
ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။
အထက်ဖော်ပြပါ ကြေညာချက်နှစ်ခု စလုံးသည် ALD ၏ ရည်တည်ချက်ကို ထိခိုက်မှုရှိခဲ့ပြီး
အထူးသဖြင့် UNA နှင့်လက်တွဲဖြုတ်ခြင်းက တိုင်းရင်းသား အချင်းချင်းကြား အထင်အမြင်
လွဲမှားမှုကို ဖြစ်စေခဲ့သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက ယူဆခဲ့သည်။
''ဒီကြေညာချက်တွေက ALD ကို လှုပ်မရအောင် လုပ်ခဲ့တယ်။ ဒီအချက်ကို လက်မခံကြောင်း
သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့တဲ့ အခါမှာလည်း ရှင်းလင်းပွဲမှာပါတဲ့သူ ခြောက်ယောက်ကို ပါတီက
ထုတ်ပယ်ခဲ့တယ်'' ဟု ဦးကျော်မြင့်က ပြောသည်။
ယခုလအတွင်း လစ်လပ်နေသည့် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာအတွက်
ရွေးချယ်ခံရသည့် ဦးမြသန်းကို ပါတီစည်းမျဉ်းကို ချိုးဖောက်သည်ဆိုသည့်စွဲချက်ဖြင့် ပါတီဝင်
အဖြစ်က ထုတ်ပယ်ခဲ့သည်။ အကြောင်းပြချက်က ပါတီစည်းမျဉ်းချိုးဖောက်ခြင်းဟု ဆိုသော်လည်း
ပြည်နယ်လွှတ်တော်အတွင်းရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တချို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး
လွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာ ရွေးချယ် ခံခဲ့ရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။
ANP ကိုယ်စားပြုအဖြစ် လွှတ်တော်ထဲရှိနေသည့် ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ဟောင်း
များကလည်း ၄င်းတို့၏ မူလပါတီကို ပြန်လည်ဝင်ရောက်ရန် အလားအလာရှိနေသည်။ ANP ကို
ကိုယ်စားပြုပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ထုမေ သည် ဇူလိုင်လ ၂၄ ရက်က ANP ပါတီက နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
''ပါတီပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းက လွှတ်တော်အမတ်တစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို
ဘယ်လိုနည်းနဲ့မှ တားဆီးလို့ မရနိုင်ပါဘူး''ဟု ယခုလ ၂၅ ရက်က ရန်ကုန်တွင်ပြုလုပ်ခဲ့သော
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဒေါ်ထုမေက
ပြောသည်။
မိခင်ပါတီသို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ မဲဆန္ဒရှင် ပြည်သူများ အပေါ်အကောင်းဆုံး
ဆောင်ရွက်ပေးလိုသည့် စိတ်ဆန္ဒမှာ ပြောင်းလဲခြင်းရှိမည်မဟုတ်ဟု ဒေါ်ထုမေက ပြောသည်။
လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသည့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏
ဥက္ကဋ္ဌဟောင်း ဦးအေးသာအောင် အပါအဝင် အခြားပါတီဝင်ဟောင်းများက မိခင်ပါတီသို့
ပြန်လည်ဝင်ရောက်မည်မဝင်ရောက်မည် အတည်မပြုနိုင်သေးပေ။
ANP လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စည်းကမ်းအရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပါတီတွင်း
အကွဲအပြဲက ပါတီကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မှု ဖြစ်စေသည်ဟု ANP ၏ အထွေထွေ
အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
''ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့သူ ဘယ်သူ့ကိုမဆို ထုတ်ပယ်
အရေးယူမှာပဲ။ အခု အပြစ်တင်ခံရတယ်။ ဘာတွေပဲပြောပြော ပါတီကို စနစ်တကျနဲ့ ခိုင်ခိုင်မာမာ
ဖြစ်အောင် တည်ဆောက်သွားနိုင်တာပေါ့'' ဟု ၄င်းက ပြောသည်။
ပါတီ ညီလာခံကို လာမည့် အောက်တိုဘာတွင် ကျင်းပရန် ရည်ရွယ်ထားပြီး ထိုညီလာခံမှတစ်ဆင့်
ပါတီကို ခိုင်မာအားကောင်းသည့် ပါတီဖြစ်အောင် ပြန်လည်တည်ဆောက်ရန် ANP က ရည်မှန်းထား
သည်ဟု ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တရားဝင်ပါတီရပ်တည်ခွင့်ရပြီဖြစ်သော်လည်း ဗဟိုအလုပ်
အမှုဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် ပါတီဝင်အင်အား
၂ဝ ရှိပြီး ပါတီ ပြန်လည်အားကောင်းစေရန် ကြိုးပမ်းနေရဆဲဖြစ်သည်။
















