ကျောက်ပန်းတောင်းမြို့ပေါ်က နေအိမ်တစ်လုံးကို ဘာသာရေးအဆောက်အအုံအဖြစ် စွပ်စွဲ
ဖျက်စီးမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမြင့်တင်က ဇူလိုင် ၃၁ ရက်တွင် ပြောသည်။
စုံစစ်ဆေးရေးအဖွဲ့ကို မြို့နယ်ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊
ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားပြီး မှန်ကန်သည့် အချက်အလက်များ ရရှိအောင် စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း ၄င်းက ပြောသည်။
''ဖြစ်စဉ်တွေကိုတော့ ရဲလုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးနေတယ်။ အဖြေတော့
ပြန်မရောက်သေးဘူး။ ရေရှည်လုပ်ရမယ့် အလုပ်ဖြစ်တော့ အဖွဲ့စုံနဲ့ သေသေချာချာ စစ်ခိုင်းထားတယ်။
ဒါတွေ အားလုံးဆောင်ရွက်ပြီးရင်တော့ အမှန်ဆုံးအဖြေတစ်ခု ရမှာပါ'' ဟု ဦးမြင့်တင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက်ရှိ ဆောက်လက်စ
နှစ်ထပ်တိုက် အိမ်တစ်အိမ်သည် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် ဆင်တူ
သည်ဟုဆိုကာ ဖျက်သိမ်းပေးရန် ဒေသခံများက ဝိုင်းဝန်းတောင်းဆိုခဲ့သောကြောင့် မလိုလားအပ်သော
လူထုဆူပူအုံကြွမှု မဖြစ်စေရန် ဇူလိုင် ၂၇ ရက်တွင်ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်း
မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။
အဆိုပါ ဖြိုဖျက်ခံခဲ့ရသည့် ဆောက်လက်စအိမ်သည် ယခုနှစ် ဧပြီလအတွင်း စတင်
တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့တော်စည်ပင်ဥပဒေအရ ဆောက်လုပ်ခွင့် ကြိုတင်ခွင့်ပြုချက်
တောင်းခံရမည်ကို မသိရှိသဖြင့် ခွင့်ပြုချက်မတောင်းခံခဲ့ကြောင်း၊ဒေသခံပြည်သူများ စွပ်စွဲသကဲ့သို့
ဘာသာရေးဆိုင်ရာ အဆောက်အအုံ မဟုတ်ကြောင်း အိမ်ပိုင်ရှင် ဦးဟန်မင်းဦးက ပြောသည်။
''ဒီအိမ်က သူတို့ ပြောသလို ဘာသာရေးဆိုင်ရာ အဆောင်အအုံ ဗလီလည်း မဟုတ်ပါဘူး။
အိမ်ဆောက်တုန်းကတောင် အိမ်မှာ မြေနုတ်ကမ္မဝါတွေ လုပ်ခဲ့ပါသေးတယ်'' ဟု ၄င်းက
ပြောသည်။
ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အိမ်ကို စတူဒီယိုပုံစံ အလုံပိတ်ဆောက်လုပ်ခဲ့ခြင်း
ဖြစ်သည်ဟု ဦးဟန်မင်းဦးက ပြောသည်။
''အိမ်ထဲမှာ စတူဒီယိုလုပ်မှာမို့ အိမ်ခန်းကိုဒေါက်ထောက်ဖို့ အိမ်အောက်မှာ မြေကျင်းတူးထားတယ်။
ဒါက သူတို့က ဗလီထဲက ခြေရေဆေးကန်ဆိုပြီး စွပ်စွဲကြတာပါ'' ဟု ၄င်းက ဆိုသည်။
အဆိုပါ နေအိမ် ဖြိုဖျက်ခံရမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊
စည်ပင်သာယာရေးမှူး နှင့် မီးသတ်ဌာနတာဝန်ရှိသူများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ထားသော်လည်း ယနေ့အချိန်အထိ အသေးစိတ် ခေါ်ယူမေးမြန်းမှု
ကိစ္စများ ပြုလုပ်ခြင်း မရှိသေးကြောင်း သာယာအေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝေက ပြောသည်။
အိမ်ပိုင်ရှင်မိသားစုသည် ရပ်ကွက်အတွင်းနေထိုင်မှုအထောက်အထား ပုံစံ ၁ဝ မရှိဘဲ နေထိုင်လျက်
ရှိပြီး နေအိမ်ဆောက်လုပ်မှုကို ရပ်ကွက်တွင်း တာဝန်ရှိသူများက မသိရှိကြောင်း ၄င်းက
ပြောသည်။
''ကောင်လေးနဲ့ ကောင်မလေးက ဒီရပ်ကွက်မှာ ပုံစံ ၁ဝ မရှိဘူး။ သူတို့ မိဘနေရပ်တွေမှာတော့
ရှိကြတယ် ပြောတယ်။ ကျွန်တော်တို့ ရပ်ကွက်ကို ဒီနေတာနဲ့ ပတ်သက်လို့ရော ဆောက်တာနဲ့
ပတ်သက်လို့ပါ တစ်စုံတစ်ရာ အကြောင်းကြားထားတာ မရှိသေးပါဘူး'' ဦးညိုဝေက ပြောသည်။
ကျောက်ပန်းတောင်းမြို့တွင် အလားတူ ဖြစ်စဉ်မျိုး ၂ဝ၁၂ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။
စားသောက်ဆိုင်တစ်ဆိုင်ကို ဘာသာရေးအဆောက်အအုံ ဗလီအဖြစ် စွပ်စွဲပြီးရဟန်းတော်များနှင့်
အာဏာပိုင်အဖွဲ့အစည်းများက ဝင်ရောက်စစ်ဆေးခဲ့ရာ ဘာသာရေးအဆောက်အအုံ
မဟုတ်ကြောင်း အတည်ပြုစစ်ဆေးပြီး လက်ခံခဲ့ခြင်းဖြစ်သည်။
''ခက်တာက ကျောက်ပန်းတောင်းမှာ ဆောက်တဲ့ အဆောက်အအုံပုံစံမျိုးလည်း မဟုတ်ဘူး။
စွပ်စွဲချင်စရာ အခြေအနေနဲ့ သံသယဖြစ်တဲ့ လူတွေနဲ့ သွားတွေ့တာ။ အားလုံးကတော့ အဖြေမှန်
ကိုတော့ စောင့်ကြည့်နေကြပါတယ်'' ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။
ကျောက်ပန်းတောင်းအိမ်ကိစ္စ ဖြိုဖျက်ခံရသည်မှာ မှန်ကန်ပြီး အဆောက်အအုံပိုင်ရှင်သည်
ဘာသာခြား မဟုတ်ကြောင်း၊ထိုအဆောက်အအုံသည် စည်ပင်ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ခဲ့သဖြင့်
မေးမြန်းစစ်ဆေးလျက်ရှိပြီး စတင်ဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်း စစ်ဆေးဆောင်ရွက်
ကာ တရားဝင် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက ပြောသည်။















