ပိုလန်နိုင်ငံရှိ အဖွဲ့အစည်းများနှင့် အင်န်ဂျီအိုများက ၎င်းတို့နိုင်ငံနှင့် နိုင်ငံရေးနောက်ခံသမိုင်း ဆင်တူ
သော မြန်မာနိုင်ငံကို ကူညီနိုင်ရေးအတွက် မြန်မာသတင်းထောက်များအား အနာဂတ်တွင် ပိုမို
အထောက်အပ့ံပေးရေး အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၌ ပထမဆုံး
ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်ခဲ့သူ မစ္စတာ ခရစ္စတော့ စတားနော့စကီးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ပိုလန်နိုင်ငံက ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရာမှာ အကြမ်းမဖက်တဲ့နည်းနဲ့ ကူးပြောင်းခဲ့
တယ်။ အဲဒီအချိန်မှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍက တော်တော်အရေးပါခဲ့တယ်။ အခုမြန်မာနိုင်ငံမှာ
လည်း နိုင်ငံရေးအသွင်ကူးပြောင်းလာတဲ့ အချိန်မှာ အထောက်အကူရစေဖို့ မြန်မာနိုင်ငံက သတင်း
ထောက်တွေကို ကူညီဖို့ အစီအစဉ်တွေအများကြီးရှိပါတယ်"ဟု မစ္စတာ ခရစ္စတော့စတားနော့စကီး
က ပြောသည်။
မစ္စတာ စတားနော့စကီးသည် ပိုလန်နိုင်ငံ သွေးစည်းညီညွတ်ရေး ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ၎င်း
ဖောင်ဒေးရှင်းမှလည်း ၂၀၁၃ တွင် ပိုလန် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှတစ်ဆင့် အကူ
အညီပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
"လက်တွေ့မှာ ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို အခုလို အပြောင်းအလဲကာလမှာ သတင်း
ထောက်တွေကပဲ ရေးသားဖော်ပြရမှာပါ။ ပိုလန်နိုင်ငံက ၁၉၉၀ အစောပိုင်းမှာ ရွေးကောက်ပွဲကျင်းပ
ခဲ့တယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီအတွက် ရွေးကောက်ပွဲကျင်းပ နေချိန်ပါ။
ပိုလန်အတိုက်အခံအစိုးရက ၃၅ ရာခိုင်နှုန်းနဲ့ပဲ နိုင်ခဲ့တယ်။ မြန်မာမှာက ၈၀ ရာခိုင်နှုန်းနဲ့ နိုင်ခဲ့တယ်။
ပိုလန် က အခုဥရောပသမဂ္ဂ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေပြီ။
"စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံမှာ အခုချိန်အထိ နိုင်ငံရေးအကျဉ်းသားတချို့ ထောင်ထဲမှာ
ပဲရှိနေသေးတယ်လေ"ဟု စတားနော့စကီးက ပြောသည်။
ပိုလန်နိုင်ငံ၏ အစောဆုံး ပိုလန်အမျိုးသား ရေဒီယိုအသံလွှင့်ဌာနမှ သတင်းထောက် မစ္စတာ
ခရစ္စတာ့ရီနစ်က အီးယူနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် အစိုးရချင်း နီးစပ်ရုံသာမက ပြည်သူလူထု
နှင့်ပါ ပိုမိုနီးစပ်သော ဆက်ဆံရေးရရှိလိုကြကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
"တကယ်လို့ မြန်မာနိုင်ငံကသာ အခုလိုဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လျှောက်ပြီး လူ့အခွင့်
အရေးနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်တာတွေ ပိုပြီးလုပ်လာမယ်ဆိုရင် ပိုလန်အပါအဝင်
အီးယူနိုင်ငံတွေက ကူညီပေးမယ့် အစီအစဉ်တွေ အများကြီးရှိတယ်။ မြန်မာသတင်းထောက်တွေမှာ
ကောင်းမွန်တဲ့အနာဂတ်တွေ ရှိနေတာ သေချာတယ်"ဟု မစ္စတာ ခရစ္စတော့ရီနစ်က ပြောသည်။
၁၉၉၀ အစောပိုင်းကာလများတွင် ပိုလန်နိုင်ငံရှိသတင်းထောက်များက ပိုလန်နိုင်ငံ၏ နိုင်ငံရေး
အသွင်ပြောင်းကာလတွင် အရေးပါဆုံးအခန်းကဏ္ဍ မှ ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း
စိစစ်ရေးကင်းလွတ်ခွင့်ပေးခြင်းမှာ သတင်းထောက်များအတွက် အကြီးမားဆုံးတာဝန်ယူရသည့်
ကာလ ဖြစ်သည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။
"အီးယူက ပံ့ပိုးပေးတဲ့ သင်တန်းတွေ ကတစ်ဆင့် မြန်မာသတင်းထောက်တွေက နိုင်ငံရေးအလှည့်
အပြောင်းပိုင်းမှာ အတွေ့အကြံုရှိတဲ့ အီးယူသတင်းထောက်တွေရဲ့ အတွေ့အကြံုတွေ ပြန်ပြီး မျှဝေ
လေ့လာနိုင်ဖို့ အကျိုးရှိ စေပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သတင်းထောက်သင်
တန်းလာရောက် ပို့ချခဲ့သော လက်ခ်ဗာဝမ်းဆာဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ မစ္စတာဘားတော့ချ်
က သင်တန်းလာရောက်သော သတင်းထောက်များအား ပိုလန် နိုင်ငံ၏ အကူးအပြောင်းကာလများ
တွင် ရင်ဆိုင်ခဲ့ရမှုများကို ဗဟုသုတရစေရန် ရည်ရွယ်ပြီးသင်တန်းပေးခြင်းဖြစ် ကြောင်း ပြောသည်။
"ရန်ကုန်နဲ့ မန္တလေးမှာ လေးရက်စီ ပထမဆုံးအကြိမ်လာပြီး သင်တန်းပေးပါတယ်။ အဓိကကတော့
မြန်မာသတင်းထောက်တွေကို သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှာ အထောက်အကူရစေဖို့နဲ့ အခြား
နိုင်ငံတွေရဲ့ နိုင်ငံရေးကူးပြောင်းတဲ့ကာလမှာ သတင်းထောက်တွေရဲ့ လုပ်ဆောင်ချက်တွေကို
သိစေဖို့ပါ" ဟု မစ္စတာဘားတော့ချ်က ပြောသည်။
နိုဝင်ဘာလအတွင်း ပိုလန်နိုင်ငံတွင် သတင်းထောက် အလုပ်သင်သင်တန်း တစ်လတက်ရောက်ခဲ့
သူ သစ္စာဂျာနယ် မှ အယ်ဒီတာ ဒေါ်ညိုမီသင်းက ပြောရာတွင် ပိုလန်နိုင်ငံမှ အဆိုပါပညာ သင်ဆု
ဖိတ်ခေါ်ခြင်းကို မြန်မာသတင်းထောက် အချို့သာ လျှောက်လွှာတင်ခဲ့ကြပြီး အများစုမှာ အင်္ဂလိပ်
ဘာသာစကားအခက်အခဲကြောင့် မလျှောက်ရဲခြင်းဖြစ်ကြောင်း ပြောသည်။
"ပိုလန်အဖွဲ့အစည်းတွေက နောက်ပိုင်းမှာ ပညာသင်ဆုတွေခေါ်ရင်လည်း ဟိုမှာ ပညာသင်ပြန်လာ
ပြီးရင် မြန်မာနိုင်ငံပြန်ရောက်ရင် လက်တွေ့လုပ်ငန်းခွင်မှာ ကောင်းကောင်းအသုံးချနိုင်မယ့် အတော်
ဆုံးသတင်းထောက်တွေကို ရွေးချယ်ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။















