အင်န်အယ်လ်ဒီအစိုးရအနေဖြင့် လက်တွေ့ကျသည့် နိုင်ငံရေး၊ ဒီမိုကရေစီအခွင့်အရေး၊ အုပ်ချုပ်ရေးနှင့်
စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိနေကြောင်း
ဇူလိုင် ၃၁ ရက်တွင် ကျင်းပသည့် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့ အခမ်းအနားတွင်
ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစုများက သဘောထား ထုတ်ပြန်ခဲ့သည်။
"ပြည်သူရွေးကောက်တဲ့ လူထုအစိုးရဆိုတဲ့ အင်န်အယ်လ်ဒီအစိုးရက ဒီအတိုင်းပဲ။ ကျွန်တော်တို့က
အားကိုးပြီး၊ ရှေးတန်းတင်ပြီး ပြည်သူ့အစိုးရအဖြစ် တင်မြှောက်တယ်။ ဒါပေမဲ့ လုပ်နေတာတွေက
ကိုယ့်တပ်ကိုကိုယ် ပြန်နင်းနေတယ်။ ပြည်သူတွေဆီကို ပြန်လာနေတယ်"ဟု ကိုကိုးကျွန်းပြန်
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလှချိုကပြောသည်။
အဆိုပါနေ့အခမ်းအနားတွင် အချက် ခုနစ်ချက်ပါ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို
ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ခံ အင်န်အယ်လ်ဒီအစိုးရ၏ အကန့်အသတ်နှင့် အကျပ်အတည်းအချို့ကို
နားလည်သော်လည်း အစိုးရ၏ နိုင်ငံရေးရပ်တည်ချက် ဆက်တိုက်မှားယွင်းမှုဒဏ်ကို လူထုကြီးက
ခံစားနေရကြောင်း ဖော်ပြထားသည်။
အင်န်အယ်လ်ဒီအစိုးရအနေဖြင့် နိုင်ငံရေးဖိနှိပ်မှုနှင့် ဒီမိုကရေစီရပိုင်ခွင့်များကို အကာအကွယ်မပေးဘဲ
ရှိနေကြောင်း။ ယနေ့ရင်ဆိုင်နေရသည့် လူမှုဒုက္ခအကျပ်အတည်းနှင့် အထွေထွေပြဿနာများကို အစိုးရက
တာဝန်ယူ မဖြေရှင်းပေးဘဲရှိသည်ကို ကန့်ကွက်ကြောင်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေးစိတ်ဆန္ဒရှိပါက အပစ်အခတ်များကို
ချက်ချင်းရပ်ဆိုင်းပေးရန် လိုအပ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ ခြွင်းချန်မထားဘဲ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်သည့် နိုင်ငံရေးပါတီများအားလုံး ငြိမ်းချမ်းရေး
တည်ဆောက်မှု ဖြစ်စဉ်များတွင် တန်းတူရည်တူ ပူးပေါင်းပါ၀င်ခွင့်ရရန် အမြန်ဆုံးဆောင်ရွက်ဖို့
လိုအပ်ကြောင်း သဘောထားထုတ်ပြန်ချက်က ဆိုသည်။















