၁၉၉၆ ခုနှစ်မှစတင်ခါ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမားများအား ထောင်ချထားသော နိုင်ငံ
များစာရင်း၌ မြန်မာနိုင်ငံ မပါ၀င်တော့သည်ကို တွေ့ရသည်။
သို့ရာတွင် တစ်ကမ္ဘာလုံး၌ အကျဉ်းချခံနေရသည့် စာနယ်ဇင်းသမားဦးရေမှာ အမြင့်ဆုံးသို့ရောက်ရှိ
နေသည်ဟု နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက နှစ်ပတ်လည် ကောက်ယူသည့်
စာရင်းတွင် ဖော်ပြထားသည်။
"အရပ်သားအုပ်ချုပ်မှုသို့ သမိုင်းဝင် ကူးပြောင်းလာမှု၏ တစ်စိတ်တစ်ဒေသအဖြစ် လွန်ခဲ့သောနှစ်
အတွင်း လွတ်ငြိမ်းချမ်းသာခွင့်များတွင် အကျဉ်းချခံထားရသည့် စာနယ်ဇင်းသမား ၁၂ ဦးထက်
မနည်းကို လွှတ်ပေးခဲ့သည်" ဟု စာနယ် ဇင်းသမားများ စောင့်ရှောက်ရေးအဖွဲ့ (စီပီဂျေ)က ထုတ်
ပြန်သည့် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ မီဒီယာအခြေအနေသည် ဝေဝေဝါးဝါးရှိနေဆဲ ဖြစ်သည်။
"မီဒီယာအခြေအနေ ပြောင်းလဲမှုက တိုင်းပြည်ရဲ့ အလုံးစုံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကနေ
ရောင်ပြန်ဟပ်တာပါ။ အခုမှ အစပဲရှိပါသေးတယ်။ ကျွန်တော်တို့ အများကြီးမျှော်လင့်ထားလို့ မရ
သေးပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်း ရှေ့တိုးနေမယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ဧရာဝတီ
မဂ္ဂဇင်းအယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။
၁၉၉၀ ပြည့်နှစ်မှ စတင်ကောက်ယူခဲ့သည့် နှစ်ပတ်လည်စာရင်းများအရ ဒီဇင်ဘာလ ၁ ရက်နေ့အထိ
တစ်ကမ္ဘာလုံးတွင် စာနယ်ဇင်းသမား ၂၃၂ ဦးဖမ်းဆီးခံထားရသည်။
ယခင်နှစ်ကထက် ၅၃ ဦး တိုးလာခြင်းဖြစ်ကာ ၁၉၉၆ ခုနှစ်က စံချိန်တင်ခဲ့သည့် ၁၈၅ ဦးထက်လည်း
ကျော်လွန်နေသည်။
တူရကီ၊ အီရန်နှင့် တရုတ်နိုင်ငံတို့သည် စာနယ်ဇင်းသမားများအား အကျဉ်းချမှုအများဆုံးပြုလုပ်
သည့်နိုင်ငံများအဖြစ် စီပီဂျေကဖော်ပြထားသည်။
အီရီထရာနှင့် ဆီးရီးယားနိုင်ငံများသည် ထိပ်ဆုံးငါးနိုင်ငံတွင် ပါ၀င်သည်။
အဆိုပါ နိုင်ငံများမှ အုပ်ချုပ်သူများသည် စာနယ်ဇင်းသမားများကို လျှို့ဝှက်နေရာများတွင် ဖမ်းဆီး
ထိန်းသိမ်းထားပြီး တရားစီရင်မှုမရှိသလို၊ ရှေ့နေများ၊ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရ ရှိကြ
ဟု ဖော်ပြထားသည်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporters Without Borders) မှ
ထုတ်ပြန်သည့် ၂၀၁၁/၁၂ ခုနှစ် စာနယ်ဇင်းလွတ်လပ် ခွင့် စာရင်းတွင်လည်း အီရန်၊ တရုတ်၊ အီရီ
ထရာနှင့် ဆီးရီးယားနိုင်ငံများသည် အောက်ဆုံးခြောက်နိုင်ငံတွင် ပါ၀င်နေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၌ စာနယ်ဇင်းများအား ပုံနှိပ်ခြင်းမပြုမီ စာပေစိစစ်ရေးသို့ တင်ပြရသည့် စနစ်ကို ယခုနှစ်
ဩဂုတ်လတွင် ပယ်ဖျက်ပေးခဲ့သည်။















