ဘာသာရေး လူမျိုးရေးဆိုင်ရာ ကောလာဟလသတင်းများ ထွက်ပေါ်မှု တုံ့ပြန်ဖြေရှင်းနေရ

ဘာသာရေး လူမျိုးရေးဆိုင်ရာ ကောလာဟလသတင်းများ ထွက်ပေါ်မှု တုံ့ပြန်ဖြေရှင်းနေရ

လူမှုကွန်ရက် ဆိုရှယ်မီဒီယာပေါ်တွင် ဘာသာရေးဆိုင်ရာ သတင်းမှားများ ဆက်တိုက်
ပေါ်ပေါက်ခဲ့မှုအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက တုံ့ပြန်ရှင်းလင်းမှုများ အချိန်မီ
ဆောင်ရွက်နေရကြောင်း ၀န်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်ကို
သာသနာရေးက ပိတ်ပင်တားမြစ်သည်ဟုဆိုကာ Myat Kaw မြန်မာပြည်သား အကောင့်အမည်ဖြင့်
'သာသနာရေး က အာဏာရှင်လား' ခေါင်းစဉ်ဖြင့် "မဟန ဥက္ကဋ္ဌဆရာတော်ကြီး၏
သတင်းစာရှင်းလင်းပွဲ တားမြစ်ခံရသဖြင့် များစွာစိတ်မကောင်း ဖြစ်မိကြောင်း၊ ဗုဒ္ဓဘာသာသာသနာ၏
အထက်တွင် သာသနာရေးဆိုသော ဖြူနီ ကြောင်ကျားဝတ်စုံများက ခြယ်လှယ်နေကြပြီလော" စသဖြင့်
ရေးသားဖော်ပြမှုအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မဟနအဖွဲ့၏
သတင်းစာရှင်းလင်းပွဲ အစီအစဉ် မရှိကြောင်း၊ ရှင်းလင်းပွဲရှိပါက နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား၊
ဌာနဝက်ဘ်ဆိုက်များတွင် အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ရှင်းလင်းခဲ့ရသည်။

၀န်ကြီးဌာန၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ဘာသာသာသနာ ညှိုးနွမ်းစေရန် နည်းမျိုးစုံဖြင့်
လှုံ့ဆော်ရေးသားနေသဖြင့် မလိုလားအပ်သော ကိစ္စများ မဖြစ်စေရန် ပြည်ထောင်စု ၀န်ကြီး
သူရဦးအောင်ကို၏ သမီး မနှင်းစံပယ် အောင်ကို၏ ဖေ့စ်ဘွတ်ခ်အကောင့် Hnin Sabel Aung Ko ကို
ပိတ်သိမ်းလိုက်ရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယခုလ ၁ ရက်တွင်
တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

အလားတူ ဇူလိုင် ၁၈ ရက်က ဗဟုသုတ ဟင်းပေါင်းအိုးကြီး သတင်းပေ့ချ်တွင် "ယခုနှစ်တွင်
သာသနာရေးဝန်ကြီးဌာနက ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့သို့ ဘုရားဖူးသွားရန် ခွင့်ပြုသူမှာ
ရခိုင်ပြည်နယ်မှ ၃၀ ဦးခန့် ရှိကြောင်း သိရသည်" ဟု ရေးသားခဲ့ခြင်းအပေါ် သက်ဆိုင်ရာ
ဒေသအာဏာပိုင်များနှင့် ထိုဒေသရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းတို့က
ကြီးကြပ်ဆောင်ရွက်ခြင်းသာဖြစ်ပြီး ၀န်ကြီးဌာနက ခွင့်ပြုခြင်း မဟုတ်ကြောင်း
ပြန်လည်ရှင်းလင်းခဲ့ရသည်။

"ဒီလိုရေးသားလှုံ့ဆော်တဲ့ ကိစ္စတွေက အစောကြီးကတည်းက နိုင်ငံရေးနဲ့ ပတ်သက်မယ်။
ရိုးရိုးသားသား မဟုတ်ဘူး။ နိုင်ငံရေး ပယောဂတွေ၊ ရည်ရွယ်ချက်တွေ ပါတယ်လို့ သုံးသပ်တယ်" ဟု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ဘာသာရေး၊လူမျိုးရေးဆိုင်ရာ ကောလာဟလသတင်းများကို ရည်ရွယ်ချက်ရှိစွာ ရေးသား
ဖြန့်ချိပြောဆိုမှုများအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ဆိုလိုတာက ၆၆(ဃ)ဆိုရင် သတင်းလွတ်လပ်ခွင့်ကို လျှောက်ပြီး ထိခိုက်နေတာ။
ဒီလိုသတင်းမှားတွေနဲ့ ပတ်သက်ပြီး ဖြန့်နေတဲ့ သူတွေကိုကျတော့ ဘယ်သူကမှ တစ်စုံတစ်ရာ
အရေးယူတာ မတွေ့ရသေးဘူး" ဟု ဦးနေဘုန်းလတ်ကပြောသည်။

သီတဂူသာသနာပြုအဖွဲ့၊ မဇ္ဈိမဝံသ ရဟန်းတော်များအဖွဲ့၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊
ဓမ္မပါလဖောင်ဒေးရှင်း၊ တိပိဋကနိကာယ သာသနာပြုအဖွဲ့၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၊
ဓမ္မဒူတမောင်မယ်အဖွဲ့တို့ကို သာသနာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ဖျက်သိမ်းရမည်' ဟူသော
သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သဖြင့် ထိုသို့ ဖျက်သိမ်းရန် သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိကြောင်း ၀န်ကြီးဌာနက ဇူလိုင် ၃၁ ရက်က
ပြန်လည်ရှင်းလင်းခဲ့ရသည်။

ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ သတင်းမှား ထုတ်လွှင့်မှုများတွင် အချို့သော နာမည်ရှိ တရားဝင်
သတင်းဌာနများပါ ပါ၀င်နေခြင်းကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထိရောက်စွာ
အရေးယူရန် လိုအပ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

"ဘာသာရေး၊ လူမျိုးရေးဆိုတာ တိုင်းပြည် ပျက်သွားနိုင်လောက်အောင် လုပ်တာ။ ကျောက်ပန်းတောင်း
ကိစ္စဆို ကောလာဟလတွေ တက်တာက ကြောက်ဖို့တောင် ကောင်းတယ်။ လုပ်တဲ့ သူတွေကလည်း
ဘုန်းကြီးတွေ ပါတာ တွေ့ရတယ်" ဟု အဓမ္မဝါဒတိုက်ဖျက် ရေးလှုပ်ရှားဆောင်ရွက်သူ
ကိုမြတ်ကျော်က ပြောသည်။

အစိုးအဖွဲ့နှင့် ၀န်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပေါ်ပေါက်နေသည့် ကောလာဟလ
သတင်းများကို အချိန်မီ ထုတ်ပြန်ဖြေရှင်းရန် သတင်းမီဒီယာကို ကောင်းမွန်စွာ အသုံးချရန်
လိုအပ်ကြောင်း ၎င်းက ဆိုသည်။

"ဖေ့စ်ဘွတ်ခ်သတင်းဆိုတာ ယုံကြည်ရတာ မဟုတ်ဘူး။ ဒီအပေါ်မှာ လူတွေက အများကြီး
ယုံကြည်သွားရင် လူထုမှာ ကောလာဟလတွေနဲ့ ပြည့်နေမယ်။ အစိုးရအနေနဲ့ စတုတ္ထမဏ္ဍိုင်နဲ့အတူ
သတင်းမှန် ဖြန့်ဝေဖို့ လိုတယ်။ ဒါဆိုရင် သတင်းမှားတွေကို ချေဖျက်နိုင်မယ်လို့ ယုံကြည်တယ်"ဟု
ကိုမြတ်ကျော်က ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ပေါ်ပေါက်မှုကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာ
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အဖွဲ့ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများ
ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး