ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု စိုးရိမ်မှု မလွန်ကဲရန် တာဝန်ရှိသူများပြော

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု စိုးရိမ်မှု မလွန်ကဲရန် တာဝန်ရှိသူများပြော

ဇူလိုင်လအတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုကြောင့် ဩဂုတ် ၂ ရက်အထိ သေဆုံးသူ
၁၃ ဦး၊ ရောဂါ အတည်ပြုထားသူ ၉၉ ဦးပြီး ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် ဆေးရုံတက်နေရသူ
၂၈၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဧရာဝတိုင်း၊အသုတ်မြို့နယ်မှ ရန်ကုန်တွင် လာရောက် ဆေးကုသမှုခံယူနေသည့် အမျိုးသမီးသည်
ဩဂုတ် ၂ ရက်က သေဆုံးခဲ့သည့်အတွက် သေဆုံးသူ ၁၃ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

"ဌာနအနေနဲ့ အစွမ်းကုန်လုပ်နေပါတယ်။ လူနာတစ်ယောက် တွေ့တာနဲ့ ကွင်းဆင်းနေပါတယ်။
ရောဂါဖြစ်ပွားမှုကတော့ ဆက်ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သေဆုံးမှုလျော့အောင် လုပ်နေပါတယ်။
အခုဆိုရင်လည်း နောက်တက်တဲ့ လူနာတွေထဲမှာ သေဆုံးသူသိပ်မရှိတာတွေ့ရတယ်"ဟု
၎င်းက ယမန်နေ့ကပြောသည်။

ဩဂုတ် ၁ ရက်အထိ စာရင်းအရ H1N1 ရောဂါဖြစ်ပွားပြီး ကျန်းမာရေး ကောင်းမွန်လာသဖြင့်
ဆေးရုံဆင်းသည့်လူနာ ၁၈ ဦးရှိ ကြောင်း ၎င်းကပြောသည်။

ဇူလိုင်လအတွင်း ချင်းပြည်နယ်မှ လူနာ ၁၀ ဦး၊ ရန်ကုန် ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကု
ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာသုံးဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း
သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် တစ်ဦး၊ အသက် ၂၄ နှစ်
အရွယ် အမျိုးသားတစ်ဦးသည် H1N1 ဖြင့် ဇူလိုင် ၂၄ ရက်က သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပြီးနောက်
လူထုအတွင်း စိုးရိမ်မှု ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

"ပြည်သူတွေက ရိုးရိုးတုပ်ကွေးလား၊ H1N1 လား ကွဲကွဲပြားပြား မသိတာက သေဆုံးသူဦးရေ
ပိုများစေပါတယ်။ ၁၂ ယောက် သေတယ်ဆိုတာ များတယ်လို့ ပြောရမှာ ဖြစ်ပါတယ်" ဟု
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ပြောသည်။

ဩဂုတ် ၁ ရက်အထိ စာရင်းအရ ရောဂါဖြစ်ပွားမှုများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊
ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရှိရပြီး ရန်ကုန်တိုင်း၊
ဧရာဝတီတိုင်းတွင် အများဆုံးတွေ့ရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၃၀ ရက် သံသယ လူနာ နှစ်ဦး၊ ဇူလိုင် ၃၁ ရက်က နှစ်ဦး
စစ်ဆေးတွေ့ရှိရပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ H1N1 ပိုးစစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း တိုင်းဒေသကြီး
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

မကွေးတိုင်းဒေသကြီးတွင်လည်း သံသယလူနာ နှစ်ဦး တွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း
တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

H1N1 ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနအနေဖြင့် အရေးပေါ်
တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကုသမှုပေးခြင်းနှင့်
ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပြီး
လူထုအနေဖြင့် ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် စိုးရိမ်မှုမလွန်ကဲရန်
သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး ရောဂါဖြစ်နေတာနဲ့ ပတ်သက်ပြီး အထိတ်တလန့်ဖြစ်ဖို့ မလိုပါဘူး။
ဒီရာသီ တုပ်ကွေးရောဂါက ကမ္ဘာ့နိုင်ငံတွေမှာလည်း နှစ်စဉ်ဖြစ်ပွားနေပြီး သေဆုံးမှုတွေလည်း
ရှိနေပါတယ်။ ဒါကအရေးပေါ် ကြေညာရမယ့် အခြေအနေတော့ မဟုတ်သေးဘူး"ဟု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Dr Stephen Paul Jost က
ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနေပြီး
ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို
လိုက်နာဆောင်ရွက်ခြင်းသည် အဓိကသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ၎င်းက ပြောသည်။

"ရောဂါနဲ့ ပတ်သက်ပြီး လုံးဝ(သတင်း) မထိန်ချန်ထားပါဘူး။ လောလောဆယ်မှာတော့
စောင့်ကြည့်စနည်းနာ သုံးသပ်နေပါတယ်"ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိုင် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရာသီတုပ်ကွေးရောဂါ
(Seasonal Influenza A(H1N1) pdm 09) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့်
ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးတွင် ထည့်သွင်းပြောကြားသည်။

၀န်ကြီးဌာနအနေဖြင့် ၂၄ နာရီ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ဆောင်ရွက်နေကြောင်း၊
လက်ရှိတွင် ရန်ကုန်၊ ဧရာဝတီတွင် ဖြစ်ပွားမှုများနေသည့်အတွက် ဂရုစိုက်ရန် လိုအပ်ကြောင်း
ဒေါက်တာမြင့်ထွေးက ပြောသည်။

"ရန်ကုန်က လူဦးရေထူတယ်တယ်။ ရွှေ့ပြောင်း သွားလာသူတွေ အရမ်းများတဲ့အတွက် ရန်ကုန်ကို
အထူး ဂရုစိုက်ဖို့ လိုအပ်တယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် H1N1 ရာသီတုပ်ကွေးဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့
ရောဂါအတည်ပြုပြီးသည့် အချိန်တွင် သတင်းပေးပို့ခဲ့ပြီး လိုအပ်သည့် အကူအညီများ
တောင်းခံခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့်
ကျန်းမာရေး ၀န်ထမ်းများနှင့် လိုအပ်သည့် နေရာများသို့ ပံ့ပိုးပေးသွားမည်ဟု တာဝန်ရှိသူများက
ပြောသည်။

ရောဂါဖြစ်ပွားမှုတွင် ဆရာဝန်နှင့် ကျန်းမာရေး ၀န်ထမ်းအချို့ ကူးစက်ဖြစ်ပွားမှုရှိသည်ဟု သတင်းများ
ထွက်ပေါ်ခဲ့သော်လည်း မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဘွဲ့လွန်တက်ရောက်နေသည့်
ဆရာဝန်တစ်ဦး ကူးစက်ဖြစ်ပွားခဲ့သော်လည်း အခြားဝန်ထမ်းများကို ထပ်မံကူးစက်ခြင်း မရှိဟု
ဒေါက်တာသာထွန်းကျော်က ပြောသည်။

ရန်ကုန်တိုင်း ကုသရေးဦးစီးဌာန၏ ဩဂုတ် ၁ ရက် ထုတ်ပြန်ချက်အရ H1N1 ဖြစ်ပွားသည့်လူနာ
ငါးဦးမှာ ကျန်းမာရေးကောင်းမွန် လာပြီဖြစ်သည့်အတွက် ဆေးရုံဆင်းခွင့်ပြု လိုက်ပြီဖြစ်သည်။

ရာသီတုပ်ကွေးရောဂါသည် ကိုယ်ခံအားနည်းသည့် ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့်
ကလေးများ၊ သက်ကြီးရွယ်အိုများတွင် ကူးစက်ဖြစ်ပွားပါက သတိပြုရန် လိုအပ်သည်။

လက်ရှိအချိန်အထိ ရောဂါကူးစက်ဖြစ်ပွားမှုမှာ တစ်နေရာတည်းတွင် အစုလိုက် အပြံုလိုက်
ဖြစ်ပွားခြင်း မဟုတ်ကြောင်း၊ ရောဂါထိန်းချုပ်နိုင်ရန် အနည်းဆုံး နှစ်ပတ်မှ တစ်လအထိ အချိန်ယူရန်
လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်/သဘာဝဘေး)
ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

"အချိန်မီ ဆေးရုံဆေးခန်းရောက်လာရင် အကောင်းဆုံးပါ။ ကိုယ့်မှာဒီရောဂါလက္ခဏာဖြစ်ရင်
နီးစပ်ရာဆေးရုံဆေးခန်းသွားဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။
တချို့လူနာတွေက နည်းနည်း လေးနောက်ကျပြီးမှ ရောက်လာတဲ့ အနေအထားလေးတွေ ရှိနေတယ်။
ချင်းပြည်နယ်က ၁၀ ဦးဆိုရင် ကျန်းမာရေးကောင်းနေပါပြီ"ဟု ၎င်းက ပြောသည်။

H1N1 ရောဂါပိုးကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးပေးနေပြီး တိကျသည့်
အဖြေရရှိစေရန် ဟောင်ကောင်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု တုပ်ကွေးရောဂါ
အရည်အသွေး ထိန်းချုပ်မှုဆိုင်ရာ ဓာတ်ခွဲခန်းသို့ လည်းကောင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့်အခါ
အထောက်အကူပြုရန် ရောဂါပိုး နမူနာများကို ဂျပန်နိုင်ငံရှိ National Institute of Infectious
Diseases - WHO Collaborating Centre သို့ လည်းကောင်း ပေးပို့ဆောင်ရွက်နေကြောင်း
၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး