ယခုနှစ် တောင်ပြုန်းပွဲတော်ကို ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်သော
ကာလအထိ ရွှေ့ပြောင်းရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးပေါ်ကြေညာချက်
ထုတ်ပြန်ပြီးနောက် ပွဲတော်ရှိ ဈေးဆိုင်ခန်းများကို သုံးရက်အတွင်း ဖျက်သိမ်းရန် ကြေညာထားရာ
ယမန်နေ့တွင် အပြီးသတ်ဖျက်သိမ်းနေကြောင်း တောင်ပြုံးပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ
ဦးခင်မောင်ဆွေက ပြောသည်။
တောင်ပြုန်းပွဲတော်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ကို အပြီးသတ်ဖျက်သိမ်းနေပြီး
ဈေးဆိုင်ပိုင်ရှင်များ အပြန်ခရီးအတွက် ဦးစားပေးဆောင်ရွက်နေသည်ဟုလည်း ၎င်းက ယမန်နေ့တွင်
ပြောသည်။
"ဆိုင်ခန်းတွေက မနေ့ကအထိ ရ၀ ရာခိုင်နှုန်းလောက် ဖျက်သိမ်းပြီး ပြောင်းရွှေ့သွားကြပြီ။ ဒီနှစ်မှာ
ဆိုင်ခန်းတစ်ခန်းကို အများဆုံး ကျပ်နှစ်သိန်း သတ်မှတ်ရောင်းချပြီး စရန်ငွေယူထားတယ်။
တချို့ဆိုင်ခန်းရှင်တွေကြလည်း ပြန်စရိတ်မရှိတော့လို့ ငွေပြန်ထုတ်ပေးရတာရှိတယ်။ လေလံကြေးနဲ့
လုပ်ကိုင်ခွင့်ပေးထားတဲ့ တခြားပွဲတော်လုပ်ငန်းတွေကိုတော့ လေလံကြေးပြန်ထုတ်ပေးမှာပါ"ဟု
ဦးခင်မောင်ဆွေက ပြောသည်။
ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ် တောင်ပြုန်းပွဲတော်ကို
တိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေ့ဆိုင်းပြီးနောက် ပွဲတော်သို့ ၀င်ရောက်နိုင်သော နေရာလေးနေရာကို
အဝင်အထွက်တင်းကျပ်ထားကြောင်း ၎င်းက ပြောသည်။
မန္တလေး - မတ္တရာကားလမ်းမှ ပွဲတော်ကျင်းပရာ တောင်ပြုန်းကြီးရွာသို့ အဝင်တွင် လုံခြုံရေးများ
ချထားကာ အိမ်စီးကားများကို အဝင်မခံဘဲ ပွဲတော်မှ ရွှေ့ပြောင်းမည့်သူများနှင့် သက်ဆိုင်သော
ကုန်ပစ္စည်းတင်သည့် ကားများကိုသာ စစ်ဆေးကာ ၀င်ခွင့်ပြုသည်။


"ပွဲတော်ပိတ်ရမယ်ဆိုတော့ အများသဘောပဲ လုပ်ရတာပါပဲ။ အခုတော့မိုးပြိုအများပေါ့။ လူကြီးတွေက
အကောင်းဆုံးတော့ ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဈေးသည်တွေ သဘောအရတော့
အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ပွဲတော်ကိုလုပ်စေချင်တယ်။ ရောဂါဖြစ်တဲ့ သူတစ်ယောက်ကိုတွေ့ရင်
ပွဲတော်ကို ပိတ်ရပိတ်ရ၊ အဲဒါမျိုးဆိုရင်တော့ အတတ်နိုင်ဆုံး လုပ်ပေးပြီးပြီဆိုပြီး ပိုကျေးဇူးတင်မိမှာပါ။
အခုတော့ ကျွန်တော်တို့ တော်တော်ဒုက္ခရောက်ကြရတယ်"ဟု ပျော်ဘွယ်မြို့မှ တောင်ပြုန်းပွဲသို့
အထည်ဆိုင်လာဖွင့်သူ ကိုထွန်းမြင့်အောင်က ပြောသည်။
မိတ်ဆွေများနှင့်အတူ ငါးပေအကျယ် ဆိုင်ခန်းတစ်ခန်းကို ကျပ် တစ်သိန်းခွဲနှုန်းဖြင့် ငှားရမ်းထားပြီး
ဆိုင်ခန်းခကို စရန်အဖြစ် သတ်မှတ်ကြေးတစ်ဝက် သွင်းထားသော်လည်း သတ်မှတ်ချက်အရ
စရန်ငွေပြန်မရပဲ နောက်နှစ်စရန်ငွေအဖြစ် ဆက်ထားထားရသည်ဟု ကိုထွန်းမြင့်အောင်က
ပြောသည်။
"ကျွန်တော်ဆိုလည်း သိန်း ၂၀ လောက် ရှုံးပါတယ်။ တချို့မုန့်သည်၊ ထမင်းဟင်းသည်တွေလည်း
ရှုံးကြတာပဲ။ ပွဲခင်းတစ်ခင်းလုံး ဈေးသည်မိသားစုတွေ ရန်မဖြစ်ကြတဲ့ သူမရှိဘူး။ ကျွန်တော်တို့
ဈေးတန်းတလျောက်လည်း မြင်နေရတာပဲ။ အကုန်လုံး ရှိစုမဲ့စုနဲ့ အရှုံးပေါ်ကြတော့ လင်နဲ့မယား
ဆိုတာလည်း စိတ်မကြည်ကြတော့ဘဲ ရန်ဖြစ်နေကြတော့တာပဲ"ဟု ရခိုင်ပြည်နယ်မှ လာရောက်
အထည်ဆိုင် ဖွင့်လှစ်ခဲ့သူတစ်ဦးက ပြောသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ ပွဲတော်အတွင်းလှည့်လည်ကာ ကျန်းမာရေး
စစ်ဆေးမှုများ လုပ်ဆောင်ပေးနေပြီး ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေး
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများ လုပ်ဆောင်နေကြောင်း
မတ္တရာမြို့နယ် ကျေးလက်ကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးကျော်သူဦးက ပြောသည်။
"ကျွန်တော်တို့ အဖွဲ့ရှစ်ဖွဲ့ခွဲပြီး တောင်ပြုန်းပွဲထဲက လူတွေရော၊ ဈေးသည်တွေရော၊ ရွာထဲက
လူတွေကိုပါ ကျန်းမာရေး စစ်ဆေးမှုတွေ လိုက်လုပ်ပေးနေပါတယ်။ အပူချိန်တိုင်း ကိရိယာနဲ့ တိုင်းပြီး
ကိုယ်အပူချိန် ၃၈ ဒီဂရီဆဲလ်ဆီးယပ်စ်ကျော်တဲ့ သူကိုတွေ့ရင် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ
ဆက်လုပ်ပါမယ်။ အခုအထိတော့ အဲဒီလိုလူနာ မတွေ့ရသေးပါဘူး"ဟု ၎င်းက ပြောသည်။

















