အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးကို ပထမဆုံးအကြိမ်
နှုတ်ထွက်ခွင့်ပြုလုပ်ပြီဖြစ်သည်။ အစိုးရအဖွဲ့တွင် အရေးကြီးဝန်ကြီးဌာနတစ်ခုဖြစ်သော လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းကို ၄င်း၏သဘောဆန္ဒအလျောက်နှုတ်
ထွက်ခွင့်ပြုခြင်းနှင့် အဆိုပါဝန်ကြီးဌာနကို ပူးတွဲကိုင်တွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်အား တာဝန်ပေးအပ်ကြောင်း သြဂုတ် ၁ ရက် ရက်စွဲဖြင့် နိုင်ငံတော်
သမ္မတရုံးက ယမန်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ဦးဖေဇင်ထွန်း ကျန်းမာရေးခွင့်ယူထားသဖြင့် ပြီးခဲ့သည့် လကတည်းက အဆိုပါဝန်ကြီးဌာနကို
ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းခိုင်က ပူးတွဲတာဝန်ယူနေခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာန
တာဝန်ရှိသူများက ပြောကြားထားသည်။ ဦးဖေဇင်ထွန်းသည် ယခင်အစိုးရလက်ထက်တွင်
စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အစိုးရနှစ်ဆက်
စလုံးတွင် အဆင့်မြင့်ရာထူးနှင့် ပြည်ထောင်စုအဆင့်ရာထူးကို ထမ်းဆောင်ရသည့် တစ်ဦး
တည်းသော ပြည်ထောင်စုအစိုးရအဖွဲ့ဝင်လည်း ဖြစ်သည်။
''အခြေအနေနဲ့ အချိန်အခါအရ ဝန်ကြီးအပြောင်းအလဲကို လုပ်ရတဲ့ သဘောပါပဲ။ ဒါပေမဲ့
နောက်ထပ် အပြောင်းအလဲတွေ ရှိဦးမှာလားဆိုတာကတော့ ပြောလို့ မရပါဘူး။ အဓိကကတော့
ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ မူတည်ပါတယ်။ အန်ကယ်တို့ ပါတီဘက်ကတော့ လွှတ်တော်
အမတ်တွေရဲ့ အရည်အချင်းတွေကို လေ့လာသုံးသပ်တာလုပ်နေသလို အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့
ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကလေ့လာသုံးသပ်နေပါတယ်'' ဟု
အင်န်အယ်လ်ဒီပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးဝင်းထိန်ကယမန်နေ့တွင်
ပြောကြားသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် သဘောဆန္ဒအလျောက်
နုတ်ထွက်ခွင့်ပြုသော အချက်က ပွင့်လင်းမြင်သာမှု အားနည်းနေသည်ဟု နိုင်ငံရေးလေ့လာ
သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
''ဘာကြောင့် နှုတ်ထွက်တယ်ဆိုတာ မသိရပေမဲ့အစိုးရသစ်သက်တမ်း တစ်နှစ်နဲ့ လေးလအတွင်းမှာ
စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အားရကျေနပ်စရာမရှိတာတော့ အမှန်ပါပဲ။ အားနည်းတဲ့
အစိုးရအဖွဲ့ဖြစ်တယ်ဆိုတာလည်း ငြင်းမရပါဘူး။ ဒါကြောင့် ကျန်တဲ့သုံးနှစ်တာ ကာလမှာ
တာဝန်ယူမှုရှိတဲ့၊ အားကောင်းပြီးစွမ်းရည်ပြည့်ဝတဲ့ အစိုးရအဖွဲ့ဖြစ်ဖို့ သင့်တော်တဲ့သူတွေ
ခန့်အပ်တာဝန်ပေးဖို့၊ အပြောင်းအလဲတွေ လုပ်နိုင်ဖို့လိုတာ အမှန်ပဲ'' ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးများ၏ အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှုကို ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်စောင့်ကြည့်သုံးသပ်နေခြင်းသည် ဗဟိုချုပ်ကိုင်မှုများနေသည်ကို
ဖော်ပြနေခြင်းဖြစ်ပြီး၊ အစိုးရအဖွဲ့ကို စောင့်ကြည့်ရန် လွတ်လပ်သည့်အဖွဲ့အစည်းများ
လိုအပ်သည်ဟုလည်း ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
အစိုးရသက်တမ်း တစ်နှစ်ခွဲနီးကျော်ရှိလာပြီဖြစ်သော်လည်း ခိုင်မာသည့် မူဝါဒမရှိခြင်းနှင့်
တိုင်းပြည်၏စီးပွားရေးတုံ့နှေးနေမှုကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို
အပြောင်းအလဲပြုလုပ်တော့မည်ဟူသော သတင်းများထွက်ပေါ်နေခဲ့သော်လည်း
အင်န်အယ်လ်ဒီ တာဝန်ရှိသူများက ငြင်းဆန်ခဲ့သည်။
အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် တာဝန်မှရပ်စဲခံရသူမှာ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းဖြစ်ပြီး ဒုတိယဝန်ကြီး
ရာထူးသက်တမ်းခြောက်လကျော်တွင် တာဝန်မှ ရပ်စဲခံခဲ့ရခြင်းဖြစ်သည်။
ဒေါက်တာထွန်းဝင်းအား တာဝန်မှ ရပ်စဲရာတွင်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဝန်ကြီးဌာနတွင်း
လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် အချေအတင်ပြောဆိုမှု၊ ဦးဝင်းထိန်နှင့်
အဆင်မပြေမှုများကြောင့် တာဝန်မှရပ်စဲခံရခြင်းဖြစ်ကြောင်း ထိုစဉ်က ပြုလုပ်ခဲ့သည့်
သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာထွန်းဝင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
ဒေါက်တာထွန်းဝင်းအား ဒုတိယဝန်ကြီးတာဝန်မှ ရပ်စဲပြီး ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍
ဦးဝင်းထိန်ကွှ့န ဠသငခန သတင်းစာတွင် 'နိုင်ငံရေး လေနဲ့ဝမ်းကွဲစေလို' ဆိုသော ဆောင်းပါး
ရေးသားကာ တုံ့ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကိုယ်စားလှယ်လောင်း
ရွေးချယ်ခြင်း၊ အစိုးရတာဝန်လွှဲပြောင်းရယူခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေးအတွက် လူရွေးချယ်ခြင်း
များကို ပါတီက ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ၄င်း၏ ဆောင်းပါးတွင် ရေးသားခဲ့သည်။
ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲပြီး မကြာမီ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဦးလှကျော်ကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း
နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။ ဒေါက်တာထွန်းဝင်းပြီးနောက် အင်န်အယ်လ်ဒီ
အစိုးရအဖွဲ့မှ ဒုတိယမြောက် ထွက်ခွာခဲ့ရသူမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးဖြစ်သည်။
ဦးမင်းမင်းဦးနှင့် ပတ်သက်၍ အင်န်အယ်လ်ဒီပါတီက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး
နောက်ဆုံးတွင် နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှု အပါအဝင် ဦးမင်းမင်းဦးနှုတ်ထွက်
ခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ကသော်လည်းကောင်း၊ အင်န်အယ်လ်ဒီပါတီကသော်လည်းကောင်း
တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
''ကျွန်တော့်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာမို့လို့ လုပ်လိုက်ရတာပါ။ ပါတီက တစ်ခါတည်း ဘာလို့
ထွက်ရလဲဆိုတော့ ဒီပါတီကို မကြိုက်တော့လို့ပါ။ အားလုံးကိုအဆက်ဖြတ်ချင်လို့ ပင်နီတိုက်ပုံတောင်
မဝတ်တော့ပါဘူး'' ဟု ထိုစဉ်က မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ဦးမင်းမင်းဦးက ပြောသည်။

အာဏာလွှဲပြောင်းရယူပြီးနောက် ဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီး ၁၈ ပါး
ပါဝင်သော အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ကို ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်တွင် နိုင်ငံတော် သမ္မတရုံး
အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လေးဌာနအတွက် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု
ဝန်ကြီးတာဝန်ယူခဲ့သည်။ နောက်ပိုင်းမှသာ ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး
ဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမျိုးသိမ်းကြီးကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဦးဖေဇင်ထွန်းကို လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြီးခဲ့သည့်နှစ် ဧပြီ ၅ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်
သည်။
အစိုးရသစ် စတင်ဖွဲ့စည်းချိန်တွင် ဝန်ကြီးဌာနအားလုံးတွင် ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်း
မရှိခဲ့ပေ။ ယခင်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၆ ဌာနရှိခဲ့သော်လည်း အစိုးရအဖွဲ့ကို
ကျစ်ကျစ်လျစ်လျစ်ဖြစ်စေရန် ဝန်ကြီးဌာန ၂၁ ဌာနအထိ လျှော့ချဖွဲ့စည်းခဲ့သည်။
အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန အရေအတွက် လျှော့ချနိုင်ခဲ့ခြင်းကြောင့် ပြည်ထောင်စု
ဝန်ကြီးများ၏ လစာနှင့်အဆောင်အယောင် အသုံးစရိတ်အတွက် အစိုးရသက်တမ်း ငါးနှစ်စာ
ကျပ်သန်း ၅,ဝဝဝ ကို လျှော့ချနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြီးခဲ့သည့် မတ်လ
အတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
သို့သော်လည်း ပထမဆုံး ဒုတိယဝန်ကြီးခန့်အပ်မှုကို အင်န်အယ်လ်ဒီအစိုးရက ဧပြီလတွင်
စတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
ဦးကျော်တင်ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊
နယ်စပ်ရေးရာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနများအတွက် ဒုတိယဝန်ကြီးများကို
ပြီးခဲ့သည့်နှစ် မေလဆန်းပိုင်းတွင်လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွက်
ဒုတိယဝန်ကြီးကို မေလကုန်ပိုင်း၊ ပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများအတွက်
ဒုတိယဝန်ကြီးများကို စက်တင်ဘာလ၊ သမ္မတရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဌာနများအတွက် ဒုတိယဝန်ကြီးများကို ဒီဇင်ဘာလဆန်းပိုင်းတွင်လည်းကောင်း၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီးကို ယခုနှစ် ဧပြီလတွင်လည်းကောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခန့်အပ်ခြင်းကို ယခုနှစ် ဇွန်လတွင်လည်းကောင်း
အသီးသီးခန့်အပ်ခဲ့သည်။
ဝန်ကြီးဌာန ၂၂ ဌာနရှိသည့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီး ၂ဝ ဦးနှင့်
ဒုတိယဝန်ကြီး ၁၄ ဦးအထိ ရှိလာပြီဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီးအဖြစ် ဦးဆက်အောင်ကို ပြီးခဲ့သည့် ဇူလိုင်
၃၁ ရက်တွင် ခန့်အပ်ခဲ့သည်။ အဆိုပါဝန်ကြီးဌာနသည် အင်န်အယ်လ်ဒီအစိုးရ လက်ထက်တွင်
ပထမဆုံးဒုတိယဝန်ကြီးနှစ်ဦး ရှိလာသည့် ဝန်ကြီးဌာနဖြစ်သည်။ ဦးဆက်အောင်သည် ယခင်က
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်အစိုးရ လက်ထက်တွင် အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်
ခဲ့သည်။
''ပြောရမယ်ဆိုရင် အကြောင်းအခြေခံအရပ်တွေရှိပါတယ်။ ကြိုပြောဖို့စောသေးတယ်။ ပိုမိုပြီး
ကောင်းမွန်အောင်လုပ်တဲ့ ရည်ရွယ်ချက်လို့ အန်ကယ်တို့မြင်ပါတယ်။ စောင့်ကြည့်ရမှာပဲ'' ဟု
ထွန်းကော်မာရှယ်ဘဏ်နှင့် ြွှ လုပ်ငန်းစုဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။
















