ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ယခုလအတွင်း အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်မည်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ယခုလအတွင်း အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်မည်

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ယခုလ ဒုတိယပတ်အတွင်း ထုတ်ပြန်ရန်
စီစဉ်ထားကြောင်း အကြံပေးကော်မရှင်ရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရင်စနိုင်းက ပြောသည်။

''ထုတ်ပြန်မယ့် ရက်အတိအကျတော့ အတည်မပြုရသေးပါဘူး။ သြဂုတ်လ ဒုတိယပတ်ထဲမှာ
ထုတ်ပြန်ဖြစ်မှာပါ'' ဟု ၄င်းက ပြောသည်။

ယမန်နှစ် စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့သော အဆိုပါ ကော်မရှင်သည် လာမည့် စက်တင်ဘာလ
၅ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ကော်မရှင်၏ သက်တမ်းမကုန်ဆုံးမီ အပြီးသတ်အစီရင်ခံစာ
တင်သွင်းရန် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အသေးစိတ် အတည်ပြုချက်များကို ဆွေးနွေးလျက်ရှိကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ အခြေစိုက်
နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် တွေ့ဆုံစဉ် အတည်ပြုပြောကြားခဲ့သည်။

''အစီရင်ခံစာနဲ့ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေရယူနိုင်ဖို့ သူတို့ဘက်က တောင်းဆိုတဲ့
ကိစ္စတိုင်းကို ကျွန်တော်တို့ ခွင့်ပြုပေးထားခဲ့ပါတယ်'' ဟု ဦးကျော်တင့်ဆွေက ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် အကြံပြုချက် ၃ဝ ပါ ကြားဖြတ်အစီရင်ခံစာကို
ပြီးခဲ့သည့် မတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကြားဖြတ်အစီရင်ခံစာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်မှု၊
သတင်းယူခွင့်၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဆိုင်ရာ ကိစ္စရပ်များနှင့်
ဘင်္ဂလားဒေရှ့်နိုင်ငံနှင့်ဆက်ဆံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ လုံခြံုရေးတပ်ဖွဲ့ဝင်များကို
သင်တန်းပေးခြင်း၊ နိုင်ငံသားဖြစ်မှုနှင့်လွပ်လပ်စွာသွား လာခွင့်၊ ဒုက္ခသည်စခန်းများပိတ်ရေး၊
ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ လူ့အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးကဏ္ဍနှင့်
အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် ကိုယ်စားလှယ်များထား ရှိနိုင်မှုနှင့် ကိုယ်တိုင်ပါဝင်နိုင်မှု၊
ဒေသတွင်းရှိ နိုင်ငံများနှင့်ဆက်ဆံရေး စသည့် အချက်များကို အကောင်အထည်ဖော်ရန်
အကြံပြုထားသည်။

ကြားဖြတ်အစီရင်ခံစာပါ အချက်များအပေါ် အစိုးရ၏ အကောင်အထည်ဖော်မှုသည် ကော်မရှင်၏
အပြီးသတ်အစီရင်ခံစာကို သက်ရောက်စေမှာဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် မစ္စတာ
ဂါဆန်ဆလမ်မီက ပြောသည်။

''မြန်မာကော်မတီနဲ့ အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အတွက် ကျွန်တော်ပျော်မိပါတယ်''ဟု မစ္စတာ
ဂါဆန်က ဇူလိုင် ၂၅ ရက်တွင် ၄င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ကိုဖီအာနန်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များအနက် လူသားချင်း စာနာထောက်ထားမှု
ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး ပညာရေးဆိုင်ရာကိစ္စများ၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းမှု၊
ဒေသတွင်း ဆက်ဆံရေး၊ နှစ်နိုင်ငံချင်းဆိုင်ရာ လုံခြံုရေးကိစ္စရပ်များကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွေ့ဆုံပြီး အဆိုပြုထားသည့် နှစ်နိုင်ငံအကြား
နယ်စပ်ဆက်ဆံရေး အရာရှိရုံး ဖွင့်လှစ်ရေးနှင့် လုံခြံုရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးရေးကို ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း အမျိုးသား
လုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောသည်။

''ရခိုင်ပြည်နယ်အရေးက ရှုပ်ထွေးနက်နဲတာမို့ အဲဒီကိစ္စကို ဖြေရှင်းတဲ့အခါ ရေတို၊ရေရှည်
စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေရပါတယ်။ သမာသမတ်ကျတဲ့ ဖြေရှင်းနည်းတွေနဲ့ လူအသိုင်း
အဝိုင်းနှစ်ခုလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို မြှင့်တင်ပေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ၄င်းက
ပြောသည်။

ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များအတိုင်း ရခိုင်ပြည်နယ်တွင်း ပြန်လည်နေရာချထားရေး
ဆောင်ရွက်မှုများ၌ တစ်ပြေးညီမဟုတ်ဘဲ ကွဲပြားခြားနားသည့် လုပ်နည်းလုပ်ဟန်များကြောင့်
ကာလရှည် ပြည်တွင်း နေရပ်စွန့်ခွာနေရသူ (အိုင်ဒီပီ) ခန့်မှန်း ၁၂ဝ,ဝဝဝ အတွက် ရေရှည်
တည်တံ့နိုင်မည့် ဖြေရှင်းမှု အလားအလာ နည်းပါးနေဆဲဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်တွင်
ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်ပြသူ မစ္စယန်ဟီးလီ၏
ထုတ်ပြန်ချက်က ဆိုသည်။

''ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ အကြံပြုချက်နဲ့အညီ
ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်း တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့
သိရှိရပါတယ်။ ရခိုင်ပြည်နယ်မှာ မွေးစာရင်း ၂ဝ,ဝဝဝ ကျော် ထုတ်ပေးခဲ့ခြင်းကိုလည်း
ကြိုဆိုပါတယ်'' ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံတွင် ပါဝင်လာမည့်
အချက်များကို စောင့်ကြည့်မည်ဖြစ်ပြီး လက်မခံနိုင်သည့် အချက်များ ပါဝင်လာပါက တရားဝင်
ကန့်ကွက်တုံ့ပြန်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က
ပြောသည်။

''ဒီကော်မရှင်ကို အရင်ကတည်းက ကျွန်တော်တို့က လက်ခံခဲ့တာမဟုတ်ဘူး။ ဖျက်သိမ်းဖို့ထိ
တောင်းဆိုခဲ့တာဖြစ်တယ်။ ကြားဖြတ်အစီရင်ခံစာကလည်း ဘက်လိုက်လွန်းတယ်။ အခု
အပြီးသတ်အစီရင်ခံစာကို စောင့်ကြည့်ပြီး လက်မခံနိုင်တဲ့အချက်တွေပါလာရင်တော့
တရားဝင် ကန့်ကွက်ပါမယ်'' ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး