ပိုမိုခက်ခဲလာသည့် ငြိမ်းချမ်းရေးနှစ်မျှော်မှန်းချက်

ပိုမိုခက်ခဲလာသည့် ငြိမ်းချမ်းရေးနှစ်မျှော်မှန်းချက်

၂ဝ၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဖြစ်ရန် မျှော်မှန်းသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်ဆန်းပိုင်းတွင် ပြောဆိုခဲ့သော်လည်း ယခုနှစ်အတွင်း
ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း အခင်းအကျင်းများကြောင့် အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ
စိန်ခေါ်မှုများ ရှိနေသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများမှ
တဆင့် မူသဘော တူညီချက် အချို့ ရရှိနိုင်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏
ကြားဝင်ညှိနှိုင်းပေးမှုအရ ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသည့် တအာင်း၊
ကိုးကန့်နှင့် ရက္ခိုင်စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဒုတိယအကြိမ်၂၁
ပင်လုံညီလာခံ၏ ဖွင့်ပွဲနေ့သို့ တက်ရောက်နိုင်ခဲ့သည်။

သို့သော် ပထမခြောက်လအတွင်း ဖြစ်ပေါ်ခဲ့သည့် စစ်ရေးနှင့် နိုင်ငံရေး ဖြစ်ပေါ်မှုများအရ ၂ဝ၁၇
သည် ငြိမ်းချမ်းရေးနှစ် ဖြစ်နိုင်ချေ နည်းပါးသည်ဟု လေ့လာသူများက ဆိုသည်။

''စစ်ရေးဖိအားတွေ များလာတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေဟာ ဝနဲ့ ပိုပြီးနီးစပ်လာတယ်။
ဝခေါင်းဆောင်တဲ့ အဖွဲ့သစ် (FPNCC) ဖြစ်လာတယ်။ အခုအနေအထားမှာ NCA ထိုးတဲ့အဖွဲ့၊
NCA မထိုးတဲ့ UNFC အဖွဲ့နဲ့ NCA ထက် လမ်းကြောင်းသစ် ရှာမယ့် ဝခေါင်းဆောင်တဲ့အဖွဲ့ဆိုပြီး
အုပ်စုသုံးခု ရှိလာတယ် ''ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဦးတည်သည့် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးနှစ်ဟု မျှော်မှန်းသည့်တိုင်
စစ်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများ ဖြစ်ပွားသည့်အပြင်၊ အဆိုပါ
အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင်လည်း မသေချာမှုများရှိနေသည်။

ယခုနှစ်အတွင်း အသစ်ပေါ်ထွက်လာသည့် ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ ဦးဆောင်သည့် အဖွဲ့သစ်
(FPNCC) က NCA လမ်းကြောင်း အလုပ်မဖြစ်ဟုဆိုကာ ဆွေးနွေးမှု လမ်းကြောင်းသစ်အတွက်
အစိုးရနှင့် ညှိနှိုင်းလိုကြောင်း ထုတ်ပြန်ခဲ့သည်။ ဒုတိယအကြိမ်ပင်လုံညီလာခံတွင် တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လမ်းကြောင်း တစ်ခုတည်းသာ
ရှိသည်ဟု ပြောဆိုပြီးနောက်၊ FPNCC အဖွဲ့၏ အစိုးရနှင့် ဆွေးနွေးရေးမှာ ဝေဝါးသွားပြန်သည်။
ငြိမ်းချမ်းရေး ခရီးမည်မျှ ရှေ့ဆက်နိုင်သည်မှာ အစိုးရနှင့်လက်နက်ကိုင်များအကြား အပေးအယူ
မျှမျှတတ ပြုလုပ်နိုင်သည့် အပေါ်တွင် မူတည်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ
စိုင်းကျော်ညွှန့်က ပြောသည်။

''အခုအနေအထားအတိုင်း မူဝါဒမပြောင်းလဲဘူးဆိုရင်တော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံ
ဆွေးနွေးနိုင်ဖို့က မလွယ်ဘူး'' ဟု စိုင်းကျော်ညွှန့်က ဆိုသည်။ NCA ကို ကျော်လွန်ပြီး ဆွေးနွေးရန်
အစိုးရက ဆန္ဒမရှိသကဲ့သို့၊ NCA ကို ပြန်လည် ပြင်ဆင်ရေးအတွက် ညှိနှိုင်းရန်မှာလည်း လက်မှတ်
ရေးထိုးထားသည့် အဖွဲ့များ၏ ကန့်ကွက်မှုကို ခံရနိုင်သည့်အတွက် မြောက်ပိုင်း အဖွဲ့များ ငြိမ်းချမ်းရေး
စားပွဲဝိုင်းပေါ် ရောက်လာရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။

''NCA ကို ပြင်လို့တော့ မရဘူး။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေ၊ လုပ်ငန်းလမ်းညွှန်တွေတော့
ကျွန်တော်တို့ ပြင်ဆင်ဖို့ ဆွေးနွေးနေတာရှိတယ်'' ဟု ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
နာယက ဦးခွန်ဥက္ကာက ပြောသည်။

အာဏာရပါတီနှင့် တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် ကိစ္စအချို့ကလည်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နှင့် တပ်မတော်တို့ ပူးတွဲအကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်
အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း လေ့လာသူအချို့ကလည်း သတိပေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း တို့၏ ပြောဆိုချက်များအပေါ် တပ်မတော်ဘက်က ကြေညာချက်ထုတ်၍ ကန့်ကွက်
ခဲ့သည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးရည်မှန်းချက်ကို
မထိခိုက်စေမည့် ပြောဆိုမှု ရှောင်ကျဉ်ရန် လိုအပ် သည်ဟု နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး