မြန်မာနိုင်ငံ၏ အတိတ်ရာသီဥတု လေ့လာမှုလုပ်ငန်းများကို နိုင်ငံခြားပညာရှင်များနှင့် ပူးပေါင်းကာ
နိုဝင်ဘာလနှောင်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု
ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါလေ့လာမှုမှ လွန်ခဲ့သော ရာစု နှစ်များစွာအတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတုပြောင်းလဲမှု
အခြေအနေများကို သိရှိ နိုင်မည်ဖြစ်ကာ လေ့လာမှုမှရရှိသော အချက်အလက်များသည် အနာဂတ်
ရာသီဥတု ကြိုတင်ခန့်မှန်းရေးလုပ်ငန်းများအတွက်လည်း အသုံးဝင်မည်ဖြစ်ကြောင်း ၎င်းကပြော
သည်။
လေ့လာမှု ပထမအဆင့်အဖြစ် မိုး/ဇလဌာန၊ မြန်မာနိုင်ငံ မြေငလျင်အသင်းနှင့် စင်ကာပူနိုင်ငံ၊
နန်ယန်း တက္ကသိုလ်ရှိ ကမ္ဘာမြေ လေ့လာစောင့် ကြည့်ရေးအဖွဲ့မှ ပညာရှင်များသည် မွန် နှင့် ကရင်
ပြည်နယ်များသို့ နိုဝင်ဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အထိ သွားရောက်ကာ သုတေသနပြုလုပ်ရန်
လိုအပ်သော နမူနာစုဆောင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။
"ကာဗွန်သတ္တိကြွနှုန်းတိုင်းဖို့အတွက် မွန်၊ ကရင်က ထုံးကျောက်ဂူတွေကနေ ကျောက်စက်မိုးမျှော်၊
ကျောက်စက် ပန်းဆွဲနမူနာတွေ ရယူခဲ့ပါတယ်။ ဒါတွေကို ထိုင်ဝမ်ကိုပို့ပြီး ဓာတ်ခွဲစမ်းသပ်မှုတွေ
လုပ်မယ်။ ဒီအဖြေတွေကနေ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက အပူချိန်၊ ရာသီဥတု အခြေအနေတွေ
ကိုလည်း သိနိုင်မယ်။ ဒီအချက်အလက်တွေဟာ မြန်မာ နိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုလေ့လာမှု
တွေအတွက်ရော၊ အနာဂတ်ရာသီဥတု ခန့်မှန်းမှုတွေမှာ ကိုးကားပြုစရာအဖြစ်ရော အသုံးဝင်မှာပါ"
ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ အတိတ်ရာသီဥတု လေ့လာမှုများကို သုံးနှစ်စီမံကိန်းအနေဖြင့် ဆောင်ရွက်သွားမည်
ဖြစ်ပြီး နိုင်ငံတွင်းရှိ အခြားဒေသများတွင်လည်း သုတေသန ဆောင်ရွက်မှုများကို ဆက်လက် လုပ်
ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။















