နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်နေပြည်သူများ ငြိမ်းချမ်းရေး
စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည့် မြေတိုင်ကန်ကျေးရွာရှိ ဒေသခံများ၏ တောင်းဆိုချက်များ
ဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်း ပြေလည်မှုများ ရရှိခဲ့သည်။
ယခုလ ရ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာတွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်နေပြည်သူများ၏ ငြိမ်းချမ်းရေး စကားဝိုင်းကို
ကျင်းပပြုလုပ်ခဲ့သည်။
ယင်းစကားဝိုင်းတွင် ဒေသခံများ လျှပ်စစ်မီးရရှိရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
ဆွေးနွေးခဲ့ကြပြီး ကျေးရွာလိုအပ်ချက်များကို တင်ပြရာတွင် ဆွေးနွေးပွဲပြုလုပ်နေချိန်အတွင်း
အလှူရှင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"အမေစုကို အပြင်မှာလည်း ဒီအသက်အရွယ် အထိတခါမှာ မမြင်ဖူးခဲ့ဘူး။ အခု ရွာကို
လာမယ်ဆိုတော့ မနက်ကတည်းက ထွက်စောင့်နေလိုက်တယ်။ ရွာမှာကတော့ အခုလောလောဆယ်
လမ်းတွေ အတော်လေး ကောင်းသွားတယ်။ အရင်ဆိုရင် သွားရေးလာရေး ခက်တာပေါ့။
၀မ်းလည်းသာတယ် ရွာကိုလည်း လူတွေ အများကြီး လာကြတော့ ပျော်တယ်။
လိုအပ်ချက်ကလေးတွေ အဆင်ပြေသွားတယ် ကြားတော့လည်း စိတ်ချမ်းသာတာပေါ့" ဟု
မြေတိုင်ကန် ကျေးရွာမှ ဒေသခံ အသက် ၅၀ ကျော်အရွယ် ဒေါ်ညွှန့်ရီ ကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မြေတိုင်ကန်ကျေးရွာရှိ ဒေသခံ သီးနှံကုန်သယ်ပွဲစား ဒေါ်ပိုးတီ၊
ကျောင်းဆရာ ဦးထွန်းဝင်း၊ ကုန်မျိုးစုံ ဆိုင်ပိုင်ရှင် ဒေါ်ခင်ဆွေ၊ တောင်သူ ဦးအောင်တင့်၊ ကျောင်းသူ
ဒေါ်ထက်ထက်အောင်၊ ကားလုပ်ငန်းပိုင်ရှင် ဦးရဲစိန်၊ ဆန်စက်ပိုင်ရှင် ဦးကျော်ဖုန်း၊ ယက္ကန်းရုံပိုင်ရှင်
ဦးဝင်းဇော် တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲကို ပြည်တွင်းအခြေစိုက် မီဒီယာများနှင့် အစိုးရပြန်ကြားရေး သတင်းဌာနများက
အင်တာနက် စာမျက်နှာများတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြသည်။
ကျောင်းဆရာ ဦးထွန်းဝင်းက လက်ရှိ ကျေးရွာတွင် ကေဂျီတန်းမှ ပဥ္ခမတန်းအထိ
ပညာသင်ကြားနေသည့် ကျောင်းသားဦးရေ ၆၉ ဦးရှိပြီး၊ တခြားမြို့များသို့ သွားရောက်
ပညာသင်ကြားနေရသည့် ကျောင်းသား ၅၂ ဦးရှိကြောင်း၊ ပဥ္ခမတန်းကျောင်းသားများအတွက်
စာသင်ဆောင် လိုအပ်နေကြောင်း ဆွေးနွေးနေစဉ် ဒေါ်အောင်ဆန်းစုကြည်က စကားဝိုင်းကို
နားထောင်နေသည့် လုပ်ငန်းရှင်တစ်ဦးက လှူဒါန်းရန် အလှူခံခဲ့ပြီး၊ ဆွေးနွေးနေစဉ်အတွင်း
လုပ်ငန်းရှင်တစ်ဦးက တိုင်းအစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းမှု လက်ခံရရှိထားကြောင်း
တိုင်းဒေသကြီး ၀န်ကြီးချူပ် ဒေါက်တာဇော်မြင့်မောင် ကပြောကြားခဲ့သည်။
"အခုကျွန်တော် ပြောချင်တာက ၀မ်းသာစရာ သတင်းပါပဲ ဆွေးနွေးပွဲ လုပ်နေစဉ်မှာပဲ
ကျွန်တော်တို့ဆီကို အလှူရှင်တစ်ဦးက စာသင်ဆောင်ကို လှူဒါန်းပါမယ်လို
အကြောင်းကြားလာပါတယ်။ ဒီကိစ္စလည်း အဆင်ပြေသွားပါတယ်" ဟု ဆွေးနွေးပွဲတွင်
၀န်ကြီးက ကြေညာခဲ့သည်။
ဆက်လက်ပြီး တောင်သူတစ်ဦးက မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေ ရရှိနိုင်မှုကို
ဆွေးနွေးခဲ့ရာတွင် ၀န်ကြီးချူပ်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ဆွေးနွေးပြီး
ဖြစ်သောကြောင့် တစ်ပတ်အတွင်း ရေရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်က မေးခွန်း သုံးခု မေးမြန်းနိုင်ကြောင်း ဒေသခံများကို
ဖိတ်ကြားခဲ့ပြီး ၀မ်းတွင်းမြို့နယ် ညောင်ပင်သာရွာမှ ဒေါ်မြသန်းရီက ၎င်းတို့ ကျေးရွာတွင်
အိမ်ခြေ ၂၅၀ ရှိပြီး ၈၅ အိမ်သာ လျှပ်စစ်မီးရရှိကြောင်း၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား တစ်ရွာလုံး
မီးလင်းနိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်ဖြေကြားနေစဉ် အလှူရှင်တစ်ဦးက အစိုးရအဖွဲ့သို့ ကျပ်သိန်း ၂၀၀
ဆက်သွယ်လှူဒါန်းခဲ့သည်။
ကျေးရွာရှိ သက်ကြီးရွယ်အိုများက သောက်သုံးရေရရှိမှု အခက်အခဲများနှင့် မြစ်ချောင်းတာတမံများ
ပြိုကျနေမှု အခက်အခဲများကို တင်ပြခဲ့ကြပြီး ပြေလည်မှုများရရှိခဲ့ကြောင်းလည်း သိရသည်။
နို်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး မရရှိသေးသော ဒေသများနှင့်
ဝေးကွာသော ကျေးရွာတစ်ရွာတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မည်မျှ အတွေးအခေါ်ရှိသည့်
စဉ်းစားခြင်း ရှိ၊ မရှိကို သိရှိနိုင်ရန်အတွက် ငြိမ်းချမ်းသော ဒေသတွင် ငြိမ်းချမ်းရေး စကားဝိုင်း
ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် ဒေသခံအများစုသည့် မိမိတို့ ကဏ္ဍာအလိုက် လိုအပ်များကိုသာ
အဓိကထား တင်ပြပြောဆိုခဲ့ကြောင်း တွေ့ရသည်။
"ကျွန်မတို့ အခုလုပ်နေတဲ ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ပြည်သူတွေကို
နားလည်စေချင်တယ်။ ငြိမ်းချမ်းရေး မရှိသေးရင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါဘူး" ဟု
ဒေါ်အောင်ဆန်းစုကြည်က ဒေသခံမျာကို ပြောကြားခဲ့သည်။
















