ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သူများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကမ္ဘာ့ဘာသာပေါင်းစုံငြိမ်းချမ်းရေးညီလာခံက ကြေညာချက် ထုတ်ပြန်

ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သူများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကမ္ဘာ့ဘာသာပေါင်းစုံငြိမ်းချမ်းရေးညီလာခံက ကြေညာချက် ထုတ်ပြန်

ဘာသာရေးပဋိပက္ခများ ဖြစ်ပွားစေရန် နည်းအမျိုးမျိုးဖြင့် သွေးထိုးလှုံဆော်သူများနှင့် ယင်းလှုပ်ရှားမှုတွင်
ပါ၀င်သူများနှင့် အားပေးကူညီသူများအား ပြင်းထန်စွာ ရှုတ်ချကြောင်း သီတဂူ ကမ္ဘာ့ဘာသာပေါင်းစုံ
ငြိမ်းချမ်းရေးညီလာခံက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ဩဂုတ်လ ၅ ရက်နေ့မှ
၆ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသည့် 'ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ
ဘာသာပေါင်းစုံညီညွတ်ရေး ညီလာခံ' တွင် အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ဂျပန်၊ တရုတ်၊ ပြင်သစ်၊
ဘူတန်နှင့် သိရီလင်္ကာစသည့် နိုင်ငံပေါင်း ၃၀ ကျော်မှ အဆင့်မြင့်ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်
တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဂျိန်းဘာသာနှင့် ဆစ်ဘာသာနှင့်
ဘာသာပေါင်းစုံမှာ ကိုယ်စားလှယ်များ စုပေါင်းပါ၀င်တက်ရောက်ခဲ့ကြသည်။

ယနေ့ ကမ္ဘာ့နိုင်ငံတိုင်း ဘာသာတိုင်းတွင် ဘာသာမဲ့အရေအတွက်များ တစ်နေ့တစ်ခြား
တိုးပွားလာလျက်ရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာ ထွန်းကားနေသော မျက်မှောက်ခေတ်ကာလတွင်
လူငယ်များသည် မိမိတို့ ဘာသာတရား၏ အဆုံးအမကို လိုက်နာခြင်း မရှိသဖြင့် ထိတ်လန့်ဖွယ်
အခြေအနေများဖြင့် ရင်ဆိုင်နေကြရကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရက အခမ်းအနားဖွင့်ပွဲတွင် မိန့်ကြားသည်။

ယနေ့ ကမ္ဘာ့နိုင်ငံကြီးများအနက် အင်္ဂလန်နိုင်ငံတွင် ဘာသာမဲ့ပုဂ္ဂိုလ် ၃၅ ရာခိုင်နူန်း၊ ဂျပန်နိုင်ငံတွင်
၃၁ ရာခိုင်နူန်းနှင့် အမေရိကန်နိုင်ငံတွင် ၃၃ ရာခိုင်နူန်းခန့် ရှိကြောင်း၊ ထို့အတူ ဘာသာကြီး ငါးခုတို့
ပေါ်ပေါက်ရာ နိုင်ငံများတွင်လည်း ဘာသာမဲ့အရေအတွက်များ များပြားလာလျက်ရှိကြောင်း
ဆရာတော်က မိန့်သည်။

ထိုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ကို အထောက်အကူဖြစ်စေရန်
နိုင်ငံခေါင်းဆောင်များစွာတို့သည် ဆွေးနွေးပွဲများ အစည်းအဝေးများဖြင့် ငြိမ်းချမ်းအောင်
ဆောင်ရွက်နေကြကြောင်း၊ ဘာသာရေးခေါင်းဆောင်များအနေဖြင့် မတူညီသော ကွဲပြားသော
အကြောင်းအရာများကို ဘေးဖယ်၍ ငြိမ်းချမ်းစွာ အတူလက်တွဲလျှောက်လှမ်းကြရန်
သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။

အဆိုပါ နှစ်ရက်တာ ညီလာခံအပြီးတွင် လုံခြုံစိတ်ချရသည့် လူမှုဘဝကို ရရှိရန် ကမ္ဘာတဝန်းမှ
ပြည်သူလူထုအားလုံးက စိုးရိမ်ကြောက်လန့်မှု မရှိဘဲ အတူကြိုးပမ်းဆောင်ရွက်ရန်၊ ဘာသာရေး
အကြောင်းပြချက်ဖြင့် ဖြစ်ပွားသည့် ပဋိပက္ခနှင့် စစ်ပွဲများမှ ဘာသာတစ်ခုအား အကြောင်းပြု
တိုက်ခိုက်သည့် အမုန်းစကား ပြောဆိုမှုများနှင့် ၀ါဒဖြန့်လှုပ်ရှားမှုများအား ပြည်သူလူထုအနေဖြင့်
ရှုတ်ချကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြံုရေးကို ခိုင်မာတောင့်တင်းစေရန် ဘာသာရေးဆိုင်ရာ သွန်သင်ဆုံးမမှုများဖြင့်
လူမှုအဖွဲ့အစည်းကို တည်ဆောက်ရာတွင် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များမှ ဦးဆောင်ရန်၊
လူမှုအသိုက်အဝန်း ငြိမ်းချမ်းစေရန်နှင့် သာယာဝပြောမှု ရှိစေရန် မတူကွဲပြားသည်
ဘာသာအချင်းချင်းအကြား လူသားချင်းဆိုင်ရာ အပြန်အလှန် နားလည်မှု၊ လေးစားမှုနှင့် ယုံကြည်မှု
တည်ဆောက်ရန်၊ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရာတွင် အခြားဘာသာများ၏ အရေးကိစ္စများတွင်
၀င်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူသားမျိုးနွယ်စုများ ဆက်လက်ရှင်သန်နိုင်ရေးအတွက်
လူမှုအသိုက်ဝန်းကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘာသာဝင်တိုင်းတွင် တာဝန်ရှိပြီး မတူကွဲပြားသည့်
ဘာသာဝင်များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွင် စိတ်ရှည်သည်းခံခြင်းကို
လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

အဆိုပါ ညီလာခံကို သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာတက္ကသိုလ်၊ Vivekananda ၀ိဝေကာနန္ဒ
အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း(အိန္ဒိယ) နှင့် မဟာဗျူဟာနှင့် ဂျပန်ဖောင်ဒေးရှင်း၏ နိုင်ငံတကာ
လေ့လာသုံးသပ်ရေးအဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံသုံးနိုင်ငံမှ အကြီးအကဲခေါင်းဆောင်များဖြစ်သည့်
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra နှင့် ဂျန်ပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr.Shinzo Abe တို့က
ဗီဒီယိုဖိုင်ဖြင့် သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ကိုယ်စား အမျိုးသားလုံခြုံရေးနှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အစွန်းရောက်အကြမ်းဖက်မှုများကို အစဉ်တွန်းလှန်ဆန့်ကျင်လျက်ရှိပြီး
နိုင်ငံအတွင်း လွတ်လပ်စွာကိုးကွယ်မှုကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အတိုင်း
အလေးထား ဖော်ဆောင်လျက်ရှိကြောင်း အမျိုးသားလုံခြုံရေးနှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက
ပြောသည်။

အမုန်းတရားများ ဖြစ်ပေါ်ပွားများစေမည့် မဟုတ်မမှန် လိမ်လည် လုပ်ဇာတ်များကိုလည်း
ရင်ဆိုင်ဖြေရှင်းနေရပြီး နေ့စဉ်နှင့်အမျှ အစွန်းရောက် အကြမ်းဖက်မှုများကို တွန်းလှန်တိုက်ခိုက်
နေကြောင်း၊ ထိုလိမ်လည်ဇာတ်လမ်းများသည် ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာက
ထွက်ရှိလာသည်ဖြစ်စေ ဆိုးဝါးသည့် ပြဿနာကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ အရောင်စုံ၊ အလွှာစုံသော
လူ့ဘောင်အဖွဲ့အစည်းအတွင်း မရှိအပ်သည့် အရာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကွဲပြားခြားနားသည့် ကိုးကွယ်ရာဘာသာများအကြား အပြန်အလှန် ဆွေးနွေးဖလှယ်မှုများဖြင့်
တူညီသည့် အယူအဆတန်းဖိုးထားမှုများကို ဖော်ထုတ်အားပေးကြရန် ၂၀၀၃ ခုနှစ်တွင် ကျင်းပခဲ့သည့်
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့နိုင်ငံများက ဆုံးဖြတ်အတည်ပြုထားသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားထားသည့်အတိုင်း မတူကွဲပြားမှုများ ရှိနေသော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာခြင်းဖြင့်
ထပ်တူကျသည့် အခြေခံတူညီမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ယနေ့ကမ္ဘာပေါ်တွင် စိတ်ဓာတ်သည်းခံမှုမှာ စိန်ခေါ်မှုများလည်း ရှိနေပါတယ်၊ အကြမ်းဖမ်းဝါဒနှင့်
အစွန်းရောက်အကြမ်းဖက်မှုက ကျယ်ပြန့်လျက်ရှိနေသလို ကမ္ဘာ့ကြီးရဲ့ အခြားဘာသာများ
တည်ရှိနေမှုကို ငြင်းပယ်ပြီးတော့ ဘာသာတစ်ခုတည်းအဖြစ် ဖန်တီးရန် ကြိုးစားနေကြပါတယ်။
ဒီအားထုတ်ဆောင်ရွက်မှုအပေါ် သည်းခံမနေသင့်ပါဘူး။ ယနေ့ ကျွနု်ပ်နေထိုင်ရာ အာရှကမ္ဘာဟာ
စည်းလုံးညီညွတ်မှုဖြင့် ဘာသာပေါင်းစုံတည်ရှိမှုကို အားပေးရမှာ ဖြစ်ပါတယ်" ဟု ဂျပန်နိုင်ငံဝန်ကြီးချုပ်
ရှင်ဇိုအာဘေးက ထည့်သွင်းပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး