ရာသီတုပ်ကွေးဟုခေါ်သည့် H1N1 ရောဂါမဖြစ်ပွားစေရေးနှင့် မကူးစက်စေရေးတို့အတွက်
ပြည်သူများ၏ အသိဉာဏ်တိုးတက်မှုက အဓိကကျကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သြဂုတ်လ ရ ရက်နေ့က ပြောကြားလိုက်သည်။
"ပြည်သူများရဲ့ အသိဉာဏ်တိုးတက်မှုကအဓိကကျ တယ်၊ ပြည်သူများက မိမိဖြစ်ခဲ့သည်ရှိသော်
တစ်ခြားကို မကူးအောင်ဆိုတဲ့ စိတ်ဓာတ်လေးတော့ ရှိဖို့လိုတာပေါ့"ဟု ၎င်းက အဆိုပါနေ့က
ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာများကိုပြောသည်။
H1N1 ရောဂါဖြစ်စေခြင်းနှင့် ကူးစက်နိုင်ခြင်းတို့နှင့် ပတ်သတ်ပြီး အရေးကြီးသော စိုးရိမ်မှုသည်
ဘတ်စ်ကားများ ပေါ်တွင်သာဖြစ်ပြီး ကျန်သည့်နေရာများတွင်မူ ထိန်းချုပ်ရန် ဆောင်ရွက်နိုင်ကြောင်း
ဒေါက်တာမြင့်ထွေးက ဆိုသည်။
"စိုးရိမ်တယ်ဆိုတာ ဖြစ်တဲ့ လူက ချောင်းဆိုးတယ်၊ ဖျားလည်းဖျားတယ်၊ ဖျားတာ သုံးရက်လောက်ရှိပြီ၊
ဘတ်စ်ကားမစီးသင့်ဘူး၊ လူ့ကျင့်ဝတ်အရ ကျန်တဲ့ သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ချောင်းဆိုးလိုက်ရင်
ခြောက်ပေလောက်အတွင်းကို ဒီပိုးကရောက်သွားပြီး အနားမှာ နောက်တစ်ယောက်ရှိရင်
ကူးသွားနိုင်တယ်၊ အဲ့ဒီတော့ ဘတ်စ်ကားကို ကျွန်တော် အစိုးရိမ်ဆုံးပဲ၊ ဘတ်စ်ကားက
ပြည့်ကြပ်ညပ်နေတော့ ကူးစက်နိုင်တယ်၊ ဒါကြောင့် ဖြစ်သင့်တာကတော့ ထိုင်ခုံရှိသလောက်ပဲ
တင်သင့်တာပေါ့လေ" ဟု ၄င်းက ပြောသည်။
လက်ရှိတွင် တစ်ကမ္ဘာလုံး၏ H1N1 ရောဂါဖြစ်ပွားမှုအဆင့်များဖြစ်သည့် ၁ မှ ၆ အထိ
မရောက်သေးဘဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်းသာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေခြင်းသာဖြစ်သည်ဟု
ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
"အခုဖြစ်တာက အဲ့ဒီအဆင့် မရောက်သေးဘူး၊ ဖြစ်ရိုးဖြစ်စဉ်အတိုင်း နည်းနည်းလေးပိုတဲ့ အဆင့်ပဲ
ရှိသေးတယ်၊ အခုအဆင့် သတ်မှတ်လို့မရသေးဘူး၊ သတ်မှတ်တဲ့ အဆင့်တွေရောက်ရင်တော့
ကျွန်တော်တို့က ကြေညာရမယ်၊ ကြေညာချင်တိုင်း ကြေညာလို့မရဘူး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို
အကြောင်းကြားရမယ်၊ သူတို့က ကြေညာသင့်သလား၊ မကြေညာသင့်ဘူးလားဆိုတာ သူတို့က
ကြည့်မယ်၊ လောလောဆယ်တော့ ကြေညာဖို့ လုံးဝ မလိုပါဘူး" ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး H1N1ကြောင့် သေဆုံးမှုနှုန်းမှာ ၁၅ဦးရှိနေပြီး နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခြေအနေသည်လည်းစိုးရိမ်အဆင့်အထိမရှိကြောင်းဒေါက်တာမြင့်ထွေးကဆိုသည်။
"အခြေအနေမဆိုးဘူးဆိုပေမဲ့ ကျွန်တော်တို့ကအိပ်နေလို့ မရဘူး၊ ဒီအချိန်မှာ ကျွန်တော်တို့က
အားမလျှော့ဘူး၊ အားရတာက ဘာလဲဆိုတော့ ၀န်ကြီးချုပ်တွေကအစ ပြည်နယ်အစိုးရတွေ၊
လူမှုရေးအဖွဲ့အစည်းတွေ၊ ကျောင်းတွေကသတိရှိလာကြတာပေါ့၊ ကျွန်တော်တို့အတွက်ကတော့
အဲ့ဒါက အမြတ်ထွက်တာပဲ၊ ပြည်သူတွေက ကျန်းမာရေး အသိဉာဏ်ကို
တော်တော်အရေးကြီးလာတယ်၊ ဘာကြာင့် ဒါကိုဂရုစိုက်လဲဆိုတော့ အသက်ရှူလမ်းကြောင်းကနေ
ကူးစက်တာဖြစ်လို့ပဲ၊ သွေးလွန်တုပ်ကွေးဆိုရင် ကြောက်စရာမလိုဘူးဆိုတာက ခြင်ကို
နှိမ်နင်းလိုက်ရင် ပျောက်သွားတယ်၊ H1N1 အတွက်ကတော့ နှိမ်နင်းစရာ မရှိဘူး"ဟု
၎င်းက ပြောသည်။















