နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့
သည့် အကျဉ်းသားခုနစ်ဦးကို တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန် အထူးအစီအစဉ်ဖြင့်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး
ဦးမင်းထွန်းစိုးက ယခုလ ရ ရက်က ပြောသည်။
အဆိုပါ ကျောင်းသားကျောင်းသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်
စီစဉ်ထားကြောင်း ၄င်းက ပြောသည်။
''ဒီကလေးတွေအတွက် တက္ကသိုလ်ဝင်တန်းလျှောက်ထားဖို့ အထူးအစီအစဉ်အနေနဲ့ ဆောင်ရွက်ပေး
သွားမှာပါ'' ဟု ဦးမင်းထွန်းစိုးက ပြောသည်။
ယမန်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည် မန္တလေးအိုးဘို
အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်တို့မှ အကျဉ်းကျခံနေရသော အကျဉ်းသားခုနစ်ဦးကို
ယခုလ ရ ရက်တွင် နိုင်ငံတော်သမ္မတရုံးက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ ငါးဦး၊ အင်းစိန်အကျဉ်းထောင်မှနှစ်ဦး
စုစုပေါင်း ခုနစ်ဦးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
''အခုကျွန်မလွတ်လာပြီဆိုတော့ စီးပွားရေး တက္ကသိုလ်တက်ပြီး ပညာကြိုးစားသင်ယူမယ်။
နိုင်ငံအတွက်ကောင်းကျိုးဖြစ်တာတွေကို လုပ်ဆောင်သွားမယ်''ဟု ယမန်နှစ် တက္ကသိုလ်ဝင်တန်းတွင်
သုံးဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော မရွှန်းလဲ့ဝေကျော်က
ပြောသည်။
အကျဉ်းထောင်အတွင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ဂုဏ်ထူးဖြင့်အောင်မြင်သောကျောင်းသူ၊
ကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဂုဏ်ထူးမရရှိသော်
လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျန်ကျောင်းသား၊ ကျောင်းသူများကို လျှော့ရက်
ပေးသွားမည်ဖြစ်ကြောင်း မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ဒုတိယညွှန်ကြားရေးမှူး
ဦးချိုဝင်းထွန်းက ပြောသည်။
''ဂုဏ်ထူးမပါလို့ လွှတ်တဲ့ထဲ မပါတဲ့တက္ကသိုလ်ဝင်တန်းကိုရိုးရိုးအောင်တဲ့ကလေးတွေကိုတော့
လျှော့ရက်ပေးဖို့တော့ရှိပါတယ်'' ဟု ၄င်းက ပြောသည်။
ယမန်နှစ် ပညာသင်နှစ်အတွင်း အင်းစိန်ဗဟိုအကျဉ်းထောင်၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ
၂၈ ဦးရှိပြီး စုစုပေါင်းကိုးဦးအောင်မြင်ခဲ့ကြောင်း၊ မန္တလေး အိုးဘိုအကျဉ်းထောင်၌ ဝင်ရောက်ဖြေဆိုသူ
၁၁ ဦးရှိပြီး သုံးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူတစ်ဦး၊ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ
လေးဦးအပါအဝင် စုစုပေါင်း ခုနစ်ဦးအောင်မြင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။
လွတ်မြောက်သွားသော ကျောင်းသားကျောင်းသူများသည် ပြင်ပတွင် ပညာဆက်လက်သင်ကြားနိုင်ရုံမက
မိသားစုအကျိုး၊ တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊
အကျဉ်းထောင်အတွင်း ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများအနေဖြင့်လည်းပိုမိုကြိုးစားချင်
စိတ်ဖြစ်ပေါ်လာမည်ဟု ယူဆကြောင်း အင်းစိန်အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး
ဦးမျိုးဦးက ပြောသည်။
အကျဉ်းထောင်များတွင် အခြေခံပညာသင်ကြားခြင်း အစီအစဉ်ကို ၂ဝဝ၆ ဝ၇ပညာသင်နှစ်ကစတင်၍
ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်အကျဉ်းထောင်၊ မန္တလေးတိုင်းဒေသကြီးရှိ အိုးဘိုအကျဉ်းထောင်နှင့်
ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီဗဟိုအကျဉ်းထောင်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပညာသင်နှစ်တွင် အင်းစိန်အကျဉ်းထောင်၌ ၆၇ ဦး၊
အိုးဘိုအကျဉ်းထောင်၌ ၈၁ဦး၊ သာယာဝတီအကျဉ်းထောင်၌ ၃၁ ဦး အခြေခံပညာ သင်ကြားလျက်
ရှိကြောင်း သိရသည်။
ထို့ပြင် အင်းစိန်အကျဉ်းထောင်တွင် အဝေးသင်တက္ကသိုလ် ပညာရေးတက်ရောက်နေသူ စုစုပေါင်း
၁၄ ဦးရှိကြောင်းသိရသည်။
အင်းစိန်အကျဉ်းထောင်အတွင်း စာစစ်ဌာနဖွင့်လှစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ဆေးခြင်းကို
၂ဝ၁၂-၁၃ ပညာသင်နှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ပညာသင်နှစ်အထိ
တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူစုစုပေါင်း ၂၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ယမန်နှစ်က စတင်၍ တက္ကသိုလ်ဝင်တန်းစာစစ်ဌာန
ဖွင့်လှစ်စစ်ဆေးခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ၁၁ ဦးရှိခဲ့ပြီး စုစုပေါင်း ခုနစ်ဦးအောင်မြင်ခဲ့ကြောင်း
သိရသည်။
















