မြန်မာနဲ့ အာဆီယံကြားက'သားရွှေအိုးထမ်းကိန်း' တကယ်ဖြစ်လာမှာလား

မြန်မာနဲ့ အာဆီယံကြားက'သားရွှေအိုးထမ်းကိန်း' တကယ်ဖြစ်လာမှာလား

 

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တာ ယခုနှစ်ဇူလိုင်လဆိုရင် နှစ် ၂ဝ ရှိခဲ့ပါပြီ။

လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်အစိုးရရဲ့ဆိုးရွားတဲ့ အခြေအနေနဲ့ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှု
တွေကြောင့် အဖွဲ့ဝင်အဖြစ် လက်မခံဖို့ ကန့်ကွက်မှုတွေကို လျစ်လျူရှုပြီး အာဆီယံက မြန်မာနိုင်ငံကို
၁၉၉၇ ခုနှစ်၊ဇူလိုင် ၂၃ ရက်မှာ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။

ထိုကာလမတိုင်မီ ၁၉၉၅ ခုနှစ်မှာ ယခုအစိုးရတာဝန်ရယူထားတဲ့ အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အစိုးရက နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

ထို့နောက် ၁၉၉၆ ခုနှစ်၊ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်ကို
မြန်မာနိုင်ငံက တရားဝင်တက်ရောက်ခဲ့ပါတယ်။ ဒါက ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့
ကနဦးခြေလှမ်း စခဲ့တာပါပဲ။

နောက်တစ်နှစ်အကြာ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှာ အာဆီယံက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်
လက်ခံခဲ့ပါတယ်။

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဆီယံက လျစ်လျူရှုမှာ မဟုတ်ဘူးလို့မျှော်လင့်
ထားခဲ့ပေမဲ့ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့မှုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်
အာဆီယံအပေါ် အမြင်မလှဖြစ်ခဲ့စေပါတယ်။ အာဆီယံအဖွဲ့အနေနဲ့လည်း မြန်မာနိုင်ငံကို
အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့တဲ့အကျိုးဆက်က စစ်အာဏာရှင်ကို အကျိုးပြုသူအဖြစ် နိုင်ငံတကာ
အသိုင်းအဝိုင်းကြားမှာမျက်နှာမလှ ဖြစ်ခဲ့တာပါပဲ။

အာဆီယံရဲ့မူဝါဒအရ မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ဖို့
ဖြစ်လာခဲ့ပေမဲ့ ဆိုးရွားတဲ့လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ် နိုင်ငံတကာရဲ့
ပြစ်တင်ဝေဖန်မှုနဲ့ ဖိအားပေးမှုတွေကြောင့် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖို့ လက်လွှတ်ခဲ့ရပါတယ်။

အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ဖို့ လက်လွှတ်ခဲ့ပြီးနောက် လေးနှစ်အကြာ၊ မြန်မာနိုင်ငံ
အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးနောက် ၁၃ နှစ်ကျော်အကြာ ၂ဝ၁ဝ ပြည့်နှစ်မှာမြန်မာနိုင်ငံဟာ
ပြည်တွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့ပါတယ်။

မြန်ဆန်တဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း မှု ရလဒ်တွေကြောင့် မြန်မာနိုင်ငံကို အဖွဲ့ဝင် အဖြစ်
လက်ခံခဲ့တာဟာ မမှားခဲ့ဘူးလို့ အာဆီယံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ပြန်လည်ချေပနိုင်ခဲ့
သလို မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံမှာ ူအေန ခသာနမ အဖြစ် ပျိုတိုင်းကြိုက်နှင်းဆီခိုင်
ဖြစ်လာခဲ့ပါတယ်။

ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့လီရှန်လွန်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ်။ ဓာတ်ပုံ - အီးပီအေ

ပြည်တွင်းနိုင်ငံရေးပြုပြင်ပြောင်းလဲမှု နောက်ဆက်တွဲက ၂ဝ၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌရာထူးကို
မြန်မာနိုင်ငံက ထမ်းဆောင်ခွင့်ရတာပါပဲ။ ဒါ့ပြင် အာဆီယံရဲ့ ဂုဏ်သိက္ခာကို မြန်မာက
မြှင့်တင်နိုင်မယ်ဆိုတဲ့ မြန်မာနဲ့အာဆီယံကြား 'အခန်းကဏ္ဍသစ်' မျှော်လင့်ချက်ကို ဖြစ်စေတာပါပဲ။

ထို 'အခန်းကဏ္ဍသစ်' မျှော်လင့်ချက်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ
အပြတ်အသတ်အနိုင်ရပြီးနောက် အမြင့်ဆုံးရေချိန် ရောက်လာခဲ့ပါတယ်။ ထိုအပြောင်းအလဲက
ဒေသတွင်းသာမက နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် အာရုံစူးစိုက်မှုများစွာကို သယ်ဆောင်လာခဲ့
တာပါပဲ။

၂ဝ၁၅ ခုနှစ် မြန်မာပြည်တွင်း ဒီမိုကရေစီအပြောင်းအလဲက မြန်မာနဲ့ အာဆီယံအကြား
'အခန်းကဏ္ဍသစ်'ကို အမှန် တကယ်ဖြစ်စေခဲ့ပြီး အဲဒီက တစ်ဆင့် 'သားရွှေအိုးထမ်းကိန်း' အဆင့်ကို
ရောက်စေခဲ့တာပါပဲ။

ဒါကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး
တာဝန်တွေကို ရယူပြီးချင်းမှာပဲ နေပြည်တော်ကို လာရောက်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ်
လီရှန်လွန်းက အာဆီယံရဲ့ ဂုဏ်အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် အာဆီယံကို
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။ သဘောကတော့ နိုင်ငံတကာမှာ
အထင်ကရ ရှိပြီးသားဒေါ်အောင်ဆန်းစုကြည်ရဲ့ ပရိုဖိုင်းကို အာဆီယံရဲ့ အခန်းကဏ္ဍကို
ပြောင်းလဲမြှင့်တင်ဖို့ အသုံးပြုခိုင်းတာပါပဲ။

ဒါက အာဆီယံပေါ်မှာရှိနေတဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီဆိုင်ရာ အမြင်ဆိုးတွေကို
ဖယ်ရှားနိုင်ပြီး မြန်မာနဲ့ အာဆီယံကြား'သားရွှေအိုးထမ်းကိန်း' ကို ဖြစ်စေမယ့်သဘောပါပဲ။

ဒါပေမဲ့ အာဆီယံ အသိုက်အဝန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ စိတ်ဝင်စားမှုက
ရှင်းလင်းပြတ်သားမှုမရှိသေးဘူးလို့ အာဆီယံရေးရာ ကျွမ်းကျင်သူ ဦးကျော်လင်းဦးက
ပြောပါတယ်။

အထူးသဖြင့် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့
ပတ်သက်ရင် လက်ရှောင်နေခဲ့တဲ့ အာဆီယံအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက
အာဆီယံမှာ မြန်မာရဲ့ အခန်းကဏ္ဍအတွက် အဓိကကျတဲ့ မေးခွန်းဖြစ်တယ်လို့ ဦးကျော်လင်းဦးက
ပြောပါတယ်။

မနီလာမြို့တွင် ကျင်းပနေသည့် အာဆီယံအစည်းအဝေးတွင် တွေ့ရသော ဒေသတွင်းခေါင်းဆောင်များ။ ဓာတ်ပုံ - အေပီ

''၂ဝ၁၅ နောက်ပိုင်းမှာ မျှော်လင့်သလောက်ဖြစ်မလာတာကို တွေ့ရတယ်။ အင်န်အယ်လ်ဒီအစိုးရက
အာဆီယံရဲ့ အခန်းကဏ္ဍကို သိပ်အလေးမထားတာတွေ့ရတယ်။ အာဆီယံအပေါ် မြန်မာက
နားလည်မှုလွဲနေတယ်လို့ ထင်မိတယ် '' လို့ ဦးကျော်ဦးက ပြောပါတယ်။

အစိုးရတာဝန်ရယူပြီး ၂ဝ၁၆ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်က အာဆီယံသံတမန်တွေနဲ့
နေပြည်တော်မှာ တွေ့ဆုံပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာ
တက်တက်ကြွကြွပါဝင် သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ယမန်နှစ်က လာအိုနိုင်ငံမှာ
ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က
အာဆီယံနဲ့ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ရာမှာ အာဆီယံကိုလေ့လာနေဆဲ
အဆင့်သာဖြစ်ပြီး ဦးဆောင်ဆွေးနွေးဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

''ကျွန်မတို့ရဲ့ အမြဲတမ်းရည်မှန်းချက်က ကျွန်မတို့တိုင်းပြည်ဟာ အိမ်နီးချင်းနိုင်ငံတွေ သာမက
တစ်ကမ္ဘာလုံးနဲ့ ရင်းနှီးချစ်ကြည်မှုကို အမြဲမြှင့်တင်နေဖို့ဖြစ်ပါတယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်က
အာဆီယံသံတမန်တွေနဲ့တွေ့ဆုံစဉ်မှာပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်း ခေါင်းဆောင်မှုအခန်းကဏ္ဍကို ရယူဖို့ အားနည်းနေ
ဆဲဖြစ်တယ်လို့ ညီမျှခြင်း မြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

''အာဆီယံမှာ မြန်မာရဲ့ ပါဝင်ပတ်သက်မှု က အားနည်းနေဆဲပါပဲ။ အာဆီယံမှာက ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးပိုင်းမှာ နောက်ပြန်လှည့်နေတဲ့သဘောရှိနေတာမို့ ပြန်ပြီး တည့်အောင် မြန်မာက
ဦးဆောင်လုပ်ဖို့ လိုအပ်ပါတယ်'' လို့ သူက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အာဆီယံမှာ စီးပွားရေးဆိုင်ရာ ပိုမိုပူးပေါင်းမှုတွေရှိပေမဲ့ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးမြှင့်တင်မှုအပိုင်းမှာ အာဆီယံနဲ့ လက်တွေ့ပူးပေါင်းမှု အားနည်းနေဆဲဖြစ်တယ်လို့
ဦးအောင်မျိုးမင်းက ပြောပါတယ်။

အင်န်အယ်လ်ဒီအစိုးရသစ် ကြွေးကြော်ဦးတည်ထားတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လမ်းကြောင်းကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ပြီး အာဆီယံနဲ့ ထင်သာမြင်သာရှိတဲ့
ဆွေးနွေးမှုတွေကို ဖော်ဆောင်နိုင်မယ်ဆိုရင် မြန်မာနဲ့ အာဆီယံဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့
ပြုပြင်ပြောင်းလဲရေးမှာ အပြန်အလှန်အကျိုးရှိအောင် လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းရှိနေဆဲဖြစ်ပြီး
' သားရွှေအိုးထမ်းကိန်း' အခင်းအကျင်းက မြန်မာနဲ့ အာဆီယံကြား အသက်ဝင်နေဆဲပါပဲ။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုန်သွယ်မှုအပါအဝင် တခြားကဏ္ဍတွေ
ချိတ်ဆက်မှုတိုးမြှင့်နိုင်ဖို့ အာဆီယံကို အသုံးပြုသင့်တယ်လို့ အာဆီယံလူ့အခွင့်အရေးအကြံပေး
မစ္စယုယန်က ပြောပါတယ်။

''နှစ်ဦးနှစ်ဖက်ပွင့်လင်းတဲ့ ဆွေးနွေးမှုလိုအပ်တယ်။ ဒါက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရှိန်ဖြစ်စေ
မှာပဲ'' လို့ မစ္စယုယန်က ပြောပါတယ််။

အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့တာ နှစ် ၂ဝ ရှိပြီဖြစ်တာနဲ့အတူ မြန်မာရဲ့ အခန်းကဏ္ဍက ကိုယ်ပိုင်
ပုံရိပ်တစ်ခုကို ရယူထားနိုင်ပြီး အာဆီယံရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်နေတာကို တွေ့နေရတယ်လို့
အာဆီယံရေးရာ ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ပြောပါတယ်။

''ရခိုင်ပြည်နယ်လိုအရေး ကိစ္စမျိုးမှာ မြန်မာက အာဆီယံကို ဦးဆောင် အစည်းအဝေး ခေါ်ယူနိုင်တာကို
ကြည့်ရင် လာမယ့်ရာစုနှစ်တွေမှာ မြန်မာရဲ့ ခေါင်းဆောင်မှုကို အာဆီယံမှာ မြင်ရမယ့်သဘောပါပဲ''
လို့ ဒေါ်မိုးသူဇာက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး