ပြည်သူဗဟိုပြု အာဆီယံ အစစ်အမှန်ဖြစ်ရေး

ပြည်သူဗဟိုပြု အာဆီယံ အစစ်အမှန်ဖြစ်ရေး

 

ယနေ့အချိန်တွင် အာဆီယံနှင့် ပတ်သက်၍မကြာခဏမေးလေ့ရှိသည့် မေးခွန်းမှာ''အာဆီယံ
ဦးစားပေး'' နှင့် ''အာဆီယံဗဟိုပြု အသိုက်အမြံု'' ဟူသော စကားရပ်နှစ်ခုအကြား
မည်သို့ကွဲပြားခြားနားသည်ဟူသော မေးခွန်းဖြစ်သည်။ အများပြည်သူအတွက် အဆိုပါ
စကားရပ်နှစ်ခုမှာ အတူတူပင် ဖြစ်၏။ သို့ရာတွင် အာဆီယံ အသိုင်းအဝိုင်း၌မူ
ယင်းစကားရပ်နှစ်ခုမှာမူရင်းအဓိပ္ပာယ်သာမက တွဲဖက်အနက်ပါ ကွဲပြားခြားနားကြသည်။

တိတိကျကျ ဘာသာပြန်ရလျှင် ''အာဆီယံဦးစားပေး'' ဆိုသည့် စကားရပ်မှာ အထက်မှအောက်သို့
ဆင်းသက်လာသည့် အစီအစဉ်အားလုံးကို ရည်ညွှန်းသည်။ အထက်ဆိုသည်မှာ အစိုးရများ၊
နိုင်ငံတစ်ခု၏ အာဏာပိုင် အဖွဲ့အစည်းများဖြစ်၏။ အဆိုပါ စကားရပ်ကို ၂ဝဝ၈ ခုနှစ်တွင်
အာဆီယံ ပဋိညာဉ်စာချုပ်ကို အာဆီယံ အကြီးတန်းအရာရှိများ စုပေါင်းရေးဆွဲခဲ့စဉ်က စတင်
သုံးစွဲခဲ့ကြသည်။

မူဝါဒများ ချမှတ် အကောင်အထည်ဖော်သည့်နေရာတွင် အစိုးရ၏အခန်းကဏ္ဍ ကြီးမားလွန်းသော
ရှေးရိုးစွဲ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာမူ ''အာဆီယံ ဦးစားပေး'' ဟူသော စကားရပ်ကို
ပိုမိုသဘောတွေ့ကြ၏။

သို့ရာတွင် ပဋိညာဉ်ကို ရေးဆွဲခဲ့သူများ၏ ပိုမိုကြီးမားကျယ်ပြန့်သည့် ရည်ရွယ်ချက်မှာမူ
ဒေသဆိုင်ရာ အဖွဲ့အစည်းက ချမှတ်ဆောင်ရွက်သော မူဝါဒများ၊ အစီအစဉ်များ၏ အလယ်ဗဟိုတွင်
အာဆီယံနိုင်ငံသားများကို ထားရှိမည့် ''အာဆီယံပြည်သူ့ပဋိညာဉ်တစ်ခု'' ပေါ်ထွန်းလာရေးဖြစ်သည်။

အာဆီယံ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ပိုမိုအကျွမ်းတဝင်ရှိသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊
ထိုင်း၊ မလေးရှားစသည့် အာဆီယံအမာခံအဖွဲ့ဝင်နိုင်ငံများကလည်း ပြည်သူ့ဗဟိုပြုအသိုက်အမြံု
အယူအဆကို ပိုမိုနှစ်ခြိုက်သဘောကျကြသည်။ အာဆီယံအဖွဲ့ကြီးသည် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်
၈ ရက်တွင် နှစ် ၅ဝ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အချိန်ကြာမြင့်စွာ ဆွေးနွေးငြင်းခုံပြီးနောက် မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပသော ၂ဝ၁၄
အာဆီယံံ ထိပ်သီးညီလာခံက အာဆီယံ တရားဝင် ထုတ်ပြန်ကြေညာချက်များ၌ ''အာဆီယံ
ဦးစားပေး'' နှင့် ''အာဆီယံဗဟိုပြု အသိုက်အမြံု'' ဟူသော စကားရပ်နှစ်ခုစလုံးကို ယှဉ်တွဲအသုံးပြုရန်
ဆုံးဖြတ်ခဲ့ကြသည်။

အမှတ်တရ ပြန်ပြောင်းပြောရလျှင် ယင်းမှာလူဦးရေ သန်း ၆၄ဝ ကျော်ရှိသော အာဆီယံအဖွဲ့ကြီးအား
''ပြည်သူဦးစားပေး'' နှင့် ''ပြည်သူဗဟိုပြု'' အသိုက်အမြံုကြီးအဖြစ် ပြောင်းလဲဖော်ဆောင်လိုသည့်
မူဝါဒချမှတ်သူများ အနေဖြင့် ပထမဆုံးတွေ့ကြံုရသည့် လွန်ဆွဲမှုကြီးဟု ဆိုနိုင်သည်။

အာဆီယံ ပြည်သူဗဟိုပြု အယူအဆမှာ၊အစိုးရများ၊ အစိုးရဌာနများ၏ သဘောတူခွင့်ပြုချက်ကို ရယူရန်
မလိုအပ်ဘဲ မိမိအာဆီယံအသိုက်အမြံုကို အကျိုးပြုမည့်အတွေးအခေါ်၊ အယူအဆများ၊ စီမံချက်များကို
ရေးဆွဲ အကောင်အထည်ဖော်နိုင်စေရေးပင် ဖြစ်သည်။ အသိုက်အမြံု၏ စီမံကိန်းများတွင် အများပြည်သူ
ပါဝင်လာခြင်းအားဖြင့် မိမိ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် မိမိတို့ကိုယ်တိုင် ပါဝင်သည် ၊
ပိုင်ဆိုင်သည်ဟူသော အသိစိတ်ဓာတ်ကို တိုးတက်ကြီးထွားစေ မည်လည်း ဖြစ်၏။

အာဆီယံ ''ပြည်သူဦးစားပေး'' နှင့် ''ပြည်သူဗဟိုပြု'' အသိုက်အမြံုကြီးအဖြစ် ပြောင်းလဲမည့်
စီမံချက် ၅ဝဝ ကျော်ပါဝင်သော နောက်ဆုံးထွက်ရှိလာသည့် ''အာဆီယံမျှော်မှန်းချက်၂ဝ၂၅'' ကို
လေ့လာကြည့်လျှင် အဆိုပါမျှော်မှန်းချက်တွင် အာဆီယံအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်
စောင့်ရှောက်မြှင့်တင်သည့် ဒီမိုကရေစီ အသိုက်အမြံု တစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်ရေး
အစီအစဉ်များလည်း ပါဝင်ကြောင်း တွေ့ရှိရသည်။

မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားစဉ် ၂ဝဝ၅ ခုနှစ်က အာဆီယံ ခေါင်းဆောင်များနှင့်
အာဆီယံ အခြေစိုက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များတွေ့ဆုံပွဲတစ်ခု ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲမှာ အာဆီယံ စီမံကိန်းများ၌ ပါဝင်သော ခေါင်းဆောင်များနှင့် အကျိုးစီးပွားရှိသူ
အားလုံးတို့ တိုက်ရိုက်တွေ့ဆုံခွင့်ရသည့် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် ကြိုဆိုခဲ့ကြ၏။
သို့ရာတွင် ဆယ်စုနှစ် တစ်ခုကြာ အတွေ့အကြံုအရ အဆိုပါတွေ့ဆုံပွဲ အချို့မှာ အာဆီယံခေါင်းဆောင်
များကို ပရမ်းပတာ ပုတ်ခတ်စော်ကားသည့် ဆူညံပွက်လောရိုက်နေသော အခမ်းအနားမျိုးသာ
ဖြစ်နေတတ်သည်။ ထို မုန်းတီးမှုများက အစိုးရများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား
ဆက်သွယ်မှု တည်ဆောက်ရေးဟူသော မူလ ရည်ရွယ်ချက်ကို ထိခိုက်ပျက်ပြားစေခဲ့သည်။
အာဆီယံနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းထောက်ခံသူများအတွက် သင်ခန်းစာယူရမည့်
အချက်များ ဖြစ်၏။

နောင်တွင် အပြန်အလှန် ဆွေးနွေးမှုများကို အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သင့်ပြီး
အာဘော်ခေါင်းစဉ်များအတွက်လည်းကြိုတင်ဆွေးနွေးညှိနှိုင်းတိုင်ပင်ရန် လိုအပ်သည်။
မြေပြင်အခြေအနေ၊ မြေပြင်ဥပဒေသများကို ပိုမိုနားလည်ခြင်းက အစိုးရနှင့်အရပ်ဘက်လူမှု
အဖွဲ့များအစည်းအဝေးကို ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်၏။

အစိုးရက ထောက်ပံ့မှုပေးဖို့ တောင်းဆိုနေတဲ့ ဖိလစ်ပိုင်လယ်သမားများ။ ဓာတ်ပုံ - အေပီ

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေးပတ်ဝန်းကျင်မျိုးစုံရောထွေးနေလင့်ကစား၊ အာဆီယံဒေသတွင်း
ပြည်သူများ၏ ဘဝအခြေမြှင့်တင်ရေးနှင့် ပြည်သူတို့၏ အခွင့်အရေး၊ လူသားဂုဏ်သိက္ခာ
ကာကွယ်ရေးတို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပိုမိုနားလည်
သဘောပေါက် လက်ခံခြင်းကအာဆီယံကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံ အသိုက်အမြံုနှင့် ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမိခြင်းအားဖြင့်
ရရှိလာမည့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကို သတိထားမိလာစေရေး ရည်ရွယ်လျက်
အာဆီယံနိုင်ငံသားများအား စွမ်းရည် မြှင့်တင်ရေးအစီအစဉ်များပို့ချကာ လုပ်ပိုင်ခွင့်များ
ပိုမိုအပ်နှင်းရမည်ဖြစ်သည်။တစ်နည်းအားဖြင့် အာဆီယံအဖွဲ့ကြီးအားအဖွဲ့ဝင်နိုင်ငံများရှိ
ပြည်သူများ၏ နိစ္စဓူဝ ဘဝနှင့် ပိုမိုနီးကပ်လာအောင် ဆောင်ကြဉ်းပေးရမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး