ဒိန်းမတ်ကုမ္ပဏီကြီးများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ဒိန်းမတ်ကုမ္ပဏီကြီးများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

စကင်ဒီနေးဗီးယားနိုင်ငံမှ ကုမ္ပဏီများ နှင့် မြန်မာနိုင်ငံမှ စီးပွားရေးမိတ်ဖက်များ လက်တွဲရန်မျှော်လင့်
ချက်များဖြင့် ဒိန်းမတ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ပီအာဒါရ်သည် စီးပွားရေး ကိုယ်စား
လှယ်အဖွဲ့ကို ဦးဆောင်၍ လွန်ခဲ့သောသီတင်းပတ်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

၀န်ကြီး မစ္စဒါရ်သည် ကုန်သွယ်ရေး ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဆိုင်ရာ ပြည်သူ့လွှတ်တော် ကော်
မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့က
ရန်ကုန်မြို့၏ ဆိပ်ကမ်းများကို လေ့လာခဲ့သည်။

"စီးပွားရေးနယ်ပယ်မှာ အဆက်အသွယ်ကောင်းများ ထူထောင်ခြင်းဖြင့် ဒီမိုကရက်တစ်လုပ်ငန်းစဉ်
ကို အမှန်တကယ် ပ့ံပိုးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံသို့ ရောက်လာရတာဟာ စိတ်ဝင်စားဖွယ် ကောင်းပါ
တယ်။ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံဖို့ လိုလားရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်
မှာ ဖြစ်ပြီး နိုင်ငံတည်ငြိမ်မှုကို ပိုဖန်တီးနိုင်ပါမယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ဒိန်းမတ်၏ရင်းနှီးမြှုပ်နှံမှုသည် အနည်းဆုံးရှိနေဆဲဖြစ်သည့်တိုင် အဆိုပါကိုယ်စားလှယ်
အဖွဲ့သည် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးပိုတိုးမြင့်လာရန် နောက်ဆုံးပေါ်ကြိုးပမ်းမှုဖြစ်ပေသည်။

ဒိန်းမတ်သည် နို၀င်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့တွင် နော်ဝေးနိုင်ငံနှင့်အတူ သံတမန်ရုံးဖွင့်ခဲ့
သည်။

မြန်မာနိုင်ငံသို့ ၎င်း၏ထောက်ပံ့ငွေကို နှစ်ဆတိုးပြီး ၂၀၁၃ ခုနှစ်တွင် ထပ်မံတိုးမြှင့်ပေးရန် မျှော်လင့်
ချက်များဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါးကို ထောက်ပံ့ပေးခဲ့သည်။

ဒိန်းမတ်နိုင်ငံ၏ အငယ်စားနှင့် အလတ်စားကုမ္ပဏီအချို့အနေဖြင့် မိမိ နိုင်ငံနှင့် ဝေးကွာလှမ်းသော
ဒေသများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ဆန္ဒမရှိကြသေးသော်လည်း ဒိန်းမတ်ကုမ္ပဏီကြီးများက
မြန်မာနိုင်ငံတွင် ရင်းနှီးလုပ်ကိုင်ရန် စိတ်ဝင်စားကြကြောင်း ထိုင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်
သံအမတ် မစ္စတာမီကေးလ်ဝင်သာက ပြောသည်။

"ဒိန်းမတ်ကုမ္ပဏီတချို့ဟာ မစွန့်စားဝံ့ကြဘူး။ သူတို့ဟာ ဂျာမနီ၊ အင်္ဂလန်နဲ့ အမေရိကန်ပြည်ထောင်
စုကို သွားကြတယ်။ ဒါပေမယ့် တချို့ဟာ ထူးထူးခြား ခြား စွန့်စားဝံ့ပြီး လုပ်တတ်ကိုင်တတ်ကြပါ
တယ်"ဟု ၎င်းက ပြောသည်။

အဆိုပါစွန့်စားသောကုမ္ပဏီ ၁၈ ခု သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးတွင် ၀န်ကြီးနှင့်အတူ
ပါလာသည်။

၎င်းတို့ထဲတွင် Danish Water Services၊ ဆေးဝါးဖြန့်ချိသည့်ကုမ္ပဏီ Novo Nordisk နှင့် နို့ထွက်
ပစ္စည်းထုတ်လုပ်သော Arla Foods ကုမ္ပဏီတို့မှ ကိုယ်စားလှယ်များ ပါ၀င်သည်။

မစ္စဒါရ်သည် ဒိန်းမတ်ကုမ္ပဏီများအတွက် အလားအလာများနှင့်ပတ်သက်၍ ယေဘုယျအားဖြင့်
တက်ကြွ ရွှင်လန်းမှုရှိခဲ့သော်လည်း Danish Water Services အနေဖြင့် ရန်ကုန်မြို့၏ ခေတ်မမီ
တော့သော ရေဖြန့်ဝေမှုစနစ်ကို အဆင့်မြှင့်ရေးကိစ္စတွင် သဘောတူစာချုပ် မချုပ်ဆိုနိုင်ခဲ့ခြင်းအ
တွက် စိတ်ပျက်မိကြောင်း ပြောသည်။

ရန်ကုန်မြို့တွင်း ရေပို့လွှတ်သည့်ဌာနသို့ ဒိန်းမတ်ဝန်ကြီး သွားရောက်လေ့လာကြည့်ရှုစဉ် သက်
တမ်းကြာမြင့် လှပြီဖြစ်သော ရေပိုက်လိုင်းစနစ်ကြောင့် ရန်ကုန်မြို့၏ ဖြန့်ဝေရေ ၅၀ မှ ၆၀ ရာခိုင်
နှုန်းအထိ ဆုံးရှုံးလျက်ရှိနေသည်ကို တွေ့ခဲ့သည်။

တုံ့ဆိုင်းမှုများရှိနေသော်လည်း ကုမ္ပဏီအနေဖြင့် မကြာမီသဘောတူ လက်မှတ်ထိုးနိုင်လိမ့်မည်ဟု
မျှော်လင့် နေဆဲဖြစ်ကြောင်း မစ္စဒါရ်ကပြောသည်။

ကိုယ်စားလှယ်အဖွဲ့မှ ပျက်ကွက်နေသူမှာ Carlsberg ဘီယာကုမ္ပဏီကြီးမှ ကိုယ်စားလှယ်တစ်ဦး
ဖြစ်သည်။

ကမ္ဘာ ပေါ်တွင် စတုတ္ထအကြီးဆုံး ဘီယာကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ပြန်ဝင်လာမည်ဟု လပေါင်း
များစွာ ထင်ကြေးပေး နေကြသည်။

တက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်သွားခဲ့သည်။

နွေလယ်ကာလက မြန်မာနိုင်ငံသားများအတွက် အလုပ်အခွင့်အလမ်းများကို Carlsberg က ၎င်း၏
၀က်ဘ်ဆိုက်တွင် စတင်လွှင့်တင်ခဲ့သည်။

စက်တင်ဘာလတွင် အဖျော်ယမကာထုတ်လုပ်သူ လွယ်ဟိန်းအုပ်စု၏ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်
ထွန်း အပါအဝင် အလားအလာရှိသော မြန်မာစီးပွားရေး မိတ်ဖက်များနှင့် Carlsberg တာဝန်ရှိသူ
များ တွေ့ဆုံခဲ့သည်။

၎င်း၏ ကုမ္ပဏီသည် Carlsberg နှင့် သဘောတူညီချက် မရရှိသေးကြောင်း ဒီဇင်ဘာ ၃ ရက်နေ့ က
မြန်မာတိုင်း(မ်)သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဘီယာစက်ရုံ တည်ထောင်ရန် Carlsberg က စိတ်ထက်သန်ကြောင်း မစ္စဒါရ်က
ပြောသည်။

မြန်မာနိုင်ငံသို့မလာခင် Carlsberg ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျော်ဂင်ဘူလ်ရက်ခ်မတ်ဆင်
နှင့် စကား ပြောခဲ့ကြောင်း၊ ကုမ္ပဏီက စတင်လှုပ်ရှားမှုအတွက် လိုအပ်သော လုပ်ငန်းအဆင့်များကို
ပြုလုပ်ရာတွင် သတိထားနေ ကြောင်း မစ္စတာဝင်သာကဆိုသည်။

"လိုအပ်တဲ့လိုင်စင်တွေရရှိဖို့ သူတို့ဟာ အသေးစိတ် သေချာအောင် လုပ်ပါတယ်။ ဒီဟာက စိတ်ဝင်
စားဖွယ်ကောင်းတဲ့ ဈေးကွက်ဖြစ်တယ်။ ကျွန်တော်တို့ ရွေးချယ်စရာအမျိုးမျိုးကို စဉ်းစားနေပါတယ်"
ဟု Carlsberg အတွက် ပြောဆိုခွင့်ရှိသူက ပြောသည်။

- သောင်းညွန့် ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး