နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို ယခုလ ၁၂ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်း
အတွင်း၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း ပွဲစီစဉ် ကျင်းပရေးအဖွဲ့ခေါင်းဆောင် မသ ဉ္ဇာရွှန်းလဲ့ရည်က
ပြောသည်။
ယခုနှစ်အခမ်းအနားကို "ငြိမ်းချမ်းရေးတည်ဆောက်နေသည့် လူငယ်များ" ခေါင်းစဉ်ဖြင့်
ကျင်းပသွားမည်ဖြစ်ပြီး လူငယ်ထု၏ပူးပေါင်းပါ၀င်မှု၊ နားလည် သိတတ်မှုကို မြှင့်တင်နိုင်ရန်
ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
"UN က ချမှတ်ထားတဲ့ ခေါင်းစဉ်တွေကို မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အကြောင်းအရာတွေကို
ဘာသာပြန်ပြီး ပွဲကျင်းပလေ့ရှိတယ်။ ဒီနှစ်ခေါင်းစဉ်က ငြိမ်းချမ်းရေးဆိုတော့ မြန်မာနိုင်ငံရဲ့
လက်ရှိအခြေအနေနဲ့လည်းကိုက်လို့ မူရင်းအတိုင်းကို မြန်မာလို ဘာသာပြန်ပြီး ပွဲခေါင်းစဉ်အဖြစ်
သုံးဖြစ်သွားတာပါ"ဟု မသ ဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် လူငယ်များ၏ စိတ်ပါ၀င်စားမှု မြင့်တက်လာရန်၊
ပါ၀င်မှု အခန်းကဏ္ဍ ပိုမိုမြင့်တက်လာရန်၊ လူငယ်တို့၏အသံများကို အစိုးရအဖွဲ့ဝင်များထံ
တိုက်ရိုက်ရောက်ရှိစေရန်၊ လူငယ်အဖွဲ့အစည်းအချင်းချင်း ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍
အဆိုပါအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"လူငယ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သိပ်မသိတာများတော့ ဒီလိုခေါင်းစဉ်နဲ့
ကျင်းပပေးတာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာက
ပါ၀င်နိုင်လာတာပေါ့"ဟု လူငယ် ၂၉ (လူငယ်အဖွဲ့) တည်ထောင်သူ ကိုဟိန်းမင်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို နိုင်ငံတကာအဖွဲ့အစည်း လေးဖွဲ့ဖြင့်
ပူးပေါင်းပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယခုအခါ လေးကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။















