ပုဂံဘုရား ၅၀ ကျော်ရှိ နံရံပန်းချီများကို အရေးပေါ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်

ပုဂံဘုရား ၅၀ ကျော်ရှိ နံရံပန်းချီများကို အရေးပေါ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်

ယမန်နှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နံရံပန်းချီများ
ထိခိုက်ပျက်စီးခဲ့သော ပုဂံဘုရားများအနက် အနီရောင်အဆင့် သတ်မှတ်ထားသည့် ပျက်စီးမှုများသော
ဘုရား ၅၀ ကျော်ကို ယခုလအတွင်း အရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်
ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ
ဦးစီးအရာရှိ ဦးကြည်လင်းက ပြောသည်။

"ငလျင်လှုပ်ပြီးနောက် ဘုရားနံရံတွေကနေ ကြွေကျလာတဲ့ နံရံဆေးရေးပန်းချီ တွေရှိတယ်။
အဲဒါတွေကို ငလျင်ပြီးပြီးချင်း အရေးပေါ် ထိန်းသိမ်းပြုပြင်ထားတယ်။ ဒါ့ပြင် တခြားဆက်စပ်နေရာက
နံရံပန်းချီတွေကလည်း ဆက်တိုက်ဆိုသလို ပြိုကျလာတာရှိတယ်။ ဒါကို အချိန်မီပြုပြင်လို့ရအောင်
ဆုံးဖြတ်လိုက် ခြင်းဖြစ်တယ်"ဟု ၎င်းကပြောသည်။

နံရံပန်းချီ ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံဘုရား ၁၅၂ ဆူတွင် အရေးပေါ် ပြုပြင်ရန်လိုအပ်သော
အနီရောင်အဆင့် ၅၂ ဆူ၊ နံရံပန်းချီနှင့် အင်္ဂတေလက်ရာ အနည်းငယ် ထိခိုက်ပျက်စီးသော
အဝါရောင်အဆင့် ရ၃ ဆူနှင့် ထိခိုက်မှု အနည်းငယ်သာရှိသော အစိမ်းရောင် အဆင့် ၂၆ ဆူ
ခွဲခြားသတ်မှတ်ထားကြောင်း ရှေးဟောင်းသုတေသနဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့အနက် ဘုရားအမှတ် ၁၅၈၀ လောကထိပ်ပန်ဘုရား၊ ဘုရားအမှတ် ၁၅၁၂ ရွှေဘုံသာဘုရား၊
ဘုရားအမှတ် ၁၄၅ တို့ရှိ နံရံပန်းချီများကို ဓာတုဗေဒ နည်းများဖြင့် ယခုလ ရ ရက်က ၁၃ ရက်အတွင်း
ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနက
ထုတ်ပြန်ထားသည်။

"တချို့ဘုရားတွေမှာရှိတဲ့ နံရံပန်းချီ တွေကို အနီရောင်အဆင့်သတ်မှတ်ထားပေမဲ့
အဆောက်အအုံပိုင်းက ငလျင်ဒဏ်ကြောင့် အက်ကွဲနေတာကို ပြုပြင်နေရ တာမျိုးရှိတယ်။
သူတို့ဘက်က မပြီးသေးဘဲ နံရံပန်းချီပြုပြင်ထိန်းသိမ်းရေး လုပ်လို့ မရဘူး။ အခြေအနေနဲ့
အချိန်အခါအရ အဝါရောင်အဆင့်ရှိတဲ့ ဘုရားတွေကိုလည်း ထိန်းသိမ်းရေးလုပ်ငန်းတွေ
ဆောင်ရွက်သွားမှာဖြစ်တယ်"ဟု ဦးကြည်လင်းက ပြောသည်။

ငလျင်ဒဏ်မိ ပုဂံခေတ် ရှေးဟောင်း လက်ရာ နံရံပန်းချီများ ပြုပြင်ထိန်းသိမ်းရာတွင် ယူနက်စကိုနှင့်
The International Centre for the study of the Preservation and Restoration of
Culture Property-ICCROM ပညာရှင်များ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။

ပုဂံဒေသ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီသည် သမိုင်းတန်ဖိုးကြီးမားသော
နံရံပန်းချီ ရှိသည့် ဘုရားများတွင် အင်္ဂတေနှင့် အုတ်ကြား ပေါက်ရောက်နေသော ညောင်ပင်များနှင့်
ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကော်မတီအတွင်းရေးမှူး
ဦးဇော်ဝင်းချိုက ပြောသည်။

"ဘုရားအပေါ်ပေါက်နေတဲ့ ညောင်ပင် က ဒီတိုင်းဆွဲနှုတ်လို့ရတာ မဟုတ်ဘူး။ ဓာတုဆေးထိုးပြီး
သတ်ရတာ။ အလုပ်သမားကလည်း ရှေးဟောင်းဌာနမှာ လုပ်ဖူးတဲ့သူဖြစ်မှ အဆင်ပြေတာ။
ပုဂံမိုးရာသီက ကိုးလပိုင်းနဲ့ ၁၀ လပိုင်းက မိုးအများဆုံးအချိန်ပဲ။ အဲဒီမတိုင်ခင် အဓိကကျတဲ့
ဘုရားအတွင်းပိုင်း မိုးမမိဖို့ အရေးကြီးတယ်။ စူဠာမဏိလို တန်ဖိုးကြီးတဲ့ ဘုရားမျိုးဆိုရင် မြန်မြန်
ပြီးစေချင်တယ်"ဟု ၎င်းက ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရေးထိုးခဲ့သော နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ အိန္ဒိယအစိုးရထောက်ပံ့မှုဖြင့်
အာနန္ဒာဘုရားရှိ ထုံးသုတ်ခံထားရသော နံရံပန်းချီ လက်ရာများကို ၂၀၁၂ ကတည်းက
ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
ဦးကြည်လင်းက ပြောသည်။

"အိန္ဒိယက ပညာရှင်တွေ ဦးဆောင်ပြီး အာနန္ဒာဘုရားက ထုံးတွေကို ဓာတုနည်းပညာနဲ့
ပြန်ခွာနေတာ ဒီနှစ်အတွင်း အပြီးလုပ်မယ်လို့ သိရတယ်။ ဒါပြီးရင် သူတို့က ၂၀၁၈ မှာ
အာနန္ဒာဘုရားက နံရံပန်းချီလက်ရာတွေကို စောင့်ကြည့်စစ်ဆေးတဲ့ အလုပ်ပဲ လုပ်တော့မှာ
ဖြစ်တယ်"ဟု ၎င်းက ပြောသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စုစုပေါင်း ဘုရား ၃၈၉ ဆူတွင် ထိခိုက်မှု အနည်းငယ်သာ
ရှိသည့် ဘုရား ၂၂၄ ဆူကို မူလအလှူရှင်များ ထောက်ပံ့မှုဖြင့် ပြုပြင်ခဲ့ပြီး ယခုနှစ်အတွင်း ပြုပြင်ရန်
လျာထားသည့် ထိခိုက်မှုများသော ဘုရားအဆူ ၅၀ အနက် အဆူ ၃၀ ခန့်ကို ယခုလအတွင်း
အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး