ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် 'နိုင်ငံတကာလူငယ်များနေ့' တွင် လူငယ်များအတွက်
ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်လူငယ်ကွန်ယက်
အဖွဲ့မှ ဦးဆောင်ညှိနှိုင်းရေးမှူး မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။
၂၀၁၇ ခုနှစ် နိုင်ငံတကာလူငယ်များနေ ့အထိမ်းအမှတ်အဖြစ် လူငယ်ငြိမ်းချမ်းရေးပွဲတော်ကို
ရန်ကုန်လူငယ်ကွန်ရက်အဖွဲ့နှင့် အမျိုးသားလူငယ်ကွန်ဂရက်က ဦးဆောင်လျက် ရန်ကုန်ပညာရေး
တက္ကသိုလ်ဝင်းအတွင်းရှိ Learning Hub ခန်းမ၌ ဩဂုတ်လ (၁၂) ရက်တွင် မနက် ၉ နာရီမှ
ညနေ ၅ နာရီထိ ကျင်းပမည် ဖြစ်သည်။
"ပွဲကတော့ ခွင့်ပြုချက် တင်ထားတယ် မကျသေးဘူး။ နူတ်နဲ့ပဲ ပေးထားသေးတယ်။ ခွင့်ပြုချက်အတွက်
သုံးနေရာ တောင်းရတယ်။ ခန်းမကို ခွင့်ပြုဖို့ ဆရာမကြီးဆီ တောင်းရတယ်။ ဆရာမကြီးက အိုကေလို့
ပြောတော့ အဆည ပညာရေးဝန်ကြီးဌာနကို ပြန်တောင်းရတယ်။ ပြီးတော့ ရန်ကုန်တိုင်းအစိုးရ
ကိုလည်း ခွင့်ပြုမိန့်တောင်းရတယ်။ တိုင်းအစိုးကို ပြီးခဲ့တဲ့လကတည်းက တင်ထားတယ်။
အခုထိ မလာသေးဘူး။ အတော်ကြာနေပြီ" ဟု ၎င်းက ဆိုသည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားလူငယ်ကွန်ယက်အဖွဲ့၊ လူငယ်မူဝါဒရေးဆွေးရေးမူဝါဒအဖွဲ့၊
ဘာသာပေါင်းစုံငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်တစ်ယောက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂ၊ တိုင်းရင်းလူငယ်များအဖွဲ့တို့မှ အဖွဲ့ဝင် ကိုယ်စားလှယ်များက လူငယ်ရေးရာကိစ္စများကို
ဦေးဆာင်ဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါ လူငယ်ပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့အား
ဖိတ်ကြားထားသည်။
"စကားဝိုင်းဆွေးနွေးပွဲ ၊ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ စင်တင်ဖျော်ဖြေပွဲတွေ ပါတယ်။ ပွဲကို
ပြည်ထောင်စုဝန်ကြီးကတော့ တက်မယ် သိရတယ်။ တိုင်းဝန်ကြီးချုပ်ကတော့ မသေချာဘူး။
ဒီလူငယ်ပွဲမှာ လူငယ်နဲ့ ပတ်သက်တာတွေ ဆွေးနွေးမယ်။ ရေးဆွဲနေတဲ့ လူငယ်မူကြမ်းနဲ့
ပတ်သက်ပြီး ဆွေးနွေးရှင်းလင်းမယ်" မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။
ယခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော "Youth Building Peace: ငြိမ်းချမ်းရေးကို
တည်ဆောက်နေသည့် ယနေ ့လူငယ်များ" ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းရမည့်
လူငယ်ထု၏ ပူးပေါင်းပါ၀င်မှုနှင့် နားလည်တတ်သိမှုကို မြှင့်တင်နိုင်ရန်အလို့ငှာ ပြည်တွင်း ငြိမ်းချမ်းရေး
အခြေအနေများကို လူငယ်ထုကို အသိပေးခြင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်
အမှတ် ၂၂၅၀ လူငယ်၊ ငြိမ်းချမ်းရေးနှင့် လုံခြံုရေးကဏ္ဍဆိုင်ရာများကို စုစည်းဆွေးနွေးကြမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပသော နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်ပွဲကို
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးရှိ
မြို့ကြီးများတွင်လည်း အသီးသီးကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ၂၀၁၆ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြာဝဠာ မထက်ထက်ထွန်း
တက်ရောက်မည်ဖြစ်ပြီး လူငယ်အဖွဲ့အစည်း ၃၀ ကျော် ပါ၀င်ကြမည်ဖြစ်သည်။
၂၀၁၇ ဩဂုတ်လ ၁၂ ရက် 'နိုင်ငံတကာ လူငယ်များနေ့' တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၊
မုံရွာမြို့ လွတ်လပ်ရေးကျောက်တိုင်၊ ပဲခူးတိုင်း ဥသျှစ်ပင်မြို့ အေးသုခခန်းမ၊ မကွေးတိုင်း မကွေးမြို့တွင်
မြို့တော်ခန်းမ၊ မန္တလေးမြို့ မနောရမ္မံ ကစားကွင်း(မဟာအောင်မြေမြို့နယ်)တွင်လည်း တပြိုင်တည်း
အသီးသီး ကျင်းပကြမည် ဖြစ်သည်။















