အပစ်ရပ်စာချုပ် အခြေပြု ငြိမ်းချမ်းရေးလမ်းကြောင်းတွင် အားနည်းချက်များရှိဟု ကေအင်န်ယူ ခေါင်းဆောင်ပြော

အပစ်ရပ်စာချုပ် အခြေပြု ငြိမ်းချမ်းရေးလမ်းကြောင်းတွင် အားနည်းချက်များရှိဟု ကေအင်န်ယူ ခေါင်းဆောင်ပြော

 

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ယခင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
ရှစ်ဖွဲ့လက်မှတ်ရေးထိုးခဲ့သည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ အဆိုပါကာလအတွင်း
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သလို၊ အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး
လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်သုံးသပ်သင့်သည်ဟု ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွင် ပါဝင်သူများနှင့် လေ့လာသုံးသပ်သူများက ထောက်ပြသည်။

ယခုသီတင်းပတ်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အခြေပြုသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို
ပြန်လည် သုံးသပ်ရန် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား
လက်နက်ကိုင်ရှစ်ဖွဲ့ ချင်းမိုင်တွင် ယမန်နေ့မှ စတင်ခါ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

''NCA ကို ကျွန်တော်တို့ လက်မှတ်ထိုးပြီးတော့ ချီတက်တဲ့နေရာမှာလည်း အားနည်းချက်တွေ
ရှိခဲ့ပါတယ်'' ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ဥက္ကဋ္ဌစောမူတူးစေးဖိုးက ပြောသည်။

အလားတူ သုံးသပ်မှုအစည်းအဝေးတစ်ရပ်ကို လွန်ခဲ့သော ရက်သတ္တပတ်က ကေအင်န်ယူဌာနချုပ်
လေးဝါးတွင် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အားနည်းချက်၊ အားသာချက်များကို
တွေ့ရှိခဲ့ကြောင်း ၄င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်မှု ပြုလုပ်ပြီးလျှင်အပစ်ရပ်ရှစ်ဖွဲ့က အစိုးရနှင့် ဆက်လက်ဆွေးနွေးသွား
မည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယကဦးခွန်ဥက္ကာက မြန်မာတိုင်း(မ်)ကို
ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား NCA အပေါ်
အဓိပ္ပာယ်ဖွင့်ဆိုမှု မတူညီခြင်း၊ စာချုပ်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် လွတ်လပ်မှု၊
တန်းတူညီမျှမှုနှင့် တရားမျှတမှု စသည့် အခြေခံများ အားနည်းကြောင်းအဆိုပါရှစ်ဖွဲ့က
ဇူလိုင်လဆန်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
အစိုးရတို့သည် မေလက ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အချက် ၃၇ ချက်ကို
ပြည်ထောင်စု သဘောတူ စာချုပ်၏ ပထမအစိတ်အပိုင်းအဖြစ် သဘောတူခဲ့ကြသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ၂ဝ၁၇နှစ်ကုန်ပိုင်းတွင် ကျင်းပရန် အစိုးရက
စီစဉ်နေသည့်အပြင် လက်ရှိ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့်
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့်ပါ ဆွေးနွေးနေသည်။

သြဂုတ် ၁ဝ ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့
(DPN) တို့သည်ရန်ကုန်မြို့တွင် တွေ့ဆုံပြီး UNFC ဘက်က တောင်းဆိုထားသည့် အချက်ကိုးချက်နှင့်
ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည် ဖြစ်သည်။ ''အချက်ကိုးချက်မှာ ဆွေးနွေးဖို့က နှစ်ချက်ပဲ ကျန်တယ်''
ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောသည်။

ယမန်နှစ်တွင် UNFC နှင့် အစိုးရတို့ ညှိနှိုင်းမှုစတင်ခဲ့သည့် အဆိုပါကိုးချက်သည် NCA စာချုပ်
လက်မှတ်ရေးထိုးပြီး နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ
ပိုမိုထိရောက်ရေးတို့နှင့် သက်ဆိုင်သည်ဟု UNFC ခေါင်းဆောင်များက ဆိုသည်။

''ကျွန်တော်တို့ဘက်က ရပ်တည်ချက် မပြောင်းလဲသေးပါဘူး။ JMC နဲ့ JICM တို့မှာ နိုင်ငံတကာက
ပါဝင်ဖို့နဲ့ပတ်သက်ပြီး အစိုးရဘက်က သဘောတူလက်ခံတာမျိုးတော့ မရှိသေးပါဘူး။ လက်ခံတယ်
ဆိုတဲ့ အစိတ်အပိုင်းက NCA သဘောတူညီချက်အရသာလျှင် သဘောတူလက်ခံနိုင်တယ်ဆိုတဲ့
အဆင့်မှာပါ။ သူတို ့ဘက်က ပြောင်းလဲခြင်း မရှိသေးပါဘူး'' ဟု ရခိုင်အမျိုးသားကောင်စီမှ
ဦးထွန်းဇော်က ပြောသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ၏ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ UNFC ဘက်က တင်ပြထားသည့်
သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပုံစံနှင့် ပတ်သက်၍ ညှိနှိုင်းမရသေးကြောင်း၊ မူဘောင်သုံးသပ်ရေး
အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

''တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စမှာ အစိုးရဘက်ကတော့ လုပ်နိုင်တယ်။ တပ်မတော်
ဘက်က မလုပ်နိုင်ဘူးဆိုတဲ့ အနေအထားမှာ ရှိနေတယ်'' ဟု ဦးထွန်းဇော်က ပြောသည်။

နိုင်ငံအတွက် တန်ဖိုးကြီးသည့်အရာဖြစ်သောကြောင့်အမျိုးသားရင်ကြားစေ့ရေးကို ခက်ခက်ခဲခဲ
လုပ်ယူရမည်ဟု နားလည်ထားကြောင်းနှင့် ငြိမ်းချမ်းသည့်ဒေသတွင် နေထိုင်သောသူများ
ကလည်း ငြိမ်းချမ်းရေးအတွက် တတ်နိုင်သည့်ဘက်က ကူညီပေးကြရန်လည်း ဝမ်းတွင်း
မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။

''အားလုံးမှာတာဝန်ရှိတယ်လို့ ကျွန်မထပ်တလဲလဲပြောပါတယ်။ အားလုံးအဘက်ဘက်က
စဉ်းစားပေးဖို့ အင်မတန်မှ လိုပါတယ်။ ကိုယ့်တစ်ယောက်အမြင်နဲ့ ကြည့်နေလို့ မရပါဘူး။
ကျွန်မတို့ရဲ့နိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး မရှိတာကတော့ တစ်ဦးအပေါ်တစ်ဦး
ယုံကြည်ချက် မပြည့်ဝသေးဘူးလို့ ကျွန်မပြောချင်ပါတယ်။ ယုံကြည်ချက်ရှိဖို့အတွက် ကျွန်မတို့
အားလုံးဝိုင်းပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်'' ဟု ၄င်းက ပြောဆိုခဲ့သည်။

(ချမ်းသာ ကူညီအားဖြည့်သည်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး