စုံစမ်းရန်လျာထားသည့် မြေသိမ်းခံရမှု ၃၀၀ ကျော်ရှိ

စုံစမ်းရန်လျာထားသည့် မြေသိမ်းခံရမှု ၃၀၀ ကျော်ရှိ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး
တစ်ဝိုက်ရှိ မြေသိမ်းခံရမှုများကို ကွင်းဆင်းလေ့လာလျက်ရှိရာ လွှတ်တော်နားစဉ်ကာလအတွင်း
စုံစမ်းရန်လျာထားသည့် တိုင်ကြားမှုပေါင်း ၃၀၀ ကျော်ကို လွှတ်တော် ပြန်စလျှင် တင်ပြသွားနိုင်ရန်
ကြိုးစားနေသည်ဟု ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြော
သည်။

"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကော်မရှင်ကိုရောက်လာတဲ့တိုင်ကြားမှု ပေါင်းဟာ ၃,၀၀၀ ကျော်
၄,၀၀၀ နီးပါးရှိ တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာလည်း တိုင်ကြားမှုပေါင်း ရာဂဏန်းရှိပြီး လတ်တ
လော စုံစမ်းဖို့လျာထားတာ ၆၆ မှုရှိပါတယ်။ လွှတ်တော်က ဇန်နဝါရီလ ပထမပတ်ထဲ ပြန်စမှာဆို
တော့ ကျွန်တော်တို့ ဒီအတောအတွင်း ဘယ်နှခုပြီးမလဲတော့ မပြောတတ်သေးဘူးပေါ့။ အမှုတစ်ခု
ကို စုံစမ်းဖို့ကို သုံး၊ လေးရက်လောက် အချိန်ယူနေရတော့ မမှန်းနိုင်ဘူး" ဟု ပြည်ထောင်စုလွှတ်
တော်မှ ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်
မှ အဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ယခုလ ၁၃ ရက်နေ့က
မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းပါ၀င်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အမှုများကို စုံစမ်းစစ်ဆေးရမည်ဖြစ်
သည်။

သို့ရာတွင် လယ်မြေအပါအဝင် မြေအသိမ်းခံရမှုများကို စုံစမ်းရန်အတွက် ကွင်းဆင်းလေ့လာရာတွင်
လယ်သမားများ၏ မသိနားမလည်မှုများကြောင့် သာမက အာဏာပိုင်ဘက်မှ ပူးပေါင်းမှု အားနည်း
ခြင်းကြောင့်ပါ စုံစမ်းရက်များ လိုအပ်သည်ထက် ပိုမိုကြာမြင့်ကြောင်း သိရသည်။

"မြေသိမ်းခံရမှုတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာမြို့နယ်က အုပ်
ချုပ်ရေးမှူးတို့၊ ကြေးတိုင်နှင့် မြေစာရင်းရုံးတို့၊ အိုးအိမ်တို့ နဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဌာနတွေ
က ကျွန်တော်တို့ လိုအပ်သမျှအချက်အလက်ဆိုင်ရာ စာရွက်စာတမ်းတွေကို အကုန်ပံ့ပိုးပေးတယ်။

"ဒါပေမယ့် ဘာပြဿနာရှိလာလဲဆိုတော့ ကျွန်တော်တို့အဖွဲ့ ကွင်းဆင်းမယ်လို့ကြားလိုက်တာနဲ့
ဒီကြားထဲမှာ သီးစားချထားတဲ့ လယ်သမားတွေကို မောင်းထုတ်၊ မြေတွေကို ခြံခတ်နဲ့ လက်ဦးမှုရ
အောင် လုပ်ကြတာပေါ့။ ကျွန်တော်တို့က ပြဿနာပြေလည်စေချင်လို့ လုပ်ပေးပါတယ်ဆိုမှ လယ်
သမားတွေမှာ ကျွန်တော်တို့ကြောင့် အခက်အခဲပိုကြံုရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ အဲဒီ
အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကို ကာကွယ်ပေးဖို့ တောင်းဆိုတဲ့အခါ ပူးပေါင်းဆောင်ရွက်
မပေးနိုင်ကြဘူး။ အခြေအနေတွေ ပိုမရှုပ်ကုန်အောင် စုံစမ်းမှုပြုလုပ်မယ့်အခါမှာ လယ်သမားတွေကို
ကာကွယ်ပေးထားနိုင်ရင် ကောင်းမယ်။ ဆိုလိုတာက ကျွန်တော်တို့ ကွင်းမဆင်းခင် အခြေအနေ
အတိုင်း ထားပေးရင် ပိုကောင်းမယ်" ဟု ဦးအောင်ဇင်က ပြောသည်။

မြေယာသိမ်းဆည်းမှုများတွင်မူ လယ်သမားများသည် ယခင်က လျော်ကြေးယူခဲ့ဖူးသော်လည်း၊
သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်းများစွာက ၎င်းတို့၏ မိသားစုဝင် တစ်ဦးဦးက လျော်ကြေးယူခဲ့ဖူး
သော်လည်း ယခုအခါတွင်မူ ပြန်လည်အရေးဆိုမှုများ ရှိလာသောကြောင့် မြေပြန်လည်ရရှိရေး
အတွက် လွှတ်တော်သို့ တင်ပြရန် စုံစမ်းရာတွင် အခက်အခဲများရှိကြောင်း ၎င်းက ပြောသည်။

"အခုအချိန်မှာ လယ်သမားတွေဘက်က မသိနားမလည်လို့ရော၊ အခွင့်အရေး ရတုန်း ပြန်လိုချင်တဲ့
သဘောမျိုးနဲ့ရော တိုင်ကြားတဲ့ပုံစံမျိုးတွေ တွေ့လာရတယ်။ ကော်မရှင်ကို ရောက်လာတဲ့ စာအား
လုံးရဲ့ ၂၅ ရာခိုင်နှုန်းလို့တောင် ပြောလို့ရတယ်"ဟု ဦးအောင်ဇင်က ပြောသည်။

လတ်တလော စုံစမ်းနေရသည့် ဖြစ်ရပ်များတွင်မူ ပုဂ္ဂလိကကုမ္ပဏီများ မှ ပြောဆိုခွင့်၊ ဆုံးဖြတ်ချက်
ချပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များ ပူးပေါင်းပါ၀င်လာကြ ကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ တိုင်ကြားလာသော မြေသိမ်းခံရမှုများကို ဥပဒေအကြံပေး အဖွဲ့အပါအဝင် အဖွဲ့ ၁၀
ဖွဲ့က မိမိတို့ သက်ဆိုင်ရာမြို့ရွာများ၌ စုံစမ်းလျက် ရှိပြီး လွှတ်တော်တွင် တင်ပြသင့်သော ကိစ္စများ
ကို ထပ်မံစည်းဝေးဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးအောင်
သိန်းလင်း ကလည်း ကော်မရှင်မှ စစ်ဆေးပြီးသော မြေသိမ်းခံရမှုများကို လွှတ်တော်တွင် တင်သွင်း
သွားမည်ဖြစ်ကြောင်း ပြောသည်။

"တစ်နိုင်ငံလုံးမှာ မြေသိမ်းခံရမှုတွေအများကြီး ရှိပါတယ်။ အဲဒီထဲက တချို့ကို ကျွန်တော်တို့ စုံစမ်းမှု
တွေလုပ်နေပါတယ်။ လွှတ်တော်စတဲ့အခါ ဒါတွေကို တင်ပြမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကမှ
တစ်ဆင့် သမ္မတကြီးဆီကို တင်ပြမှာဖြစ်ပါတယ်။ လယ်သမားတွေ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်
အောင်လုပ်ဆောင်မှာပါ"ဟု ဦးအောင်သိန်းလင်းက ပြောသည်။

သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာမှ လယ် ၁၃ ဧက ဆုံးရှုံးခဲ့့ရသူ ဦးလှမြင့်က ကော်မရှင်က
စစ်ဆေးပြီး ပြီဖြစ်သည့်အတွက် ဥပဒေအတိုင်းဖြစ်ရန် မျှော်လင့်သည်ဟု ဆိုသည်။

"ကော်မရှင်လာတဲ့အခါမှာ လယ်သိမ်းယူသွားတဲ့ စစ်တပ်ဘက်ကရော၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ
ရော၊ လယ် သမားတွေကိုရော မေးတယ်။ အကုန်လုံး အထောက်အထား အခိုင်အလုံပြရတာပေါ့။
ကျွန်တော်တို့ဘက်ကလည်း အမှန်အကန်ဆိုတော့ ဥပဒေထွက်ထားတဲ့ အတိုင်းဖြစ်ဖို့ မျှော်လင့်ပါ
တယ်။ သိမ်းယူကတည်းက စီမံကိန်းအကောင်အထည် မဖော်ဖြစ်ရင် လယ်သမားတွေကို လယ်ပြန်
ပေးမယ်။ စီမံကိန်းလုပ်ဖြစ်ရင် သီးနှံ လျော်ကြေးပေးမယ်လို့ ထွက်ထားတာ။ အဲဒီအတိုင်းဖြစ်ဖို့ မျှော်
လင့်ပါတယ်" ဟု ဦးလှမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး