တောင်သူများကို လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ထုတ်ပေးသော လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနသည် အောက်ခြေတွင် မမှန်မကန် ဆောင်ရွက်မှုများပြုလုပ်နေကြောင်း လွှတ်တော်
ကိုယ်စားလှယ်က တင်ပြသည့်အတွက် အဆိုပါဌာနကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယမန်နေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနကို သတိပေးခဲ့သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်နှင့်
ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစောသလေးစော၏ မေးမြန်းချက်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး ဦးလှကျော်က လာရောက်ဖြေကြားစဉ် ဦးဝင်းမြင့်က အထက်ပါအတိုင်း သတိပေးခဲ့ခြင်း
ဖြစ်သည်။
''ကိုယ့်ဝန်ကြီးဌာနအောက်မှာရှိတဲ့ မြေစာရင်းဦးစီးဌာန (ယခု လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းထား) ကိုလည်း ကြပ်ကြပ်မတ်မတ်တော့ ဆောင်ရွက်ပေးပါ''
ဟု ၄င်းက ပြောသည်။
အဆိုပါဦးစီးဌာနသည် လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးရာတွင် လယ်ယာမြေတည်နေရာကိုပြသော
ပုံစံ (၁ဝ၅) (အရက်မျက်နှာ လေးရပ်တွင် မည်သူများရှိသည်ကို ဖော်ပြသော အထောက်အထား)ကို
အခြေခံကာ ထုတ်ပေးရမည်ဖြစ်သော်လည်း အဆိုပါလုပ်ထုံးလုပ်နည်းကို မလိုက်နာဘဲ ထုတ်ပေးခဲ့
သောကြောင့် မြေပြင်တွင် မမှန်မကန်ဖြစ်နေကြောင်း ဦးစောသလေးစောက ပြောသည်။
''ပုံစံ(၇) မှာက ငါးဧကပဲရှိတယ်။ သို့သော်လည်း သီးနှံချေးငွေအတွက် သက်ဆိုင်ရာဘဏ်ကော်မတီက
၁၅ ဧကဆိုပြီး ချေးငွေထုတ်ခဲ့တာရှိတယ်။ ပိုင်ရှင်က ငါးဧကအတွက်ပဲ ချေးငွေရတယ်။ ၁ဝ ဧကအတွက်
ချေးငွေက ဘယ်ရောက်သွားမှန်း မသိဘူး။ ဒါက ပုံစံ (၁ဝ၅) မရှိလို့ဖြစ်တယ်''ဟု ၄င်းက ပြောသည်။
ပုံစံ (၇) ထုတ်ပေးရန် ဝန်ကြီးဌာနက ညွှန်ကြားချက်များထုတ်ပြန်ထားသကဲ့သို့ ဆောင်ရွက်ရမည့်
နည်းလမ်းများအား တောင်သူများ နားလည်သိရှိနိုင်ရန် သတင်းစာများတွင် ကြေညာခဲ့သော်လည်း
အောက်ခြေတွင် မမှန်မကန် ဆောင်ရွက်သူများရှိခဲ့သောကြောင့် အရေးယူမှုများလည်းရှိခဲ့သည်ဟုလည်း
ဦးလှကျော်က ပြောကြားသည်။
''ကိုယ်စားလှယ်ကြီးတင်ပြသလို အောက်ခြေမှာ စီမံခန့်ခွဲမှု အလွဲ အချော်များရှိမှုကြောင့် ပုံစံ
(၇) ထုတ်ပေးခြင်းကို ဥပဒေနှင့်ညီညွတ်မှု မရှိဘဲ လုပ်ဆောင်တဲ့ဝန်ထမ်းများကို စိစစ်တွေ့ရှိရပါတယ်။
ဥပဒေကြောင်းအရ သွေဖီပြီး မလျော်မကန်မှုကြောင့် အရာထမ်းငါးဦးနှင့်အမှုထမ်း ၈၁ ဦး၊
စုစုပေါင်း ၈၆ ဦးကို အပြစ်ပေးအရေးယူခဲ့ပါတယ်'' ဟု ၄င်းက ပြောသည်။















