ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ရှုတ်ချ

ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ရှုတ်ချ

ဘာသာရေးပဋိပက္ခများ ဖြစ်ပွားစေရန် နည်းအမျိုးမျိုးဖြင့် သွေးထိုးလှုံဆော်မှုများကို ပြင်းထန်စွာ
ရှုတ်ချကြောင်း ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ
တက္ကသိုလ်တွင် နှစ်ရက်တာ ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးညီလာခံက
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးညီလာခံသို့ နိုင်ငံ ပေါင်း ၃၀ ကျော်မှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊
ဂျိန်းဘာသာ၊ ဆစ်ဘာသာ စသော ဘာသာပေါင်းစုံမှ အဆင့်မြင့် ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်
တက်ရောက်ခဲ့ပြီး၊ ညီလာခံအပြီးတွင် လုံခြုံစိတ်ချရသော လူမှုဘဝရရှိဖို့ ပြည်သူလူထုအားလုံးက
စိုးရိမ်ကြောက်လန့်မှု မရှိဘဲ အတူကြိုးပမ်း ဆောင်ရွက်ရန်၊ ဘာသာတစ်ခုကို အကြောင်းပြုပြီး
အမုန်းစကား ပြောဆိုမှုများနှင့် ၀ါဒဖြန့်လှုပ်ရှားမှုများကို ရှုတ်ချကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ကမ္ဘာ့နိုင်ငံတိုင်း ဘာသာတိုင်းမှာ ဘာသာမဲ့ အရေအတွက်တွေ တစ်နေ့တခြား တိုးပွားလာနေတယ်။
သိပ္ပံနှင့်နည်းပညာ ထွန်းကားနေတဲ့ မျက်မှောက်ခေတ်ကာလမှာ လူငယ်တွေဟာ
ကိုယ့်ဘာသာတရားရဲ့ အဆုံးအမကို မလိုက်နာတဲ့အတွက် ထိတ်လန့်ဖွယ်အခြေအနေကို
ရင်ဆိုင်နေကြရတယ်" ဟု သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက
ညီလာခံဖွင့်ပွဲတွင် မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အစွန်းရောက် အကြမ်းဖက်မှုများကို အစဉ်တွန်းလှန် ဆန့်ကျင်လျက်ရှိပြီး
နိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်မှုကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း
အလေးထား ဖော်ဆောင်လျက်ရှိကြောင်း ညီလာခံ တက်ရောက်ခဲ့သည့် အမျိုးသားလုံခြံုရေးဆိုင်ရာ
အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောသည်။

အဆိုပါ ညီလာခံကို သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာတက္ကသိုလ်၊ ၀ိဝေကာနန္ဒ
အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း(အိန္ဒိယ)၊ မဟာဗျူဟာနှင့် ဂျပန်ဖောင်ဒေးရှင်း၏
နိုင်ငံတကာလေ့လာသုံးသပ်ရေးအဖွဲ့တို့က ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး