ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု ထိန်းချုပ်နိုင်ခြင်း မရှိသေး

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု ထိန်းချုပ်နိုင်ခြင်း မရှိသေး

ဇူလိုင်လတွင် စတင်ဖြစ်ပွားခဲ့သည့် ရာသီ တုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို လက်ရှိအချိန်ထိ
ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ၊ လူနာသစ်များ တွေ့ရှိနေဆဲဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုကို
ထပ်မံစောင့်ကြည့်ရဦးမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

"ဒီရောဂါက လေမှတစ်ဆင့်ပြန့်တယ်ဆိုတော့ တခြားရောဂါတွေနဲ့ မတူဘူး။ ရောဂါ အခံရှိတဲ့သူ
ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပြင်းထန်တယ်ဆိုပေမဲ့ တချို့လူတွေက ရောဂါပိုးရှိပေမဲ့
ဒီတိုင်းသွားလာနေနိုင်တဲ့ အနေအထားရှိနေတယ်။ အဲဒါကြောင့် ခန့်မှန်းတွက်ချက်ရခက်တယ်"ဟု
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(သဘာဝဘေး/ကူးစက်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာသန်းထွန်းအောင်က ယမန်နေ့တွင် ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ် ရ ရက်တွင် လူနာအသစ် ရှစ်ဦး၊
ဩဂုတ် ၈ ရက်တွင် လူနာအသစ် ၁၂ ဦး၊ ဩဂုတ် ၉ ရက်တွင် ၁၇ ဦး ထပ်မံတွေ့ရှိရပြီး၊
ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၉ ရက်အထိ ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြင့်
ဆေးရုံတက်သည့် လူနာ ၄၇၄ ဦးအနက် H1N1 အတည်ပြုလူနာ ၁၈၃ ဦးနှင့် သေဆုံးသူ ၁၉ ဦးအထိ
ရှိလာသည်။

"သေဆုံးနှုန်းအပြင် ရောဂါကူးစက်နှုန်း၊ ပြင်းထန်နှုန်း၊ ပိုးတွေ့နှုန်းပါ ကျရမယ်။ ဒါမှ
လုံးဝ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ အခု အချိန်အထိတော့ ပိုးတွေ့နှုန်းက ကျန်နေသေးတယ်။
ဒါကြောင့်ထိန်းချုပ်နိုင်ဖို့ ကြိုးစား လုပ်နေပါတယ်"ဟု ဒေါက်တာသန်းထွန်းအောင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုမှာ ၂၀၁၀ ပြည့်နှစ်ထက် သေဆုံးမှုနှုန်းများနေသည့်အတွက်
ကပ်အသွင် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုလ ၆ ရက်က မြန်မာနိုင်ငံ
ဆရာဝန်အသင်းတွင် ပြုလုပ်သည့် ရာသီတုပ်ကွေးရောဂါအကြောင်း ဆွေးနွေးပွဲတွင်
၎င်းက ပြောသည်။

ရာသီတုပ်ကွေး H1N1 ရောဂါ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကုသရေး
လုပ်ငန်းများကို မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် အထွေထွေရောဂါကု ဆရာဝန်များနှင့်လည်း
ချိတ်ဆက်ကာ အစိုးရဆေးရုံများအပြင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်ပါ ဆောင်ရွက်နေကြောင်း
ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ပြောသည်။

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်၊
ချင်းပြည်နယ်နှင့် နေပြည်တော်တွင် ရာသီတုပ်ကွေး H1N1 ရောဂါကူးစက် ဖြစ်ပွားသည်ကို
တွေ့ရှိရပြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဖြစ်ပွားခြင်း မရှိသေးကြောင်း
၎င်းက ပြောသည်။

ရာသီတုပ်ကွေး H1N1 ကူးစက်ဖြစ်ပွားသော်လည်း ကျန်းမာရေး တိုးတက်ကောင်းမွန်
လာသူများလည်း ရှိနေပြီး၊ ဩဂုတ် ၆ ရက် အထိ ကျန်းမာရေး တိုးတက်ကောင်းမွန်သဖြင့်
ဆေးရုံဆင်းသည့်လူနာ ၃၀ ကျော်ရှိသည်။

လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြင့် ဆေးရုံသို့ ရောက်ရှိလာသူများတွင်
အသက် ငါးနှစ်အောက်အရွယ်တွင် ဖြစ်ပွားသူ ၈၇ ဦးနှင့် သေဆုံးနှစ်ဦး၊ အသက် ငါးနှစ်မှ ၁၂ နှစ်
ကြားတွင် ဖြစ်ပွားသူ ၂၆ ဦး နှင့် သေဆုံးနှစ်ဦး၊ အသက် ၁၃ နှစ်မှ ၆၅ နှစ် ကြားတွင် ဖြစ်ပွားသူ
၂၄၈ ဦး၊ သေဆုံး ၁၁ ဦး နှင့် အသက် ၆၅ နှစ်နှင့်အထက် ဖြစ်ပွားသူ ၂၆ ဦးရှိပြီး သေဆုံးသူ
မရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအချက်အလက်များကို အခြေခံ တွက်ချက်ထားမှုအရ ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ
ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူများတွင် သေဆုံးမှုနှုန်းမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

H1N1 ရောဂါ ပိုး စစ်ဆေးတွေ့ရှိသော်လည်း ရာသီတုပ်ကွေး ရောဂါ၏ နောက်ဆက်တွဲ
ဆိုးကျိုးကြောင့် မဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူဦးရေ မှာ ၁၃ ဦးရှိကြောင်း
ထုတ်ပြန်ထားသည်။

အဆိုပါရောဂါသည် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့်
ကိုယ်ခံအားနည်းသူများတွင် ကူးစက်ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်ပြီး နောက်ဆက်တွဲရောဂါ
ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်သည်။

"မြန်မြန်သိပြီး မြန်မြန်ကုရမယ်။ သေဆုံးနှုန်းကို လျော့ဖို့၊ ဖြစ်ပွားမှုနှုန်းလျော့ဖို့ဆိုရင် ကျန်းမာရေးဌာန
တစ်ခုတည်းနဲ့ မရနိုင်ဘူး၊ အားလုံးပါ၀င်ဆောင်ရွက်မှရမယ်၊ လူထုကလည်း လက်ဆေးတဲ့
အလေ့အကျင့်၊ ဖျားရင် အပြင် မသွားဖို့ ဒါတွေကို ကိုယ်တိုင်လိုက်လုပ်ဖို့ လိုပါတယ်၊ နှာခေါင်းစည်း
တပ်တယ်ဆိုတာကလည်း ဖျားနေတဲ့သူ တပ်ဖို့လိုတာပါ"ဟု ဒေါက်တာသန်းထွန်းအောင်က
ပြောသည်။

လက်ရှိအခြေအနေအရ အစုလိုက် ဖြစ်ပွားမှု မရှိသော်လည်း ရောဂါဖြစ်ပွားသူဦးရေမှာ တဖြည်းဖြည်း
တက်လာခြင်းဖြစ်ကြောင်း၊ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေး နည်းလမ်းများကို
ထိထိရောက်ရောက်လိုက်နာ ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း ၎င်းက ပြောသည်။

ခုခံအားကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန်အဆုတ်တီဘီရောဂါ စသည့် ရောဂါအခံ
တစ်ခုခုရှိသူများ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များအနေဖြင့်
ထုတ်ပြန်ထားသော ကာကွယ်ရေး နည်းလမ်းများကို အထူးသတိပြုလိုက်နာရန်နှင့် ရောဂါလက္ခဏာ
ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်၍ ကုသမှုခံယူရန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။

အဆိုပါရောဂါထိန်းချုပ်နိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာရန် လိုအပ်ပြီး
လက်ရှိရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး လူထု၏ ကျန်းမာရေးအသိပညာ တိုးတက်လာသည်ဟု
ယူဆရကြောင်း အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာ ဘရွှေက ပြောသည်။

"အခုအခြေအနေက နည်းနည်းတော့ ကျလာတယ်လို့ ပြောလို့ရတယ်။ ရာသီအလိုက် ဖြစ်တတ်တဲ့
တုပ်ကွေးဖြစ်တယ်။ ရာသီဥတုက နည်းနည်းနေပူလာမယ်ဆိုရင်လည်း ကျလာနိုင်တယ်။
လူတွေအနေနဲ့ နှာခေါင်းစည်းတပ် သွားလာနေတာက နည်းနည်းလွဲမှားနေတယ်လို့ ဆိုရပေမဲ့
သူတို့မှာ ဒီလိုကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အသိပညာရှိလာတယ်လို့ ပြောလို့ ရတယ်"ဟု
၎င်းက ပြောသည်။

ရာသီတုပ်ကွေး ကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းအချို့တွင် ထိုးနှံနိုင်သော်လည်း
အလွယ်တကူ ထိုးနှံနိုင်ရန် မလွယ်ကူပေ။

"ကာကွယ်ဆေးက အပြင်မှာထိုးဖို့ မလွယ်ပါဘူး။ ဆေးရုံတွေမှာလည်း ဦးစားပေး သတ်မှတ်ထားတဲ့
သူကိုသာ ထိုးနှံပေးနေတာ"ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက
ပြောသည်။

အဆိုပါရာသီတုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးထိုးနှံနိုင်သော်လည်း ဆေး၏
ကာကွယ်နိုင်စွမ်းမှာ ၅၀ မှ ရ၀ ရာခိုင်နှုန်း ၀န်းကျင်သာရှိပြီး ကာကွယ်ဆေးကို ကလေးသူငယ်များ၊
သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးနှံသင့်ကြောင်း
ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရှိ
National Institute of Infectious Disease ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခဲ့ရာ ရလဒ်များအရ
အဆိုပါရောဂါပိုးသည် တစ်ကမ္ဘာလုံးတွင် ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုး တစ်မျိုးဖြစ်ကြောင်း၊
ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါကိုကုသသော ဆေးများအား ၉၅ ရာခိုင်နှုန်းမှ ၅၈ ရာခိုင်နှုန်းအထိ
တုံ့ပြန်မှုရှိကြောင်း၊ ကြက်ငှက်တုပ်ကွေး ရောဂါပိုးဖြင့် မျိုးရိုးဗီဇ ပေါင်းစပ်မှု မရှိကြောင်း ၀န်ကြီးဌာနက
ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး