အခြေခံဥပဒေပြင်ဆင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင်များဆို

အခြေခံဥပဒေပြင်ဆင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင်များဆို

အခြေခံဥပဒေပြင်ဆင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များကို အဓိကထားကာ
ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၉ နှစ်မြောက် ရှစ််လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့
အခမ်းအနားတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်များက
ပြောကြားသည်။

"ရှစ်လေးလုံးအရေးတော်ပုံရဲ့ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး ဆိုတဲ့ လူထုတောင်းဆိုမှုက အခုထိ
အပြည့်အဝ မအောင်မြင် သေးပါဘူး။ သေချာတာတစ်ခုက အမျိုးသားရင်ကြားစေ့ရေးကို ကျွန်တော်တို့
လုံးဝမစွန့်လွှတ်ဘူး" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦး
ဖြစ်သူ ဦးမင်းကိုနိုင်က ပြောသည်။

လက်ရှိအနေအထားအရ တိုင်းရင်းသားများနှင့် စည်းလုံး ညီညွတ်ရေးကို အရယူကာ ငြိမ်းချမ်းရေး
တည်ဆောက်ရေးတွင် မျက်ခြည်မဖြတ်သင့်ကြောင်း၊ တစ်ဖက်တွင်လည်း စစ်မှန်သော ဒီမိုကရေစီ
ရရှိရေးကိုလည်း ချန်ထား၍ မရကြောင်း၊ အရေးကြီးဆုံး လုပ်ဆောင်ရမည့်အချက်မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံကြီးသည် ၂၉ နှစ်တိုင်ခဲ့သော်လည်း ဒီမိုကရေစီ
ရည်မှန်းချက်များအရ ခရီးရောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း အပြည့်အဝ မရှိသေးသည့်အတွက်
ပြန်လည်သုံးသပ်သင့်သည့် ကာလအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဆိုသည်။

ရှစ်လေးလုံး ၂၅ နှစ်မြောက်တွင် ချမှတ်ခဲ့သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု
တည်ထောင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြောင်းလဲပြင်ဆင်ရန် (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံ
ဥပဒေအသစ် ပြင်ဆင်ရေးဆွဲရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော
အမျိုးသား အင်အားစုအားလုံးပါ၀င်သည့် ညီလာခံတစ်ရပ် ကျင်းပရန် စသည်တို့ကို နိုင်ငံရေးအင်အားစု
အားလုံးက ပူးပေါင်းကာ အောင်မြင်သည်အထိ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း
၂၉ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

"ဘယ်အစိုးရပဲတက်တက် ဒီအခြေခံဥပဒေနဲ့ပဲ အုပ်ချုပ်နေသရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ
မရနိုင်ပါဘူး။ ဒါကြောင့် ပြင်ကို ပြင်သင့်တယ်လို့ ယူဆပါတယ်" ဟု ၂၉ နှစ်မြောက် ရှစ်လေးလုံး
ဒီမိုကရေစီအရေးတော်ပုံအခမ်းအနား တက်ရောက်ခဲ့သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ
ဒေါ်ခွန်ဂျာက ပြောသည်။

ယခုလ ၈ ရက်က ကျရောက်သည့် ၂၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားများကို ရန်ကုန်မြို့တွင် ကျင်းပခဲ့စဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ယခုလ ၈ ရက်က ကျရောက်သည့် ၂၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားများကို ရန်ကုန်မြို့တွင် ကျင်းပခဲ့စဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

လက်ရှိအခြေခံဥပဒေသည် တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေး၊ ကျောင်းသား၊ အလုပ်သမား၊
လယ်သမား အခွင့်အရေး၊ တိုင်းရင်းသားများ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးခြင်းများ
မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ပါက အသွင်မတူသော ပဋိပက္ခများ ဖြစ်ပွားနေမည်
ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

မျက်မှောက်ကာလတွင် အခြေခံဥပဒေပြင်ဆင် ပြောင်းလဲရေး ကြိုးပမ်းလှုပ်ရှားမှုများနှင့်
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ခြိမ်းခြောက်ခံနေရသည့်အတွက် နိုင်ငံသားတိုင်း၏
အခြေခံအခွင့်အရေးများကို လက်တွေ့ကျင့်သုံးသည့် နေရာတွင် မလုံခြံုမှုများအတွက် တရားဥပဒေ၏
အကာအကွယ်နှင့် ဥပဒေစိုးမိုးရေးယန္တရားဖြင့် လုံလောက်သော အာမခံချက်များ ပေးနိုင်ရန်
လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

"လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အနေအထားကတော့ တုပ်ကွေးမိနေတဲ့ အခြေအနေပါပဲ။
အချိန်မီကုသနိုင်ရင်တော့ ကောင်းသွားမယ်။ မကုနိုင်ရင်တော့ အကုန်ကူးစက်သွား မှာပါ" ဟု
အဆိုပါအခမ်းအနား တက်ရောက်လာသည့် ရှမ်း တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး
ဖြစ်သူ ဦးစိုင်းညွန့်လွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်အစိုးရသက်တမ်းငါးနှစ်နှင့် ယခုအစိုးရသက်တမ်း နှစ်နှစ်အတွင်း ငြိမ်းချမ်းရေးနှင့်
အမျိုးသား ပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ်များတွင် အပြောင်းအလဲ ထူးထူးခြားခြား မရှိခဲ့ခြင်းမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ချုပ်ကိုင်ထားမှုကြောင့်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်သင့်သလောက် ပြင်သွားသင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးက ပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရသလောက် အကုန်ပြင်သွားစေချင်တယ်။ ကျွန်တော့်
သဘောအရဆို အစိုးရကို လူဦးရေ ငါးသန်းလက်မှတ်ထိုးခဲ့တဲ့ ပုဒ်မ ၄၃၆ ကိစ္စကိုပါ
ပြန်ဆောင်ရွက်စေချင်တယ်။ မဲဆွယ်ကာလက ပြောခဲ့တဲ့ အချက်သုံးချက်ဖြစ်တဲ့ ဥပဒေပြင်ရေး၊
ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေကိုဖိဖိစီးစီး လုပ်စေချင်တယ်။
လုပ်အောင်လည်း တိုက်တွန်းမယ်" ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစုံလင်စွာ ပါ၀င်နိုင်ရေး၊
အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အရ ရှစ်လေးလုံးသမိုင်း ပြတိုက်ကြီးပေါ်ပေါက်လာရန်၊
နှစ်စဉ် ဩဂုတ် ၈ ရက်ကို 'မြန်မာ ဒီမိုကရေစီနေ့' တရားဝင် သတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရနှင့်
လွှတ်တော်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်းဆိုထားသည်။

ယခုလ ၈ ရက်က ကျရောက်သည့် ၂၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားများကို ရန်ကုန်မြို့တွင် ကျင်းပခဲ့စဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး