ဧရာဝတီတိုင်းဒေသကြီး၌ စက်သုံးဆီ ခိုးသွင်းမှု အကြိမ်ကြိမ်ဖြစ်နေ

ဧရာဝတီတိုင်းဒေသကြီး၌ စက်သုံးဆီ ခိုးသွင်းမှု အကြိမ်ကြိမ်ဖြစ်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် စက်သုံးဆီများ အကြိမ်ကြိမ် ၀င်ရောက်လျက်ရှိ
ကြောင်း ယခုရက်များအတွင်း ဂျာနယ်စာမျက်နှာများ၊ အင်တာနက် စာမျက်နှာများတွင် ဖော်ပြ
လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်နှင့်ဆက်စပ်နေသော မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့်အတွက်
ကော့သောင်း၊ မလေးရှား၊ စင်ကာပူတို့မှ တစ်ဆင့် အဓိကလမ်းကြောင်းကြီးငါးခု မှ တရားမဝင်၊၀င်
ရောက်လျက်ရှိသည်။

ထိုသို့ဝင်ရောက်မှုများတွင် ဟိုင်းကြီးကျွန်း၊ ငပုတောမြို့မှဖြတ်၍ ပုသိမ်သို့ လည်းကောင်း၊ ဟိုင်းကြီး၊
တူးမြောင်း၊ ကံရွာ၊ ပမ္မဝတီမြစ်အတိုင်း မြောင်းမြမြို့မှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးသို့လည်းကောင်း၊
ပြင်စလူပေါက်မှ ပြမလော့မြစ် အတိုင်း မော်လမြိုင်ကျွန်းမြို့သို့လည်းကောင်း၊ ဒေါ်ငြိမ်း၊ ကုလားထိပ်
မှ တစ်ဆင့် ဖျာပုံနှင့် ဘိုကလေးမြို့များသို့ လည်းကောင်း၊ ပင်လယ်ဝမှတိုးမြစ်အတိုင်း ဒေးဒရဲမြို့သို့
လည်းကောင်း ၀င်ရောက်နေသည်။

အဆိုပါ တရားမဝင်စက်သုံးဆီ တင်သွင်းနေသူများသည် ဒေသအခေါ် ဒုံးကောင်ခေါ် ဖားကူစက်လှေ
နှင့် Oil Burge ဖားကူးဆီတွဲများဖြင့်လည်း ကောင်း၊ ကမ်းထိုးရေယာဉ်ပုံစံ Tanker များဖြင့်လည်း
ကောင်း သယ်ဆောင်လျက်ရှိကြသည်။

ယခုလပိုင်းအတွင်း အဆိုပါတရားမဝင် စက်သုံးဆီသယ်ဆောင်တင်သွင်းသည့် ဖြစ်စဉ်အချို့မှာ
စက်တင်ဘာလ ၃၀ ရက်ကတိုးမြစ်အတွင်းရှိ နှာခေါင်း ချောင်းဂျိုင့်အတွင်းနှင့် ဒေးဒရဲဆိပ်ကမ်းတွင်
ဒီဇယ်ဆီ ဂါလန်ငါးသောင်းခန့်အား ၀မ်းလောင်းထည့်ယူလာသည့် ဒေသအခေါ် ဒုံးကောင်နှစ်စင်းကို
ဥပဒေ စိုးမိုးရေးနှင့်ပတ်သက်သည့် ဖျာပုံခရိုင်မှ တာဝန်ရှိသူများက တွေ့ရှိခဲ့သော်လည်း ဓာတ်ပုံ
အထောက်အထားသာရယူပြီး အရေးယူခြင်း၊ တက်ရောက်စစ်ဆေးခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း မော်လမြိုင်ကျွန်းမြို့ဆိပ်ကမ်းသို့ ကံလင်းသူကုမ္ပဏီမှ
ရွှေမော်မြိုင် ကမ်းထိုးသင်္ဘောဖြင့် တရားမဝင် စက်သုံးဆီ ဂါလန် လေးသိန်းခန့် ပိုမိုတင်သွင်းလာခဲ့
သည်။

သက်ဆိုင်ရာတိုင်းအဆင့်မှ မြို့နယ်သို့အရေးယူရန် အကြောင်း ကြားနေစဉ် အဆိုပါသင်္ဘောသည်
ဒီဇယ်ဆီများ ချလျက်တန်းလန်းဖြင့် မောင်းနှင်ထွက်ပြေးခဲ့သည်။

ထိုဖြစ်စဉ်ကို မော်လမြိုင်ကျွန်းမြို့မှ ပြည်သူအများ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒေးဒရဲ မှ တရားဝင်လုပ်ကိုင်နေသော စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ရေးအသင်းသို့ ပဲ့ထောင်လှေဖြင့် တရားမဝင် စက်
သုံးဆီဂါလန် ရ,၅၀၀ သယ်ဆောင်လာပြီး ဒေးဒရဲဆိပ်ကမ်းသို့ ၀င်လာကြောင်း သတင်းပေးသဖြင့်

ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူးသို့ အရေးယူ ပေးပါရန် အကြောင်းကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုး
ပြပြီး ဖမ်းဆီးမပေးခဲ့ ပေ။ အချိန် နောက်ထပ်တစ်နာရီကျော်အကြာ ဧရာဝတီတိုင်းဒေသကြီးရဲတပ်
ဖွဲ့မှူး၏ ညွှန်ကြားချက်လာမှသာ ရဲတပ်ဖွဲ့ ၀င်နှစ်ဦးကို စေလွှတ်ပေးခဲ့ပြီး ယင်းသင်္ဘောတွင် ဒီဇယ်
မပါကြောင်း၊ ပင်လယ်ရေများသာ ၀မ်းအတွင်းထည့် လာကြောင်း ပြန်သတင်းပို့ခဲ့သည်။

ထိုဖြစ်စဉ်ကိုကြည့်ပါက တာဝန်ရှိသူများကိုယ်တိုင် မဖမ်းဆီးလိုသဖြင့် ယုတ္တိမရှိသော အကြောင်းပြ
ချက်ကို ပြသခဲ့ကြောင်း ထင်ရှားနေသည်။

အဆိုပါပဲ့ထောင်၏နောက်မှ လိုက်လာ သော ဒုံးကောင်သုံးစင်းမှာ သတင်းရပြီး ပင်လယ်ဝသို့ ပြန်
မောင်းထွက်ပြေးခဲ့ရာ တစ်စင်းမှာ တိုးမြစ်ဝတွင် သောင်တင်ကျန်ခဲ့ပြီး တပ်မတော်(ရေ)မှ ဒီဇင်ဘာ
၁၆ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။

ကျန်ဒုံးကောင်နှစ်စင်းမှာ ချောင်းကြို ချောင်းကြားတွင် ပုန်းအောင်းပြီးဆီများ ကို ပေပါဖြင့်ကဲ့ထုတ်
သွားခဲ့သည်။

အထက်ပါ ဖြစ်ပွားခဲ့သည်များကို ကြည့်ပါက သက်ဆိုင်ရာဥပဒေထိန်း ကျောင်းရမည့်သူအဆင့်ဆင့်
မှ အရေးယူမှု လုံးဝမရှိသဖြင့် တရားမဝင် စက်သုံးဆီတင်သွင်းသူများသည် မြို့များ၊ ဆိပ်ကမ်းများ
အထိဆိုက်ကပ်၍ တရားဝင်သဖွယ် ဆောင်ရွက်လာကြောင်း ဒီဇယ်ဆီတရားဝင်တင်သွင်းနေသူများ
က ဝေဖန်ပြောဆိုလာကြသည်။

အဆိုပါ တရားမဝင်တင်သွင်းနေသူ များသည် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်ငွေတစ်ခုတည်း
မှပင် တစ်ဂါလန်လျှင် ကျပ် ၄၅၀ ခန့် အကျိုး အမြတ်ရရှိနေပြီး တရားမဝင် ခုနစ်ကြိမ်ခန့် တင်သွင်း
လာပါက မူလအရင်းတစ်ခု ပြန်ရနေ၍ ၎င်းတရားမဝင်လုပ်ငန်းမှာ အချိန်တိုအတွင်း မတရားကြီးထွား
လာသည်။

စက်သုံးဆီတရားမဝင် တင်သွင်းနေမှုကြောင့် တစ်နှစ်လျှင် နိုင်ငံ တော်အတွက် အခွန်ငွေ ကျပ် ၅၀
မှ ၆၀ ဘီလျံအထိ နစ်နာလျက်ရှိသည်။

ပြည်သူ့လွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း ပြောကြားခဲ့
သည့် စက်သုံးဆီတင်သင်္ဘောများကို ရဲတပ်ဖွဲ့မှ စစ် ဆေးခွင့်မရှိဟူသော ၂၀၀၉ ခုနှစ် ပြည်ထဲရေး
၀န်ကြီးဌာန၏အမိန့်ကို ယခုအခါ ဖျက်သိမ်းပြီးဖြစ်သော်လည်း သက်ဆိုင်ရာဒေသရှိ ရဲတပ်ဖွဲ့တာဝန်
ရှိသူများက အမိန့်ရှိသေးသယောင်ဖြင့် ပုံမှားရိုက် မသမာမှုများပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်း ချရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့က စည်း
နဲ့ကမ်းနဲ့ဖြစ် အောင် သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ဥပဒေ ထိန်းကျောင်းရေးတာဝန်ရှိသူတွေကို အချိန်မီ
သတင်းပေးတာတောင် သူတို့ အလုပ်ကို ၀င်ရှုပ်တယ်ဆိုတဲ့အပြုအမူ တွေ တွေ့ရတယ်။ သူခိုးက
လူပြန်ဟစ်ဆိုသလို စက်သုံးဆီ တရားမဝင်တင်သွင်း နေတဲ့သူတွေက ကျွန်တော်တို့ကို ကြက်သား
နဲ့ ချဉ်ပေါင်ရွက် လဲပစ်မယ် ဆိုပြီး ပြန်ခြိမ်းခြောက်လာတွေရှိတယ်။ အဓိကကတော့ သက်ဆိုင်ရာ
တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။

"ဒီဧရာဝတီတိုင်းဒေသကြီးအတွင်းက တရားမဝင် စက်သုံးဆီသယ်ဆောင် နေမှုနဲ့ ပတ်သက်တဲ့
သတင်းတွေဟာ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ပလူပျံ အောင် ပါနေပေမယ့် ဘယ်အဖွဲ့အစည်း
ကမှ အရေးယူဆောင်ရွက်တာ မတွေ့ရ သေးဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက မကိုင်
တွယ် မဖြေရှင်းပေးရင် ပြည်ထောင်စုအဆင့်အစိုးရက ပါ၀င် အရေးယူဆောင်ရွက်ချိန်တန်နေပါပြီ"
ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး