သက်တော် ၉၅ နှစ်၊ ၀ါတော် ရ၅ ၀ါရှိ ဘဒ္ဒန္တအာဒိစ္စဝံသအမည်ရှိ ဆရာတော်ကြီးတစ်ပါး ပျံလွန်
တော်မူသည်မှာ ရက်ပေါင်း ၅၀ ခန့်ရှိသော်လည်း ခန္ဓာကိုယ် ပုပ်ပွခြင်းမရှိဘဲ ကျောက်သားကဲ့သို့
ပြောင်းလဲမှုဖြစ်စဉ် တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ကြိမ်တောမြိုင် ကျေးရွာရှိ သိမ်ကျောင်း၌
ဖြစ်ပေါ်နေရာ ဖူးမြော်သူများ စည်ကားလျက်ရှိသည်။
"ပျံလွန်တော်မူပြီး ၁၃ ရက်မြောက်နေ့ မှာ ၀ဲဘက်မျက်လုံးတော်ကစပြီး မှိုပွင့်လိုဖြူဖြူတွေ စဖြစ်လာ
တယ်။ နောက်ညာဘက်မျက်လုံးမှာ ဖြစ်တယ်။ အဲဒီက နေ နှာခေါင်း၊ နားရွက်တွေ ဖြစ်တယ်။
ဦးခေါင်းတော်ကတော့ အစမှာ အပြောက်အပြောက်ဖွေးဖွေးလေးတွေဖြစ်လာပြီးမှ ဖွေးသွားတာ။
အဲဒီကနေ တစ်ကိုယ်လုံး ဖြစ်သွားတာပါ" ဟု ဆရာတော်ကြီး ပျံလွန်တော်မူပြီး အနီးကပ်ရှိနေခဲ့သူ
အေဝမ်းလူမှုရေးအသင်း၏ နာယက ဦးဝင်းအောင်က ဒီဇင်ဘာလ ၁၈ ရက် က ပြောသည်။
ဒေသခံအချို့နှင့် လာရောက်ဖူးမြော် သူအချို့က ကျောက်ဖြစ်သွားသည်ဟု ထင်မြင်ယူဆသော်
လည်း အလောင်း တော်မှာ ခြောက်ပြီးမာသွားခြင်းဖြစ်မည်ဟု ၎င်းက ပြောသည်။
"ပုပ်လည်း မသွားဘူး။ အန့ံလည်း မထွက်ဘူး" ဟု ၎င်းက ပြောသည်။
"စဖြစ်တုန်းက အဖြူပဲ၊ နောက်မှ အခုလို အညိုဘက်နည်းနည်း သမ်းသွားပါ တယ်" ဟု ၎င်းက
ပြောသည်။
တောင်ငူမြို့၊ ကေတုအထူးကုဆေးခန်း တွင် အောက်တိုဘာလ ၃၁ ရက်နေ့က ပျံလွန်တော်မူစဉ်က
ခန္ဓာကိုယ်သည် ပျော့ပျောင်းနေသော်လည်း အေးစက်တောင့်တင်းမှုများ မရှိဘဲ ပျံလွန်တော်မူ ပြီးမှ
ယခုကဲ့သို့ဖြစ်လာခြင်းကို အံ့ဩမိသည်ဟု ဆေးခန်းငါးရက်တက်စဉ်က အနီးကပ်ပြုစုခဲ့သူ
ဆရာတော်ကြီး၏ တူဖြစ်သူ ဦးမြင့်ရွှေက ပြောသည်။
ထိုကဲ့သို့ ဖြစ်ပွားခြင်းကို သတိထားမိလာသည့်အတွက် သိမ်ကျောင်းမှ ဂေါပကများနှင့် ဒေသခံများ
က မီးသဂြုႋဟ်ခြင်း မပြုလုပ်လိုသဖြင့် မြို့နယ် သံဃာ့နာယကထံ ခွင့်ပြုချက်ရယူကာ မှန်ခေါင်း
အတွင်းသို့ ထည့်သွင်းပြီး ဆက်လက်ထားရှိ အပူဇော်ခံထားခြင်း ဟု ဦးဝင်းအောင်က ပြောသည်။
ဆရာတော်ကြီး၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ရန် ဆန္ဒရှိသူအနည်းငယ်ရှိသဖြင့် ဒေသခံများက
အများဆန္ဒရယူကာ မှန်ခေါင်းသွင်း၍ ဆက်လက်ပူဇော် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း
ဦးဝင်းအောင်က ပြောသည်။
"ဆရာတော်ကြီးက မနက် ၁ နာရီ ကနေ ၄ နာရီလောက်အထိ တရားထိုင် လေ့ရှိတယ်။ ထိုင်ပြီး
တာနဲ့ ပဋ္ဌာန်း ဒေသနာ ရွတ်ဖတ်လေ့ရှိပါတယ်" ဟု သက်တော် ၈၄ နှစ်၊ ၀ါတော် ၁၈ ၀ါရ
ဆရာတော် ဦးဝဏ္ဏဝံသက မိန့်တော်မူသည်။
ဆရာတော်ကြီး၏ဖြစ်စဉ်သတင်းကို ကြားသိရသည့်အတွက် နီးစပ်ရာမြို့ နယ်များ၊ ကျေးရွားများ
သာမက ရပ်ဝေးမှ ထောင်နှင့်ချီသည့် ဖူးမြော်သူများပါလာရောက်သည့်အတွက် တစ်ရက်လျှင်
ဆန်ခုနစ်တင်းမှ ၁၀ တင်းအထိ ချက်ပြုတ်ကျွေးမွေးလှူဒါန်းနေသည်ဟု ဦးဝင်းအောင်က ပြောသည်။
"ဆရာတော်ကြီးက သက်သတ်လွတ်ဘုဉ်းပေးတော့ လာပြီးဖူးမြော်တဲ့သူတွေကိုလည်း သူတို့
လှူဒါန်းတဲ့ ငွေနဲ့ပဲ သက်သတ်လွတ် ချက်ပြုတ်ကျွေးမွေးပါတယ်" ဟု ၎င်းက ပြောသည်။
"သတင်းကြားလို့ လာဖူးတာပါ။ ကြည်ညိုမိပါတယ်။ တန်ခိုးကြီးတယ်လို့ မြင်ပါတယ်"ဟု တောင်ငူ
ခရိုင်၊ အုတ်တွင်းမြို့နယ်မှ လာရောက်ဖူးမြော်သူ အသက် ၄၃ နှစ်အရွယ်ရှိ မမိုးမိုးစန်းက ပြောသည်။
ဆရာတော်ကြီးသည် တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ကြိမ်တောမြိုင်ရွာ၌ ခမည်းတော်
ဦးခိုင်လေးနှင့် မယ်တော် ဒေါ်ထွေးညိုတို့မှ မွေးဖွားသည့် မွေးချင်း ခုနစ်ယောက်အနက် တတိယ
မြောက် ဖြစ်ပြီး ခုနစ်နှစ်သားအရွယ်မှပင် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့သည်။
အသက် ၂၀ အရွယ်တွင် ရဟန်းအဖြစ် ရောက်ရှိပြီး ရန်ကုန်မြို့တွင် ပရိယတ္တိ၊ ပရိပတ္တိနှင့် ပရိဝေဒ
များကို လေ့လာသင်ယူခဲ့သည်။
















